Chapter 13 : ကုသမှုကို လက်လျော့ခြင်း
သူတို့သုံးဦး လူနာခန်းသို့ အလောတကြီးပြေးသွားကြရာ ချောင်ဝေ့မင်သည် ဆရာဝန်တစ်ယောက်နှင့် အချေအတင်ပြောနေသည်အား တွေ့လိုက်ရသည်။
“ဒေါက်တာဝမ် အစတုန်းကတော့ ခင်ဗျားက သူ ပိုကောင်းလာမှာလို့ပြောခဲ့တယ်။ ဒါကြောင့် ကျုပ်တို့က ငွေအများကြီးအကုန်ကျခံခဲ့တာ။ ဒါပေမယ့် အခုကျတော့ ကျုပ်ဇနီးက သေတော့မယ်လေ၊ ခင်ဗျားတို့ဆေးရုံအနေနဲ့ ကျုပ်ကို ရှင်းပြချက် မပေးသင့်ဘူးလား။”
“ချောင်လူကြီးမင်း ကျွန်တော်က ပြန်ကောင်းလာဖို့ အခွင့်အရေးရှိနိုင်တယ်လို့ပဲ ပြောခဲ့တာပါ။ ကျွန်တော်လည်း သူ့ရဲ့အခြေအနေက ဒီလောက်မြန်မြန်ဆန်ဆန် ဆိုးသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူးလေ။ လူတိုင်းက ခန္ဓာကိုယ်ချင်းမှ မတူတာ။”
ဆရာဝန်က ရှင်းပြ၏။
“ကျုပ် ဂရုမစိုက်ဘူး။ အခုထိ ကျုပ်တို့အိမ်မှာ ခင်ဗျားရဲ့ဆေးတွေ (T/N- အနောက်တိုင်းဆေးတွေပါ၊ ဆေးပြားတွေလို့လည်း ခေါ်ကြတယ်) ရှိသေးတယ်၊ ဒါပေမယ့် သူ အခု ဒါတွေကို မသောက်နိုင်တော့ဘူး။ မင်းတို့ အဲဒီဆေးတွေကို ပြန်ယူရမယ်။”
ဆေးရုံဘက်က လျော်ကြေးမပေးမှန်း ချောင်ဝေ့မင် သိပြီးသားပင်။ သူလိုချင်သည်မှာ ထိုဆေးများကို ဆေးရုံဘက်မှ ပြန်ဝယ်ရန်သာ ဖြစ်သည်။
ထိုဆေးပြားများသည် ဒေါ်လာတစ်ထောင်ကျော် အသာလေး တန်ပြီး အိမ်တွင် အများကြီးရှိသည်။ ချောင်ဝေ့မင်က ၎င်းတို့ကို ဆေးရုံသို့ ပြန်ရောင်းပြီး ပိုက်ဆံရနိုင်သမျှယူရန် ကြံစည်နေခြင်းဖြစ်၏။
“ဒါဆိုလည်း…အိုခေ ကောင်းပြီလေ၊ မသုံးရသေးတာတွေကို ပြန်ယူလာခဲ့ပါ။ ကျွန်တော် ကြည့်လုပ်ပေးပါ့မယ်။”
ဒေါက်တာဝမ်က ပြောလိုက်သည်။
သမားတော်ကန်သည် ထိုနေရာသို့ လျှောက်သွားရင်း အပြန်အလှန်ပြောနေကြသည်များအား ကြားလိုက်ရာ ခေါင်းယမ်းလိုက်မိ၏။
“ဒီက ချောင်လူကြီးမင်း ဟုတ်ပါတယ်နော်။ ခင်ဗျားရဲ့သမီးက ကျုပ်ကို သူ့ရဲ့ဆေးညွှန်း လာပြတယ်။ အဲဒါက အလုပ်ဖြစ်မှာ သေချာတယ်။ ခင်ဗျား ဒီဟာကို ဘာလို့ အခုချက်ချင်း သွားမယူသေးတာလဲ။”
သူက ကြားမှ ဖြတ်ပြောလိုက်သည်။
(T/N- အရှေ့တိုင်းဆေးဆိုတာ အနောက်တိုင်းဆေးလို ဆေးပြားတွေ မဟုတ်ဘူး၊ ဆေးပင်တွေနဲ့ သဘာဝပစ္စည်းတွေပါ။ ဆေးညွှန်းထဲမှာ ပြောထားတဲ့ ပါဝင်ပစ္စည်း ဆေးအမယ်တွေကို ကိုယ့်အိမ်ကို ယူသွားပြီး ကျိုချက်ရမှာပါ။)
“ခင်ဗျား ဘာကိုဆိုလိုတာလဲ။”
ချောင်ဝေ့မင် နားမလည်နိုင်တော့ပေ။
ကျင်းယွင်ကျောင်းက အိမ်မှာပဲ တစ်နေကုန် တစ်နေခန်း နေ နေတဲ့ ဘာမှမဟုတ်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲလေ၊ ငါတို့က သူ့ရဲ့ဆေးညွှန်းကို သုံးလို့ရတယ်ဟုတ်လား။ ဒါ ဘယ်လိုဟာသမျိုးလဲ။
“အဓိပ္ပာယ်က ရိုးရိုးလေးပါ။ လူနာကို ကယ်တင်နိုင်တယ်။ ခင်ဗျားတို့ ဒီဆေးညွှန်းအတိုင်း လိုက်နာပြီး လုပ်ကြည့်ရင် သူ အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်။”
သမားတော်ကန်က ဆက်ရှင်းပြ၏။
ချောင်ဝေ့မင်က မျက်မှောင်ကြုတ်ပြီး နားထောင်နေသည်။
ခဏမျှကြာသောအခါ သူက ပါးစပ်ဟပြီး ပြောလာ၏။
“ဒီဆေးညွှန်းက ကျင်းယွင်ကျောင်းရဲ့ဟာ မဟုတ်လား။”
“ဟုတ်ပါတယ်။”
သမားတော်ကန်က မငြင်းပေ။
“ဒါဆို ကျုပ် ဒါကို သုံးခွင့်မပြုနိုင်ဘူး။”
ချောင်ဝေ့မင်က အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျားတို့ဆရာဝန်တွေက ကျုပ်ဇနီးကို မကယ်နိုင်တော့ဘူးလို့ ပြောခဲ့တယ် ။ ကျုပ်တို့က သူထွက်သွားဖို့အတွက် ပြင်ဆင်ပြီးခါကျပြန်တော့လည်း ခင်ဗျားတို့က ဒီစောက်ရေးမပါတဲ့ ဆေးညွှန်းတွေနဲ့ ကုဖို့ ဆုံးဖြတ်ကြပြန်တယ်။ ပြီးတော့ အဲဒါက ကျုပ်သမီးရဲ့ဆေးညွှန်း၊ ခင်ဗျားတို့ များသွားပြီလေ၊ ဒီလိုသာဆိုရင် အစကတည်းက ကျုပ်သမီးကို ကုခွင့်ပြုခဲ့သင့်တာ မဟုတ်ဘူးလား။ အဲဒီအပြင်ကို သူက ခုထိ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်သာသာပဲ။ တကယ်လို့ သူ့ဆေးညွှန်းက မှားသွားခဲ့ရင် ခင်ဗျားတို့ကောင်တွေ တာဝန်ယူမှာလား။”
“ဒီအချိန်မှတော့ လူနာရဲ့အခြေအနေက ပိုဆိုးမလာနိုင်တော့ပါဘူး၊ ဒါကြောင့် တစ်ခါလောက် ကြိုးစားခွင့်ပြုပါ။”
ချောင်ဝေ့မင် ဤမျှပြောရဆိုရ လက်ပေါက်ကပ်သည်အား သမားတော်ကန် မယုံကြည်နိုင်အောင် ဖြစ်နေ၏။
ပုံမှန်အားဖြင့် လူနာများနှင့် သူတို့၏မိသားစုဝင်များက အသက်ကယ်ပေးဖို့ သူ့အား တောင်းဆိုကြသည်သာဖြစ်သည်။ လူနာတစ်ယောက်ကို ကယ်ခွင့်ပေးရန် သူကိုယ်တိုင် တောင်းဆိုနေရသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။
ချောင်ဝေ့မင်က ဆက်ပြောသည်။
“ကြိုးစားမယ်ဟုတ်လား၊ ဘာအတွက်လဲ။ ကျုပ်ရဲ့ဇနီးက လုံလုံလောက်လောက် ခံစားခဲ့ရပြီးပြီ၊ အခု နောက်ဆုံး သူ လွတ်မြောက်ခွင့်ရတော့မှာလေ။ ခင်ဗျားတို့က သူ့ကို အေးအေးချမ်းချမ်း မသေစေချင်ကြဘူးလား။ အဲဒါထက်… ဒေါက်တာဝမ်၊ ခင်ဗျားက ကျုပ်ဇနီးရဲ့ တာဝန်ခံဆရာဝန်ပါ။ ဒီအဘိုးကြီးက ဘယ်ကနေ ထွက်လာတာလဲ။”
ဒေါက်တာဝမ်သည် လူငယ်ဆရာဝန်တစ်ဦးဖြစ်၏။ သူသည် နိုင်ငံခြားမှ ပညာတော်သင်ပြန်လာပြီး သူ၏အနာဂတ်သည် အခွင့်အလမ်းကောင်းများနှင့် ပြည့်နေသည်။ သူက မကျေမနပ်ဖြစ်သွား၏။
သူသည် လူနာ၏အခြေအနေမှာ မျှော်လင့်ချက်မရှိတော့ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ အဓိပ္ပာယ်မှာ တခြားသူတစ်ယောက်ကသာ လူနာကို ကယ်တင်လိုက်နိုင်လျှင် သူလည်း နာမည်ပျက်ပေလိမ့်မည်။
“သမားတော်ကန်၊ ကျွန်တော် ခင်ဗျားရဲ့အသက်အရွယ်နဲ့ဂုဏ်ပုဒ်ကို လေးစားပါတယ်ဗျာ။ ဒါပေမယ့်... ခင်ဗျားဟာက နည်းနည်း အဓိပ္ပာယ်မရှိဖြစ်နေတယ်မဟုတ်ဘူးလား။ လူနာရဲ့မိသားစုက ဆက်မကုတော့ဘူးလို့ ပြောထားပြီးသားပါ။ ဒါကို ခင်ဗျားက ဒီအတိုင်း ဆက်ပြီး ခေါင်းမာနေရင် ကောင်းမှာ မဟုတ်ဘူးလေ။”
ဒေါက်တာဝမ်က ပြုံး၍ ဆိုလိုက်၏။
သမားတော်ကန်၏ရင်ထဲတွင် ဒေါသများပြည့်နှက်နေသည်။ သူသည် ဤမျှ ကျိုးကြောင်းဆီလျော်မှုမရှိသော မိသားစုဝင်တစ်ယောက်ကို ယခင်က တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
သူ ကန်စုန့်ပိုင်သည် ဆေးရုံ၏ နာမည်ကြီး သမားတော်များထဲမှ တစ်ဦးဖြစ်၏။။ သူက ဆေးညွှန်းကို အတည်ပြုထားပေးပြီးသော်လည်း ဖိနပ်စုတ်တစ်ရံကဲ့သို့ ဘေးဖယ်ခံလိုက်ရသည်။
ထို့အပြင် ဤအသက်အရွယ်ထိနေထိုင်လာသော အတွေ့အကြုံအရ သူ ကောင်းကောင်း လူကဲခတ်တတ်သည်။
ချောင်ဝေ့မင်သည် ဆေးညွှန်းကို မယုံကြည်သောကြောင့် သူ့ကို ငြင်းပယ်ခဲ့သည်လား။ မဟုတ်ပေ...သူက သူ၏ဇနီးဖြစ်သူအား ကယ်ချင်စိတ်မရှိ၍ ဆိုသည်မှာ အသိသာပင်။
ကန်စုန့်ပိုင်သည် စစ်မှန်သော ဆေးပညာသမားတော်တစ်ဦး ဖြစ်သော်လည်း အကယ်၍ တစ်ဖက်လူမှသာ ငြင်းဆန်နေပါက သူ လုပ်နိုင်သည်မှာ များများစားစားမရှိပေ။
သူ သက်ပြင်းချလိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်တော့၏။ ထို့နောက် သူက ကျင်းယွင်ကျောင်းကို ကြည့်လိုက်ပြီး ပြောလာသည်။
“ကောင်မလေး၊ မင်းရဲ့အဖေကမှ ဆန္ဒမရှိမှတော့ ငါလည်း အများကြီး မတတ်နိုင်တော့ဘူး။ မင်းလည်း စိတ်လျှော့လိုက်ပါတော့။”
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်၏။
“ကျွန်မ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် သမားတော်ကန်။”
သူမက ကြင်ကြင်နာနာနှင့် မျက်နှာသာပေးခဲ့သော်လည်း ချောင်မိသားစုက လက်ခံရန် ဆန္ဒမရှိမှတော့ နောက်ဆိုလျှင် ဒါ သူမ၏အလုပ် မဟုတ်တော့ပေ။ ယခုအချိန်မှစ၍ သူမသည် ချောင်မိသားစုပေါ်၌ ကျေးဇူးကြွေးတင်မနေတော့ပေ။ သူမအား ပြန်လည်ပေးဆပ်ရမည့် အချိန်ရောက်လာပြီဖြစ်သည်။