Chapter 14
Viewers 14k

Chapter 14 : ယုတ်မာသော သွေးထိုးမှု 


ချောင်ဝေ့မင်၏ ဆုံးဖြတ်ချက်သည် သမားတော်ကန်ကိုသာမက ဆရာမကျင်ကိုပါ ဒေါသထွက်စေခဲ့သည်။ 


ဆရာမကျင်သည် ငယ်ရွယ်ပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်သည်။ သူမသည် ကျင်းယွင်ကျောင်းအား သနားမိသော်လည်း တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်း၏အနာဂတ်အတွက် စိတ်ပူမိပြန်၏။ 


သူမ၏မိခင်အရင်းမရှိတော့သည့်နောက် ဤကလေးအား အိမ်၌ မည်ကဲ့သို့ ပြုမူဆက်ဆံနေကြမည်နည်း။ ကျင်းယွင်ကျောင်းတွင်် မောင်နှမများရှိသော်လည်း ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးတို့သည် ဘေးထွက်၍ ကြည့်နေကြသည်သာဖြစ်၏။ သူတို့သည် ကျင်းယွင်ကျောင်းနှင့် လုံးဝရင်းနှီးပုံမပေါ်ပေ။ 


ဆရာမကျင်သည် အခြေအနေကိုသိသော်လည်း ဘာမှမလုပ်ပေးနိုင်ပေ။ သူမ ကျောင်းသို့ ပြန်မသွားခင် ကျင်းယွင်ကျောင်းအား အနည်းငယ် နှစ်သိမ့်ပေးရုံသာတတ်နိုင်သည်။ 


ယဲ့ချင်သည် မကြာမီ နောက်ဆုံးထွက်သက်သို့ ရောက်တော့မည်ဖြစ်ရာ သူမကို ဆေးရုံတွင် တစ်ည ဆက်ထားခဲ့ကြ၏။ ချောင်ဝေ့မင်သည် မဟာပုရိသဝါဒကို သက်ဝင်ယုံကြည်သူဖြစ်ပြီး လူများအား ပြုစုစောင့်ရှောက်ရခြင်းကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော်လည်း ကျင်းယွင်ကျောင်းက ယဲ့ချင်အား တိတ်တဆိတ် ဆေးတိုက်မည်ကို စိုးရိမ်သဖြင့် သူသည် ဆေးရုံတွင်သာ စောင့်နေခဲ့သည်။ 


ချောင်ဟုန်ယဲ့သည်လည်း သူမ၏ ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သည်ဖြစ်ရာ ဆေးရုံတွင်သာ စောင့်ပေးနေခဲ့၏။ တစ်ဖက်တွင်တော့ ချောင်ကျစ်ကျိုးသည် အလိုလိုက်ခံရခြင်းနှင့် အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ညဆယ့်တစ်နာရီထိုးသောအခါ လက်လျှော့လိုက်ပြီး အခြားသူများက သူ့အား မည်သို့တွေးကြမည်ဆိုသည်ကိုလည်း ဂရုမစိုက်ဘဲ အိမ်ပြန်သွားတော့၏။ 


နောက်တစ်နေ့ နေ့လယ်ပိုင်းတွင်တော့ သေခြင်းတရား၏ အငွေ့အသက်များက အခန်းထဲ၌ ပျံ့နှံ့သွားတော့သည်။ 


ယဲ့ချင်၏ အသက်မဲ့နေသောမျက်နှာသည် ပိတ်ဖြူစ၏အောက်တွင် ရှိနေ၏။ 


ကျင်းယွင်ကျောင်း သက်ပြင်းရှိုက်လိုက်သည်။ ဤကဲ့သို့ အားမကိုးရသော ယောက်ျားကို ရှာခဲ့ခြင်းအတွက် ယဲ့ချင်ကိုသာ အပြစ်တင်ရုံပင်။ 


ယဲ့ချင်၏ဈာပနသည် ရိုးရိုးရှင်းရှင်းပင်ဖြစ်၏။ ဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများက ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်းကိုပြရန် လာရောက်ကြသည်။ ချောင်မိသားစုသည် ဧည့်သည်များကို နှုတ်ဆက်ရန် ကြိုးစားရင်း အလုပ်များနေကြ၏။ ရက်အနည်းငယ်ကြာပြီးနောက်တွင်တော့ လူတိုင်းသည် ခြေကုန်လက်ပန်းကျကုန်ကြသည်။ 


ဈာပနပွဲပြီးဆုံးသွား၍ နောက်ဆုံးတွင်တော့ သူတို့လည်း အနားရသွားကြပြီဖြစ်၏။ 


အိမ်ထဲတွင် ချောင်ဝေ့မင်သည် စိတ်အေးလက်အေး ဘီယာသောက်နေသည်။ သူ ဝမ်းနည်းချင်ယောင်ဆောင်ရန် မလိုတော့ပေ။ ချောင်ဟုန်ယဲ့နှင့်ချောင်ကျစ်ကျိုးတို့သည် ထမင်းစားခန်းထဲရှိ စားပွဲတွင် ထိုင်နေကြ၏။ သူတို့သည် အတန်ငယ် ဝမ်းနည်းသလို ခံစားနေရသော်လည်း သူတို့လည်း ယဲ့ချင်၏ ရောဂါကြောင့် စိတ်ပင်ပန်းနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း အေးအေးဆေးဆေးပင်။ 


“ဖေဖေ၊ မနက်ဖြန်ကျ သမီးနဲ့ ချောင်ကျစ်ကျိုးနဲ့ ကျောင်းသွားရတော့မလား။ သမီးတို့ အတန်းတွေနောက်ကျနေပြီ။ ထပ်ပြီး နောက်ကျနေရင် စာတွေ အမှီလိုက်နိုင်မှာ မဟုတ်တော့ဘူး။” 


ချောင်ဟုန်ယဲ့က သူမ၏ထင်မြင်ချက်ကို ပြောလာသည်။ 


ချောင်ဝေ့မင်၏မျက်နှာက အရက်အရှိန်ကြောင့် နီရဲနေ၏။ သူ၏ခေါင်းက ရီဝေဝေနှင့် ပေါ့ပါးနေသည်။ 


“အိုခေ ဟုတ်ပြီလေ။ နင်တို့သုံးယောက်လုံး သွားလို့ရပြီ။ 


“ဖေဖေ…မေမေလည်း မရှိတော့ဘူး။ ဒီမှာ အိမ်မှုကိစ္စတွေလုပ်မယ့်သူ မရှိတော့ဘူး၊ ပြီးတော့ မေမေ နေမကောင်းတုန်းကလည်း မေမေက ပိုက်ဆံတွေအများကြီးသုံးသွားတာ။ သမီးတို့အားလုံးကို တစ်ပြိုင်တည်း ကျောင်းထားပေးပြီး ကျွေးမွေးပြုစုပျိုးထောင်ရတာ ဖေဖေ့အတွက် အရမ်းခက်ခဲမှာပဲ... အားလုံးက သမီးရဲ့အမှားတွေပါပဲ။ သမီးက အရမ်းငယ်သေးတော့ ဖေဖေ့ဆီက ဒီဝန်ထုပ်ဝန်ပိုးကြီးကို မျှမယူနိုင်သေးဘူး။” 


ချောင်ဟုန်ယဲ့က တောင်းပန်စကားဆိုလာ၏။ 


ကျင်းယွင်ကျောင်း မျက်ခုံးပင့်၍ ပြုံးလိုက်မိသည်။ သူမ မှတ်မိတာသာ မှန်ပါက ချောင်ဟုန်ယဲ့သည် သူမအောက် တစ်နှစ်သာ ငယ်၏။ 


ချောင်ဟုန်ယဲ့ ဘာကိုဆိုလိုချင်နေမှန်း သူမ အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း။ အကြီးဆုံးသမီးက ကျောင်းထွက်၍ သူတို့အား ပြုစုလုပ်ကိုင်ပေးစေချင်နေသည်ပင်။ 


ယဲ့ချင်အသက်ရှင်နေစဥ်ကလည်း ယဲ့ချင်သည် ကျင်းယွင်ကျောင်းအား ကျောင်းထွက်စေချင်ခဲ့၏။ သို့သော် ကျင်းယွင်ကျောင်းအတွက် ကျောင်းစရိတ်လုံးဝမကုန်သောကြောင့် သူမသည် ထိုအကြံကို လက်လျှော့ခဲ့သည်။ အခြားအကြောင်းရင်းတစ်ခုမှာ သူမသည် တခြားသူများ၏ အတင်းစကား ဆိုခြင်းကို မခံချင်ပေ။ 


ကျင်းယွင်ကျောင်းသည် အမှတ်ကောင်းသောကြောင့် နာမည်ကြီး၏။ အကယ်၍ သူမသာ ကျောင်းထွက်ရမည်ဆိုလျှင် ယဲ့ချင်က သူမအား ကျောင်းတက်ခွင့်မပေးဘဲ သားသမီးများကို မမျှမတဆက်ဆံသည်ဟု လူအများက ပြစ်တင်ဝေဖန်ကြမည်မှာ အသေအချာပင်။ လူများသည် အတင်းအဖျင်းပြောရသည်ကို နှစ်သက်၏၊ ယဲ့ချင်သည် သူတို့၏အကြောင်းအား တခြားသူများက ထောက်ပြပြောဆိုခြင်း မခံချင်သည်မှာ သဘာဝပင်။ 


“သမီးလိမ္မာလေး၊ နင်က သမီးလိမ္မာလေးပဲ။” 


လက်ရှိအချိန်တွင် ချောင်ဝေ့မင်သည် အမူးလွန်နေပြီး ချောင်ဟုန်ယဲ့ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို သဘောမပေါက်ပေ။ 


ချောင်ဟုန်ယဲ့သည် ကိစ္စများကို ပိုရှင်းသွားအောင် လုပ်ချင်ခဲ့သော်လည်း သူမအဖေ၏အခြေအနေကို မြင်သောအခါ နောက်နေ့တွင် ဤအကြောင်းအား မေ့သွားမည်ကို စိုးရိမ်၍ ခဏသည်းခံ အောင့်အီးထားရန်သာ ဆုံးဖြတ်လိုက်သည်။ 


နောက်တစ်နေ့တွင် သူမသည် ကျင်းယွင်ကျောင်း အိမ်မှ မနက်အစောကြီး ထွက်သွားသည်အား တွေ့လိုက်ရ၏။ 


ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်၏အခန်းထဲသို့ အမောတကော ပြေးဝင်မသွားမီ ထိုအကြောင်းကို စဥ်းစားနေခဲ့သည်။ 


အရက်နံ့များက တစ်ခန်းလုံး မွှန်ထူနေသဖြင့် သူမ မျက်မှောင်ပင် ကြုတ်သွားရ၏။ 


သူမသည် ချောင်ဝေ့မင်အား အိပ်ယာပေါ်တွင် အတွင်းခံဘောင်းဘီတစ်ထည်တည်းဖြင့် အိပ်နေသည်ကို တွေ့လိုက်ရသည်။ ပြတင်းပေါက်များကိုလည်း ပိတ်ထားပြီး တစ်ခန်းလုံး ရှုပ်ပွနေ၏။ ချောင်ဟုန်ယဲ့က အသန့်ကြိုက်သူဖြစ်ရာ ထိုမြင်ကွင်းကြောင့် သူမ ရွံရှာစက်ဆုပ်သွားလေသည်။ 


သို့သော် သူသည် သူမ၏ဖခင်အရင်းပင် ဖြစ်၏။ ချောင်ဟုန်ယဲ့ သက်ပြင်းချလိုက်ပြီး အော်လိုက်သည်။ 


“ဖေဖေ! ထပါဦး။”