Chapter 15 : ကောင်းတဲ့အရာတွေကိုကျ မသင်ယူဘူး
ချောင်ဝေ့မင်သည် ခေါင်းကိုက်နေသဖြင့် အနည်းငယ် စိတ်ဆတ်နေသည်။
“စောက်ခွေးမလေး၊ နင် ဘာလို့ မနက်အစောကြီး အော်ဟစ်နေတာလဲ။ နင် ဖြစ်ချင်တာကို မြန်မြန်ပြောစမ်း။ ငါ အိပ်နေတာကို လာမနှောက်ယှက်နဲ့။”
ချောင်ဟုန်ယဲ့သည် ခံနိုင်ရည်ဝနေပြီဖြစ်၏။ သူမတွင် ချောင်ဝေ့မင်အား ဆန့်ကျင်ရန် အစွမ်းအစလည်း မရှိသဖြင့် ပြန်ဖြေရုံသာ တတ်နိုင်သည်။
“ဖေဖေ၊ အစ်မနဲ့ သမီးက ရက်တော်တော်များများ ခွင့်ယူထားတာ။ သမီးတို့ ဒီနေ့ အတန်းတက်စရာတောင် မလိုဘူး။ ညကျမှ ကျောင်းကို အတက်ပြရုံပဲ။ ဒါပေမယ့် အစ်မက အစောကြီး ထွက်သွားတယ်။ သူ ဟိုလမ်းသရဲတွေကို သွားရှာတာလို့ ဖေဖေ ထင်လား။”
ချောင်ဟုန်ယဲ့သည် တစ်ချိန်လုံး အိမ်တွင်သာ ရှိနေသောကြောင့် မနေ့က ထိုလမ်းသရဲများ အဖမ်းခံလိုက်ရကြောင်း မသိခဲ့ပေ။
ကျင်းယွင်ကျောင်းသည် မကြာသေးခင်ကမှ သူမ၏မိခင်ကို ဆုံးရှုံးခဲ့ရပြီး ကျောင်းသူအရွယ်သာရှိသေးသူတစ်ဦးလည်းဖြစ်၏၊ ထိုကြောင့် ကျောင်းက သူမ၏စိတ်အခြေအနေကို ထည့်သွင်းစဉ်းစား၍ သူမအား အသိမပေးသေးဘဲထားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမ ကျောင်းပြန်တက်လျှင်တော့ ဆရာမများက သူမအား ထိုလမ်းသရဲများကို အတည်ပြုပေးရန်အတွက် ရဲစခန်းသို့ ခေါ်သွားလိမ့်မည်မှာ အသေအချာပင်။
ချောင်ဝေ့မင်၏မျက်လုံးများ ပွင့်လာသည်။
“နင့်အစ်မ ထွက်သွားပြီ ဟုတ်လား။”
ချောင်ဟုန်ယဲ့က ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်သည်။
“အခုမှ ခုနစ်နာရီပဲ ရှိသေးတာ။ တကယ်လို့ သူ ဘတ်စ်ကားစီးသွားရင် ကိုးနာရီလောက် ခရိုင်မြို့ကို ရောက်မှာ။ ဖေဖေ၊ မမက အဲဒီလမ်းသရဲတွေထဲက တစ်ယောက်နဲ့များ ကြိုက်နေတယ်လို့ ထင်လား။ မဟုတ်ရင် သူ ဘာလို့ ဒီလောက် အလောတကြီးထွက်သွားတာလဲ။ အိုး...ပြီးတော့ မနက်စာ၊ သူ မနက်စာတောင် မလုပ်ပေးခဲ့ဘူး။”
ဤနှစ်များအတွင်း ကျင်းယွင်ကျောင်းသည် အချက်အပြုတ်နှင့်အိမ်မှုကိစ္စများအားလုံး လုပ်ပေးခဲ့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ ထူးဆန်းနေခဲ့သည်။
ကျင်းယွင်ကျောင်းသည် ယဲ့ချင်၏စျာပနသို့ အဆက်မပြတ်ရောက်ရှိလာသည့် ဧည့်သည်များကြောင့် မီးဖိုခန်းထဲတွင်သာ အလုပ်ရှုပ်နေခဲ့ပြီး သူမ၏အချက်အပြုတ်စွမ်းရည်မှာလည်း မကြာခဏ ချီးကျူးခံရသည်။ သို့ရာတွင် သူမသည် သူမလုပ်ရမည့် အိမ်မှုကိစ္စဝေယျာဝစ္စများကို တစ်ခုမှ မလုပ်ခဲ့ပေ။ တစ်မိသားစုလုံး အလုပ်ရှုပ်နေကြသဖြင့် ချောင်ဟုန်ယဲ့နှင့်ချောင်ဝေ့မင်ကလည်း စိတ်ထဲ သိပ်မထားခဲ့ကြချေ။
ယနေ့တွင်တော့ ပိုဆိုး၏။ ကျင်းယွင်ကျောင်းသည် မနက်ငါးနာရီလောက်ထ၍ မီးဖိုးခန်းထဲသို့ ချက်ပြုတ်ရန် ဝင်သွားခဲ့သည်။ ချောင်ဟုန်ယဲ့က သူမ မနက်အိပ်ယာထလျှင် ပူပူနွေးနွေး မနက်စာစားရတော့မည်ဟုသာ တွေးထားခဲ့ပြီး အိုးထဲတွင် ဆန်ပြုတ်တစ်စက်တောင် မကျန်ဘဲ ဟောင်းလောင်းဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကျင်းယွင်ကျောင်းသည် သူမတစ်ယောက်တည်းအတွက်သာ မနက်စာ ပြင်ဆင် စားသောက်သွားခြင်းဖြစ်၏။
ထိုမျှသာမကဘဲ သူမက ကျင်းယွင်ကျောင်းအား လျှော်ဖွပ်ရန်အတွက် ပေးခဲ့သည့် အဝတ်ညစ်များသည်လည်း တံခါးဝတွင်သာ ရှိနေဆဲဖြစ်၏။ ကျင်းယွင်ကျောင်းသည် သူမ၏အဝတ်များကို လျှော်မပေးခဲ့ပေ။
ကျင်းယွင်ကျောင်းနှင့်ပတ်သက်၍ စိတ်အနှောက်အယှက်ဖြစ်ခဲသော ချောင်ကျစ်ကျိုးသည်ပင် သည်းမခံနိုင်တော့ဘဲ သူမအကြောင်းကို ထုတ်ပြောလာခဲ့သည်။
ချောင်ဝေ့မင်သည် သူတို့ပြောနေကြသည်များအား ကြားသောအခါ သူ၏ခေါင်းက တဖြည်းဖြည်း ကြည်လင်လာ၏။
သူ၏မျက်နှာက မည်းမှောင်သွားပြီး ခဏအကြာတွင် ပြောလိုက်သည်။
“ဟုန်ယဲ့၊ မနက်စာသွားလုပ်တော့။ သူ ပြန်လာရင် ငါ သူ့ဖင်ကိုရိုက်ပြီး ဆုံးမလိုက်မယ်။ သူက ငယ်ငယ်လေးရှိသေးတာကို လမ်းသရဲတွေနဲ့ ဇာတ်လမ်းတွေ စနေရဲတယ်ပေါ့။ သူက ဘာလို့ ကောင်းတဲ့အရာတွေကိုကျ မသင်ယူရတာလဲ။”
ချောင်ဟုန်ယဲ့က သူမကိုယ်တိုင် မနက်စာလုပ်ရမည်ဟု ကြားသောအခါ မပျော်မရွှင်ဖြစ်သွားသော်လည်း သူမသည် ခဏကြာအောင် အလေးအနက်စဥ်းစားနေပြီးနောက် ပြောလာ၏။
“ဖေဖေ၊ ကျောင်းက လူတွေအကုန်လုံးက အစ်မက အဲဒီလမ်းသရဲတွေဆီ ပါသွားပြီလို့ပဲ ပြောနေကြတာ...သူ အဲလိုအဆင့်အတန်းနိမ့်ကျသွားတာကို မြင်ရတာ သမီး ဝမ်းနည်းတယ်။ သမီးတို့ ဘယ်လို...ဘယ်လိုလုပ်ကြမလဲ၊ သူ့ကို အိမ်မှာပဲနေပြီး အချိန်ခဏလောက် ပြန်စဉ်းစားဆင်ခြင်ခိုင်းကြမလား။ သူ့ကို ဒီလမ်းသရဲတွေနဲ့ လုံးဝအဆက်အသွယ် ဖြတ်ပစ်ရအောင်လေ။”
ကျင်းယွင်ကျောင်းကို အိမ်ထဲတွင်သာ ပိတ်လှောင်ထားချင်လွန်းသဖြင့် ချောင်ဟုန်ယဲ့၏နှလုံးသားက ခုန်ပေါက်နေသည်။ ကျင်းယွင်ကျောင်းသာ မရှိလျှင် ချောင်ဟုန်ယဲ့ဆိုသော သူမသည် ကျောင်းတွင် ပြိုင်ဘက်မရှိ အဆင့်တစ်ဖြစ်လာလိမ့်မည်။ အဲဒီနောက်တွင်တော့ သူမအား ထိုအဆင့်အတန်းနိမ့်သော သူတောင်းစားမအောက် နိမ့်သည်ဟု မည်သူကမှ ဝေဖန်တော့မည် မဟုတ်ပေ။
ချောင်ဝေ့မင်သည် သူ၏သမီးကို ကြည့်လိုက်သည်။ သူ ဘာတွေးနေကြောင်း သူတို့ မပြောတတ်ပေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် သူက ခေါင်းညိတ်လိုက်ပြီး ပြောလာ၏။
“နင်ပေးတဲ့အကြံက သိပ်မဆိုးဘူး။ ငါ သူ့ကို နှစ်တွေအကြာကြီး ကျွေးမွေးလာခဲ့တာ။ သူ့ကို ကျောင်းထားရတဲ့ အကြောင်းအရင်းကလည်း တခြားယောက်ျားတွေကို မြူဆွယ်ဖို့ မဟုတ်ဘူး။ ငါ နေ့လည်ကျ နင်နဲ့အတူတူ ကျောင်းကို လိုက်လာပြီး သူ့ကို အိမ်ပြန်ခေါ်ခဲ့မယ်။”
ချောင်ဝေ့မင်သည် ထိုပိန်ပါး၍ လှပသိမ်မွေ့သော သွင်ပြင်အကြောင်း မစဥ်းစားဘဲ မနေနိုင်ချေ။ သူ ထိုသို့ စဥ်းစားလိုက်သောအခါ သူ၏ခန္ဓာကိုယ်မှ တစ်စုံတစ်ရာ၏တုံ့ပြန်မှုကိုလည်း ရုတ်တရက် ခံစားလိုက်ရသည်။
သူ့ဇနီးက ကွယ်လွန်သွားပြီဆိုတော့ သူလည်း သေချာပေါက် အသစ်ကလေးတစ်ယောက် ထပ်ရတော့မှာပေါ့။
(FH: လူ့ငနွား)
သို့ရာတွင် သူ၏ဇနီးအသစ်သည် ကျင်းယွင်ကျောင်းကဲ့သို့ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသောသူ ဖြစ်လိမ့်မည်မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိသည်။ သူသည် သူမအား နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုပျိုးထောင်လာခဲ့သည်ဖြစ်ရာ တခြားသူများက သူမအား အမြတ်ထုတ်သွားမည်ကိုလည်း ခွင့်မပြုနိုင်ပေ။ အကယ်၍ သူသည် သူမအား အများကြီးအသားယူ၍ မရလျှင်တောင်မှ အနည်းဆုံးတော့ မျက်စိအစာကျွေးလို့ရသည်။