Chapter 17 : ပရဆေးပစ္စည်းစျေး
အခြားစျေးဆိုင်ငယ်ပိုင်ရှင်များ၏ အားကျသော အကြည့်များအောက်တွင် ကျင်းယွင်ကျောင်းသည် သူမ၏ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်း၍ ထွက်လာခဲ့သည်။ သူမသည် ကလေးတစ်ယောက်သာဖြစ်ကြောင်း သူမ နားလည်၏။ ဤကဲ့သို့ ငွေရှာခြင်းသည် အချိန်အကြာကြီးနေမှ တစ်ကြိမ်လောက်သာ ပြုလုပ်သင့်ပြီး မကြာခဏသာ လုပ်မိပါက သူမသည် လူပေါင်းများစွာ၏ မနာလိုမုန်းထားစရာ ပစ်မှတ်ဖြစ်လာမည်မှာ အသေအချာပင်။
ဘိုးဘေးပေးခဲ့သည့် ပေလိပ်ထဲတွင် ခန္ဓာကိုယ်ကို သန်မာတောင့်တင်းစေရန် အထောက်အကူပြုမည့် နည်းလမ်းများပါဝင်သည်။ သူမသည် နေရာလွတ်နယ်မြေထဲ၌ ရက်အတော်ကြာ ထိုကိုယ်ခံပညာရပ်များကို လေ့ကျင့်ခဲ့ပြီး သူမ၏အခြေအနေမှာ တိုးတက်လာခဲ့ပြီဖြစ်သော်လည်း သူမကိုယ်သူမ ကာကွယ်ရန်အတွက်တော့ မလုံလောက်သေးပေ။ ထို့ကြောင့် သူမ သတိထားရန် လိုအပ်နေသေးသည်။
“ကောင်မလေး၊ ပန်းသီးတွေရောင်းတဲ့သူဆိုတာ မင်းလား။”
ကျင်းယွင်ကျောင်း ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် သူမ၏နောက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာ၏။
သူမက လှည့်ကြည့်လိုက်ရာ သူမ အကူအညီတောင်းခဲ့ဖူးသည့် ခရိုင်ဆေးရုံမှ သမားတော်ကန်အား တွေ့လိုက်ရသည်။ ယခုအချိန်တွင် အဖိုးအိုသည် တရုတ်ရိုးရာထည်အား ဝတ်ဆင်ထားပြီး လမ်းလျှောက်ထွက်လာပုံပေါ်၏။ သူ၏သွင်ပြင်မှာ ဆေးရုံမှပုံစံနှင့် လုံးဝကွဲပြားနေသည်။
“သမားတော်ကန်၊ သမားတော်ကြီးက ဘာလို့ ဒီရောက်နေတာလဲ။”
ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ဦးညွတ်လိုက်ပြီး မေးလိုက်၏။
သမားတော်ကြီးက ရယ်ရင်း ပြန်ဖြေသည်။
“ငါ့သမီးက ငါ့ဖို့ အသီးတွေဝယ်လာတာ။ အဲဒါ ငါ့ရဲ့အိမ်နီးချင်းတွေက သဘောကျနေတာနဲ့ ခွဲပြီး သူတို့ကို ဝေမျှပေးလိုက်တာ ပိုင်ရှင်ဖြစ်တဲ့ ငါတောင် တစ်စိတ်မှ မမြည်းကြည့်လိုက်ရဘဲ ကုန်သွားပါရောလား၊ ငါ့သမီးက လုပ်စရာရှိလို့ အပြင်ထွက်သွားတာနဲ့ ထပ်ဝယ်ဖို့ ငါတစ်ယောက်တည်း ဒီကို တိတ်တိတ်လေးထွက်လာတာ။ သူက ငါ့ကိုပြောတယ်၊ ရောင်းတဲ့သူက ဆယ့်ငါး ဆယ့်ခြောက်လောက် ကောင်မလေးတဲ့။ မင်းဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး။”
သမားတော်ကန်က အလွန်သိချင်နေသည်။ ဤမိန်းကလေးသည် အသက်ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသော်လည်း ငွေရှာရန် ကိုယ်ပိုင်စျေးဆိုင်လေး ဖွင့်နိုင်နေပြီလား။
တဖန် ၎င်းမှာ စိတ်မကောင်းဖြစ်စရာပင်။ သူမ၏ဖခင်သည် အကျိုးအမြတ်ကလွဲ၍ ဘာမှ ခေါင်းထဲမရှိသော လူတစ်ယောက်ဖြစ်၏။ ဇနီးဖြစ်သူ အိပ်ယာထဲ လဲနေစဥ်မှာပင် သူသည် သူမ၏ဆေးများကို ဆေးရုံသို့ ပြန်သွင်းရန် တွေးနေခဲ့သေးသည်။ ထို့အပြင် သူ၏ဇနီးဖြစ်သူအား ကယ်တင်ရန် အခွင့်အရေးရှိသော်လည်း သူက ငြင်းပယ်ခဲ့သည်။
သမားတော်ကန်သည် ထိုကဲ့သို့သော လူတစ်ယောက်၌ လိမ္မာထက်မြက်သည့် သမီးတစ်ယောက်ရှိနေသည်ကို နားမလည်နိုင်ချေ။
ဆယ်ကျော်သက် မိန်းကလေးသည်လည်း အဖိုးအိုအား အထင်ကြီးလေးစားနေသူဖြစ်ရာ သူမက နောက်တနေ့ နေ့လည်တွင် သူ့ဆီသို့ ပန်းသီးများပို့ပေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ယခင်ဖြစ်စဥ်၌ သူက သူမအား ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့် သဘောဖြစ်၏။
“ငါ့ကို ကျေးဇူးတင်စရာမရှိပါဘူးကွယ်။ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ အို..စကားစပ်မိလို့ ငါ မင်းရဲ့ဆေးညွှန်းကို အချောင်မယူနိုင်ဘူး။ ငါနဲ့ ဘဏ်ကိုလိုက်ခဲ့။ ငါ မင်းကိုပေးဖို့ပိုက်ဆံနည်းနည်းထုတ်မလို့။”
သမားတော်ကန်က အလျင်အမြန် ပြောလိုက်သည်။
သမားတော်များအတွက်မူ ဆေးညွှန်းများသည် အလွန်အဖိုးတန်၏။ ဤလုံမပျိုလေး၏ ဆေးညွှန်းကိုသာ ကောင်းကောင်းမွန်မွန် အသုံးပြုပါက ငွေရေးကြေးရေး မဆိုထားနှင့်၊ သမားတော်၏ဂုဏ်သတင်းသည်ပင် အလွန်တိုးပွားလာမည်ဖြစ်သည်။
ဆေးပညာရပ်ကို လေ့လာနေသူများသည် ငွေကြေးအတွက် ၎င်းကို လေ့လာသည်မဟုတ်သော်လည်း သူတို့သည် ဂုဏ်သတင်းကိုမူ အတိုင်းအတာတစ်ခုအထိ အလွန်အလေးထား၏။ ထို့အပြင် သူသည် အနာဂတ်တွင် ရောဂါတူသောသူတစ်ယောက်ကို တွေ့ပါက သူမ၏ဆေးညွှန်းကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် ထိုအခြေအနေသာဆိုပါက သူမအနေနှင့် အလွန်နစ်နာ၏။
ကျင်းယွင်ကျောင်း မကြာသေးမီက ဖတ်ရှုလေ့လာခဲ့သော ဆေးပညာရပ်များမှာ ရှေးခေတ်လူများအသုံးပြုခဲ့သည့် နည်းလမ်းအများစုဖြစ်သည်။ ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်းအပိုင်းအတွင်းရှိ ပညာရပ်များတွင် ဆေးညွှန်းများ၏အရေးပါပုံနှင့်ပတ်သက်၍ ဘိုးဘေးက ထပ်ခါတလဲလဲ သတိပေးထားသော စည်းမျဥ်းများပါ ပါဝင်၏။ သို့ဖြစ်၍ သူမသည် သမားတော်ကန်၏ ကမ်းလှမ်းချက်အား နားလည်သည်။
သမားတော်ကြီး၏အပြုအမူမှာ ကောင်းမွန်၏။ အကယ်၍ သူမသာ ထိုငွေကို ငြင်းလိုက်ပါက သူသည် သေချာပေါက် စိုးရိမ်သွားမည်ပင်။
တစ်ဖက်တွင်လည်း ဤဆေးညွှန်းသည် သူမက သူ့အား စစ်ဆေးပေးရန်အတွက် တောင်းဆိုခဲ့သည့်အရာဖြစ်၏။ သူမသာ ငွေကို လက်ခံလိုက်ပါက အရိုအသေမဲ့လွန်းရာကျသည်ဟု သူမ ထင်နေသည်။
သူမက စဉ်းစားပြီး ပြန်ဖြေလိုက်၏။
“ကျွန်မ ပိုက်ဆံ မလိုချင်ပါဘူးရှင့်။ ဒါပေမယ့် ကျွန်မကို သမားတော်ကြီး ကူညီပေးစေချင်တာတော့ ရှိပါတယ်။”
“ဟေ..”
သမားတော်ကန်က သိချင်သောမျက်နှာထားဖြင့် ကြည့်လာသည်။
“ကျွန်မ ဆေးပင်မျိုးစေ့တချို့ဝယ်ချင်တာ၊ ဒါပေမယ့် ကျွန်မ တစ်ခါမှ မဝယ်ဖူးဘူး။ ပြီးတော့ ကျွန်မမှာ ပိုက်ဆံ(ယွမ်)ရာဂဏန်းပဲရှိတာ။ တကယ်လို့ ကျွန်မတစ်ယောက်တည်းသွားရင် ကျွန်မ အသက်အရွယ်ကြောင့် သေချာပေါက် အလိမ်ခံရမှာရယ်။ ဒါကြောင့် ဒီကိစ္စမှာ သမားတော်ကန်ကသာ ကူညီပေးရင် ကျွန်မ တကယ်ကြီး ဝမ်းသာမိမှာပါ။ တကယ်လို့ သမားတော်ကြီး အချိန်ရရင် ကျွန်မကို ပရဆေးပစ္စည််းစျေးထဲကို ခေါ်သွားပေးနိုင်မလားရှင့်။ အတွေ့အကြုံများတဲ့သမားတော်တစ်ယောက်အနေနဲ့ဆိုရင် ဒီပစ္စည်းတွေနဲ့က အရမ်း ရင်းနှီးပြီးသား ဖြစ်နေမှာမို့လို့ပါ။”
သူမက ရှင်းပြလိုက်၏။
လွန်ခဲ့သည့်တစ်ပတ်က ဆေးရုံ၌ ဤမိန်းကလေးက သူမတွင် ဆရာတစ်ယောက်ရှိသည်ဟု ပြောခဲ့သည်။ ထိုအချိန်က သူသည် လူနာ၏အခြေအနေအား စိုးရိမ်နေရာ ထိုအကြောင်းအား အသေးစိတ်မေးရန် အခွင့်အရေးမရလိုက်ပေ။ ယခု သူမအား ကြည့်ရသည်မှာ တကယ့် အလုပ်သင်လေးတစ်ယောက်လိုပင်။ သူမသည် မည်သည့်နာမည်ကျော်သမားတော်၏ သင်ကြားပြသမှုအောက်တွင် ရှိသနည်း။