Chapter 18 : ဆေးပင်မျိုးစေ့များ ဝယ်ယူခြင်း
ကျင်းယွင်ကျောင်း၏ဆရာမှာ မည်သူပင်ဖြစ်စေကာမူ သူတို့၏ဆေးပညာစွမ်းရည်က မနိမ့်ကျသည်မှာတော့ ကျိန်းသေပင်။ သို့မဟုတ်ပါက ဤကဲ့သို့သော ဆေးညွှန်းမျိုးကို ရေးပေးနိုင်ချေ မရှိပါ။ ထူးချွန်သော ဆရာကသာလျှင် ထူးချွန်သောတပည့်ကို မွေးထုတ်ပေးနိုင်သည်။ သူမသည် စတင်သင်ယူနေဆဲ အဆင့်သာရှိသေးသော်လည်း တချို့သူများထက် သာလွန်နေပြီဖြစ်၏၊
သမားတော်ကန်သည် သူမ၏အကြောင်းအား စိတ်ဝင်စားနေသဖြင့် သူမကို အကူအညီပေးရန် သဘောတူလိုက်သည်။ သူက အဘယ်ကြောင့် ငြင်းရပါမည်နည်း။
ဟွားနင်ခရိုင်၏ ပရဆေးပစ္စည်းစျေးသည် သိပ်မကြီးသော်လည်း ရောင်းချသည့် ကုန်ပစ္စည်းများက စုံလင်လှသည်။ သူတို့ဆီတွင် မျိုးစေ့နှင့် အပင်ပေါက် အမျိိုးအစားများစွာရှိ၏။ နာရီဝက်ခန့် ဘတ်စ်ကားစီးပြီးနောက် လူကြီးနှင့်လူငယ် နှစ်ဦးသားသည် လူအနည်းငယ်ရှင်းနေသော စျေးသို့ ရောက်လာကြသည်။ စျေးအတွင်းထဲမှ လတ်လတ်ဆတ်ဆတ် ဆေးနံ့များ ထွက်ပေါ်နေ၏။
ခရိုင်ဈေးသည် တံတားတစ်စင်း၏ အောက်၌ရှိပြီး မြစ်နှင့်မျက်နှာချင်းဆိုင်ဖြစ်သည်။ သူတို့သည် ဆေးဖက်ဝင်အပင်များအပြင် ငှက်အမျိုးအစားအစုံအလင်နှင့် ပန်းမန်မျိုးစုံကိုလည်း ရောင်းချသဖြင့် ထိုနေရာမှာ အတော်လေး နာမည်ကျော်ကြား၏။
သမားတော်ကြီးသည် အမှန်တကယ်ပင် ဤနေရာ၊ဤလူများနှင့် ရင်းနှီးသည်။ သူသည် ကျင်းယွင်ကျောင်းအား စျေးထဲသို့ လျှောက်ပတ်ခေါ်သွားပြီး လိုက်ပြ၏။ သူတို့သည် သူတို့သွားချင်သည့် နေရာသို့ မရောက်မချင်း တစ်နေရာတည်း၌ ကြာကြာမနေကြပေ။
“ဒီဆိုင်ပိုင်ရှင်က မျိုးဆက်ပေါင်းများစွာ ဆေးရောင်းလာကြတာ၊ သူကိုယ်တိုင်လည်း ဆေးဖော်တတ်တယ်။ ဒါပေမယ့် ဒီလုပ်ငန်းက ဆက်လုပ်ဖို့ မလွယ်ဘူး။ တကယ်လို့ မင်းက သူ့ကို ဆေးဖော်ပေးဖို့ တသီးတသန့် သတ်သတ်မှတ်မှတ် မတောင်းဆိုဘူးဆိုရင် သူက ဆေးဖော်ပေးမှာ မဟုတ်ဘူး။ သူက အပင်တွေကို အထဲမှာ ကိုယ်တိုင်စိုက်တယ်။ ဒီဆိုင်က ကြည့်လိုက်ရင် နည်းနည်းရှုပ်နေသလို ထင်ရပေမယ့် အတွင်းထဲမှာရှိတဲ့ ပစ္စည်းတွေက တခြားနေရာတွေထက် ပိုများပြီး ပိုလည်း စုံတယ်ဆိုတာ ငါ အာမခံတယ်။”
ကန်စုန့်ပိုင်က ရယ်ရင်း ရှင်းပြလာသည်။
ကျင်းယွင်ကျောင်းသည် ဆိုင်၏အပြင်ပိုင်းအပြင်အဆင်ကို အကဲခတ်ကြည့်လိုက်၏။ အခြားဆိုင်များနှင့်ယှဉ်လျှင် ဤဆိုင်သည် အတန်ငယ် အိုဟောင်းပုံပေါ်နေသည်။ သို့သော် အပြင်ဘက်၌ ခင်ကျင်းထားသည်များသည် အလွန်သပ်ရပ်၏။ အရေးအကြီးဆုံးအချက်မှာ ဆိုင်ရှင်သည် အပင်များ၏ ဝိသေသ လက္ခဏာများကို ရှင်းရှင်းလင်းလင်း နားလည်ပြီး အနံ့ရှိသော ဆေးပင်များကို တစ်မျိုးချင်း သီးသန့်ခွဲ၍ ထားထားသည်။ သူသည် ဆိုင်အပြင်အဆင်လှပမှုထက် ဆေးပင်များ၏ အစွမ်းသတ္တိများကို ပို၍ အာရုံစိုက်ပုံပင်။
ထိုအကြောင်းပြချက်တစ်ချက်တည်းနှင့်ပင် ကျင်းယွင်ကျောင်းသည် သမားတော်ကန်၏ထင်မြင်ချက် မမှားကြောင်း နားလည်လိုက်သည်။
“ဦးလေးကန် ဒီအချိန်ကြီး ဒီမှာ ဘာဝယ်မလို့လဲ။”
ထိုအချိန်မှာပင် ဆိုင်ရှင်ဖြစ်သူ ထွက်လာပြီး သူတို့အား အပြုံးတစ်ပွင့်နှင့် ကြိုဆိုလာ၏။
ကျင်းယွင်ကျောင်း အံ့သြသွားသည်။ ထိုသူ၏ ဆေးပင်များအပေါ် နားလည်ကျွမ်းကျင်မှုကို ကြည့်၍ ဆိုင်ရှင်သည် အဖိုးကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့၏။ သို့သော် အသက်သုံးဆယ်ပင် ကျော်သေးပုံမရသည့် လူငယ်တစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
“ငါ ဒီနေ့ မိတ်ဆွေလေးတစ်ယောက်ကို ခေါ်လာတာ။ ဝယ်မယ် မဝယ်ဘူးကတော့ သူ့အပေါ်ပဲ မူတည်တယ်ကွာ။”
ကန်စုန့်ပိုင်က ရှင်းပြလိုက်သည်။
ထိုသို့ကြားပြီးနောက် ဆိုင်ရှင်သည် သိချင်စိတ်ဖြစ်လာ၍ သူနှင့်အတူ လိုက်ပါလာသည့် မိန်းကလေးအား ကြည့်လိုက်၏။ သူ၏မျက်လုံးများ တောက်ပသွားသည်။
သူသည် အနက်ရောင်ဆံပင်ရှည်ရှည်၊ နဖူးရှင်းရှင်း၊ အသားဖြူဖြူနှင့် မိန်းကလေးအား တွေ့လိုက်ရ၏။ သူမသည် အလွန်သပ်ရပ်ပြီး ကြည်လင်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ အရေးအကြီးဆုံးအချက်မှာ သူမသည် အနည်းငယ် ပိန်ကပ်နေသကဲ့သို့ ထင်ရသော်လည်း ရုပ်ချော၍ အရပ်မြင့်သည်က သူမအား အတော်လေး လှပသိမ်မွေ့သွားစေပုံပေါ်၏။
ကျင်းယွင်ကျောင်းက သူစိုက်ကြည့်နေသည်အား အမှုမထားဘဲ ပြောလာသည်။
“ကျွန်မ ရှဲ့ချွမ်ကျစ်၊ခူးကန်၊သာ့ဟွမ်၊နန့်ရှင်းတို့လိုမျိုး ခန္ဓာကိုယ်ထဲမှာ ဝါယောဓာတ်စုတာကို နှိမ်နင်းနိုင်တဲ့ သာမန်မျိုးစေ့နည်းနည်း လိုချင်ပါတယ်။ ကျွန်မရဲ့ရှစ်ဖူးက ဒါတွေကို စိုက်ရတာ ကြိုက်ပေမယ့် အများကြီး မလိုလို့။ ရှင် ကျွန်မကို မျိုးစေ့တွေပြပေးမယ်ဆိုရင် ကျွန်မ ကိုယ့်ဘာသာပဲ ရွေးချင်တယ်။”
(T/N: ဝါယော(ဝါယောဓာတ်အဖြစ်ပြောင်းတာ)ဆိုတာက တရုတ်တိုင်းရင်းဆေးပညာမှာရှိတဲ့ လွန်ကဲခြင်းခြောက်ပါးထဲက တစ်ခုပါ။ ဝါယောဆိုတာ လေဓာတ်ကို ပြောတာပါ။ လေနိုင်ဆေးလိုမျိုး။ )
ထိုအစေ့များကို သူမကိုယ်တိုင်စိုက်သည်ဟု ပြော၍မရချေ။ အဘယ်ကြောင့်ဆိုသော် ချောင်မိသားစုသည် မြို့ထဲရှိ အိမ်တစ်အိမ်တွင် နေသည်ဟုဆိုသော်လည်း သူတို့သည် မူတစ်ဝက်စာ မြေလေးပင် မပိုင်ဆိုင်ပေ။
(T/N : မူ (亩) က တရုတ်ဧရိယာအတိုင်းအတာတစ်ခုပါ။ ၁မူ = 0.0667 ဟတ်တာစ်။)
ချောင်ဝေ့မင်သည် ငယ်စဥ်က တခြားသူတစ်ဦးနှင့် စက်ရုံအသေးစားလေးတစ်ခု စပ်တူတည်ထောင်ခဲ့ဖူးသည်။ သူသည် များသောအားဖြင့် အလုပ်လက်မဲ့ဖြစ်သော်လည်း ထိုလုပ်ငန်းမှ နှစ်စဥ် သင့်တင့်လျောက်ပတ်သော ဝေစုပမာဏကို ရရှိနေဆဲဖြစ်၏၊သို့သော် များများစားစား ကုံလုံသော ပမာဏ မဟုတ်ပေ။
သူမကိုယ်တိုင် ထင်ပေါ်ကျော်ကြားခြင်းထက် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည့် ဆရာတစ်ယောက်ရှိခြင်းကသာ ပို၍ကောင်း၏။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမ၏ သီးသန့်ဖြစ်သော နေရာလွတ်နယ်မြေအကြောင်းကို သိသွားပါက သူမ နောက်တစ်နေ့ နေထွက်သည်ကို မမြင်ရတော့ဘဲ ဖြစ်သွားမည်အား အလွန်ကြောက်ရွံ့လှသည်။ ဘိုးဘေး၏သတိပေးချက်များနောက်တွင် အကြောင်းရင်းများစွာရှိ၏။
ဆိုင်ရှင်၏မျိုးရိုးနာမည်မှာ လျိုဖြစ်ပြီး သူသည် သူမ၏တောင်းဆိုချက်အား နားထောင်ပြီးသောအခါ ဆိုင်ထဲသို့ သွက်သွက်လက်လက် လမ်းညွှန်ပြသပေးသည်။
ဆိုင်အတွင်း၌ အပင်မျိုးစေ့များပါသည့် အရွယ်အစားအမျိုးမျိုးရှိသည့် လျှော်ထုပ်များအား အတန်းပေါင်းများစွာစီထား၏။ အိတ်တိုင်းတွင် အထဲရှိ အစေ့များ၏အမည်ဖြင့် နာမည်စာတန်းကပ်ထားသည်။
ကံကောင်းစွာပင် ယခုအချိန်သည် နွေဦးပေါက်စအချိန်ဖြစ်ပြီး ခင်းကျင်းပြသထားသော အစေ့များကလည်း နွေဦးတွင် စိိုက်ပျိုးရသည့် အစေ့အများစုပင်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည်လည်း ဝယ်ယူနေစဥ်အတွင်း များများစားစား စိုးရိမ်မနေတော့ပေ။
မျိုးစေ့များကို ရွေးချယ်နေစဥ်အတွင်း သူမ၏ စိတ်အားထက်သန်နေသော အမူအယာသည် သူမအား ဆေးပညာဗဟုသုတကြွယ်ဝသော ပညာရှင်တစ်ဦးနှင့် ချွတ်စွပ်တူနေစေသည်။ သမားတော်ကြီးကန်၏ နှလုံးသားထဲ၌ သူမကို အထင်ကြီးလေးစားသည့်စိတ်များတိုးပွားလာပြီး တဖွဖွချီးကျူးနေမိ၏။ ကံဆိုးသည်မှာ ဤမိန်းကလေးတွင် ဆရာတစ်ယောက်ရှိနှင့်နေခြင်းပင်။ သူ မနာလိုဘဲ မနေနိုင်ပေ။