Chapter 19
Viewers 14k

Chapter 19 : ပြန်လည်သုံးသပ်ခိုင်းရန် အိမ်ပြန်ခေါ်ခြင်း 


ဤမျိုးစေ့များအားလုံး၏စျေးနှုန်းမှာ တစ်ကီလိုလျှင် ယွမ်နှစ်ရာအောက်သာ ရှိပြီး ၎င်းတို့အများစုမှာ ယွမ်တစ်ရာ မကျော်ပေ။ ကျင်းယွင်ကျောင်းသည် စျေးပိုကြီးသော မျိုးစေ့များကို လျှော့ဝယ်ခဲ့ပြီး မျိုးစေ့အမျိုးအစား များများရရန်သာ ကြိုးပမ်းခဲ့သည်။ သူမတွင် ပိုက်ဆံအကန့်အသတ်ရှိသောကြောင့် သူမတတ်နိုင်သမျှကိုသာ အကောင်းဆုံးလုပ်ရမည်ဖြစ်၏။ သို့ရာတွင် သူမ မည်မျှပင် ရောစပ်ပြီး ကိုက်ညီရန် ကြိုးစားကြိုးစား၊ နောက်ဆုံး၌ မျိုးစေ့အမျိုးအစားပေါင်း နှစ်ဆယ်ကျော်သာ ရခဲ့သည်။ 


အခြား ကျန်ရှိနေသောမျိုးစေ့များကို ကြည့်လိုက်သောအချိန်တွင် သူမ၏မျက်ဝန်းများ၌ လောဘအရိပ်အယောင်လေး ထင်ဟပ်သွားသည်က ဘေးတွင် ရပ်ကြည့်နေသော သမားတော်ကန်နှင့် ဆိုင်ရှင်လျိုအား မပြုံးပဲမနေနိုင်အောင် ဖြစ်စေသည်။ 


သို့သော် ကျင်းယွင်ကျောင်းတွင်လည်း စည်းမျဥ်းများရှိ၏။ သူမသည် ယခုအချိန်၌ ပိုက်ဆံမရှိသေးသောကြောင့်သာဖြစ်ပြီး ၎င်းက အနာဂတ်တွင်လည်း ပိုက်ဆံရှိလာမည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ထို့ကြောင့် သူမသည် သမားတော်ကန်၏ ကမ်းလှမ်းမှုအား ငြင်းပယ်ခဲ့သည်။ 


မျိုးစေ့များဝယ်ရန် နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ အနာဂါတ်တွင် ပရဆေးပစ္စည်းများ ရောင်းချရန် နေရာတစ်ခုကို ရှာတွေ့ရန်လည်း ခက်ခဲမည်မဟုတ်ပေ။ 


ခရိုင်ရှိ အကြီးဆုံးဆေးအရောင်းဆိုင်သည် ပရဆေးပစ္စည်းများကို ဝယ်ယူသည့်နေရာလည်းဖြစ်သည်။ သူမတွင်ရှိသော မျိုးစေ့များ ရင့်မှည့်လာရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။ ထို့နောက်တွင် စျေးကောင်းနှင့်ရောင်းချလိုက်ရန်မှာ ခက်ခဲသောအရာမဟုတ်ချေ။ 


သူမ ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်နေသောအရာများကို ဖြေရှင်းလိုက်ပြီးနောက် ကျင်းယွင်ကျောင်း၏စိတ်သည် အတော်လေးပေါ့ပါးသွား၏။ ထို့နောက် သူမသည် သမားတော်ကန်နှင့် လမ်းခွဲလိုက်ပြီး မျိုးစေ့များကို နေရာလွတ်နယ်မြေထဲသို့ မသိမသာ ထည့်လိုက်ကာ ကျောင်းသို့ တန်းလာခဲ့သည်။ 


လမ်းသရဲအဖွဲ့၏ပြဿနာနှင့်ပတ်သက်၍ ဆရာမကျင်က သူမအား ရဲစခန်းသို့ ထွက်ဆိုချက်တစ်စောင် ရေးရန် ပြောခဲ့၏။ သဘောတရားအရ ဆိုရလျှင် သူတို့သည်ယခုအချိန်တွင် စီရင်ချက်တစ်ခုကို လက်ခံရတော့မည်ဖြစ်သည်။ 


စာမေးပွဲပြီးသည်နှင့် ကျောင်းသည် ပို၍တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်က ပို၍ သက်တောင့်သက်သာဖြစ်လာ၏။ သို့သော် ထိုအစား ကျင်းယွင်ကျောင်း ဖြတ်သွားသည့်အခါတိုင်း ထိုနေရာရှိ လူများက သူမအား ထူးထူးဆန်းဆန်းကြည့်နေကြသည်။ 


“ကျင်းယွင်ကျောင်း မင်းအဖေက ခုနကမှ ကျောင်းထဲကို တရကြမ်း ဝင်သွားတာ။ သူက တအားဒေါသထွက်နေပြီးတော့ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းတဲ့အကျင့်တွေကို မသင်ယူဘူးလို့ ပြောတယ်။ သူက မင်းကို အိမ်ပြန်ခေါ်သွားပြီး မင်းရဲ့လုပ်ရပ်တွေကို ပြန်သုံးသပ်ခိုင်းတော့မလို့တဲ့။” 


ကျောင်းသားတစ်ဦးသည် လှောင်ပြောင်သရော်သည့် လေသံဖြင့် သူမအား ရုတ်တရက် ထပြောလိုက်၏။ 


သူသည် သူမ၏ဖခင်အရင်းမဟုတ်သော်လည်း သူမ၏တစ်ဦးသော လူကြီးသူမ အုပ်ထိန်းသူဖြစ်သည်။ ကိစ္စများက ဆိုးသွားခဲ့ပြီဖြစ်ရာ ကျင်းယွင်ကျောင်းသည်လည်း သူမ၏တာဝန်ဝတ္တရားများမှ မလွတ်မြောက်နိုင်သည်မှာ အမှန်ပင် မဟုတ်လား။ 


ကျင်းယွင်ကျောင်းသည် အဆင့်ကောင်း၍ ရုပ်ရည်သွင်ပြင်လည်း လှသည်။ ထိုဂုဏ်ရည်နှစ်ခုတည်းနှင့်ပင် လူအများက သူမအား မနာလိုဖြစ်စေရန် လုံလောက်၏။ 


ထို့အပြင် သူမသည် စကားပြောရသည်ကို မနှစ်သက်ဘဲ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် စာအုပ်ဖတ်နေလေ့ရှိရာ အခြားသူများအမြင်တွင် အထင်အမြင်သေးစေသည်။ သူမသည် အနိုင်ကျင့်ရန် လွယ်သည့်ပုံပေါက်နေ၏။ 


ကျင်းယွင်ကျောင်းက ဂရုမစိုက်ဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး မေးလာသည်။ 


“နင်် ဘာပြောလိုက်တယ်။” 


သူမ၏ အေးအေးစက်စက်အသံက အခြားသူများအား တုန်လှုပ်သွားစေခဲ့၏။ 


ထိုကျောင်းသားသည် ထိတ်လန့်သွားပြီး ရုတ်တရက် အနည်းငယ် မသက်မသာခံစားလိုက်ရဖြင့် ခေါင်းကို လွှဲကာ နှုတ်ခမ်းကိုက်ပြီး ပြန်ဖြေလိုက်သည်။ 


“ငါက အမှန်အတိုင်းပြောတာပါ။ နင့်အကြောင်း မကောင်းပြောတာ မဟုတ်ဘူး။ ခုနလေးတင်ကမှ နင့်အဖေက ဝင်ပေါက်မှာ အော်ကြီးဟစ်ကျယ်လုပ်နေတာ။ သူပြောတာက နင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အရှက်မရှိဘဲ လမ်းသရဲတွေနဲ့ အိပ်တယ်တဲ့။ သူပြောတာတွေက ငါ အခု နင့်ကို ပြန်ပြောပြတာထက်ကို ပိုရိုင်းသေးတယ်။” 


ထိုကျောင်းသားက လိမ်ပြောနေခြင်းမဟုတ်ပေ။ ချောင်ဝေ့မင်သည် ကျောင်းသို့ရောက်ရောက်ချင်း အကျိုးသင့်အကြောင်းသင့် မပြောဘဲ တောက်လျှောက်ပြေးဝင်သွားခဲ့၏။ သူသည် အလိုအလျောက်ပင် လုံခြုံရေးများဆီက တားဆီးခံလိုက်ရသည်။ 


သို့သော် ချောင်ဝေ့မင်က မဖြုံပေ။ သူသည် ဆရာမကျင်ကိုလည်း အော်ဟစ်ကျိန်ဆဲနေပြီး ကောက်နေသော တုတ်ချောင်း၌ ကောက်နေသော အရိပ်သာရှိလိမ့်မည်၊ ဆရာမကျင်က ဘယ်လိုသင်ကြားရမည်ဆိုတာကို မသိသောကြောင့် ကျင်းယွင်ကျောင်းလည်း အနာဂတ်၌ သူမဆီတွင် သင်ကြားဖို့မလိုတော့ဟု ပြောခဲ့သည်။ 


သူ့အား ကျေနပ်သည်အထိ စိတ်ကြိုက် အော်ဟစ်ဆဲဆိုခွင့်ပြုထားလျှင် သူတို့ နာမည်ပျက်မည် စိုးသောကြောင့် လွန်ခဲ့သော တစ်မိနစ်ခန့်ကမှ ဒါရိုက်တာ(T/N: ဆရာဆရာမများထက် ရာထူးမြင့်၍ ကျောင်းအုပ်အောက် ရာထူးနိမ့်သူ)နှင့် ဆရာမကျင်က သူ့အား ကျောင်းထဲသို့ လာရောက်ခေါ်ဆောင်သွားရ၏။ ကျင်းယွင်ကျောင်းသာ အမြန်သွားပါက အချိန်မီနိုင်သေးသည်။ သို့မဟုတ်လျှင် သူမ၏ကျောင်းထွက် စာရွက်စာတမ်းများ ပြည့်စုံ၍ လက်မှတ်ထိုးပြီးသား ဖြစ်နေလိမ့်မည်။ 


ကျင်းယွင်ကျောင်းသည် လက်သီးကို တင်းတင်းဆုပ်ထားပြီး သူမ၏မျက်နှာသည် အေးစက်၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ အခြားကျောင်းသားများအနေနှင့် သူမအား ဤကဲ့သို့ပုံစံဖြင့် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ 


သူမသည် ကျောင်း၌ အမြဲတမ်း မကောင်းသတင်းဖြင့် ကျော်ဇောခဲ့သည်။ သူမ၏အဆင့်များသည် အလွန်ကောင်း၏။ သို့သော် အထက်တန်းကျောင်း ပထမနှစ်၏ ပထမနှစ်ဝက် တစ်ဝက်မှာပင် သူမ၌ ကောလဟာလများစွာ ထွက်နေခဲ့ပြီဖြစ်သည်။ 


ပထမဆုံးကျောင်းတက်သည့်နေ့မှာပင် ကျင်းယွင်ကျောင်းသည် စာခိုးချ၍ အဆင့်ကောင်းရခဲ့သည်ဟု တစ်စုံတစ်ယောက်က သတင်းလွှင့်ခဲ့သည်။ ထို့အပြင် သူမသည် အမြဲတမ်း ပစ္စည်းခိုးတတ်ဝှက်တတ်၍ သူမ၏လက်များက ညစ်ပတ်သည်ဟု တစ်စုံတစ်ယောက်က သတင်းလွှင့်ပြန်သည်။ တစ်ယောက်ကဆိုလျှင် သူမသည် အလယ်တန်းကျောင်း၌ ယောက်ျားလေးများနှင့် ကလူ၏မြူ၏ နေရသည်ကို နှစ်သက်သည်ဟု ဆိုခဲ့သည်။ သူမသည် ထိကပါးရိကပါး အပြောအဆိုခံရခဲ့၏။ 


ထိုကောလဟာလများကြောင့် လူတိုင်းက ကျင်းယွင်ကျောင်းအား ဖယ်ကြဥ်ကြသည်။ 


ထိုသို့ဖြစ်ခဲ့သော်လည်း ကျင်းယွင်ကျောင်းသည် ထိုကောလဟာလများကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့။ သူမသည် အမြဲတမ်း တစ်ယောက်တည်းသာနေ၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ပေ။ တစ်ခါက တစ်စုံတစ်ယောက်သည် သူမ၏မျက်နှာရှေ့တည့်တည့်သို့လာ၍ လှောင်ပြောင်စော်ကားခဲ့ဖူးသည်၊ သို့သော် သူမသည် ပြန်လည်မတုံ့ပြန်ခဲ့ပေ။ 


ယနေ့၌မူ မတူတော့ပေ၊ သူမ၏တုံ့ပြန်မှုက အတိတ်တုန်းကနှင့် လုံးဝကွဲပြားခြားနားနေသည်။