Chapter 20
Viewers 14k

Chapter 20 : သူမ၏နာမည်ကို ရှင်းလင်းခြင်း 


ထိုကျောင်းသားများသည် ကျင်းယွင်ကျောင်း၏ အကြည့်အောက်တွင် ကြက်သီးမွေးညင်းများပင် ထလာရာ သူတို့၏သူငယ်ချင်းကို ဆွဲ၍ အမြန်ပင် ထွက်သွားကြတော့သည်။ လက်ရှိအခြေအနေ၌ ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ခုကြောင့် ရုတ်တရက် စိတ်လွတ်သွားပြီး ကြောက်စရာတစ်ခုခုအား လုပ်လိုက်မည်ကို ထိတ်လန့်ကြောက်ရွံ့နေကြ၏။ 


ကျင်းယွင်ကျောင်းက အံတင်းတင်းကြိတ်ထားသည်။ အတိတ်ဘဝတုန်းက သူမသည် ထိုကောလဟာလများကို သိပ်ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့်လည်း အဆုံးသတ်၌ သူမသည် လူအများ၏အထင်လွဲခြင်းကို ခံခဲ့ရသည်။ 


ချောင်ဝေ့မင်၏ ရွံရှာဖွယ်ကောင်းသော မျက်နှာကို တွေးမိလိုက်သောအခါ သူမသည် ဤနေရာတွင် ကြာကြာရပ်မနေနိုင်တော့ဘဲ ရုံးခန်းသို့ အလောတကြီးပြေးသွားခဲ့၏။ 


သူမ ရုံးခန်းအပေါက်ဝသို့ မရောက်မီမှာပင် ချောင်ဝေ့မင်၏ အထက်စီးဆန်ဆန် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။ 


“ခင်ဗျားတို့ ဆရာဆရာမတွေအားလုံးက တခြားသူတွေကို အကျင့်သီလကောင်းတဲ့ စံပြပုဂ္ဂိုလ်တွေလိုလို ပြောနေကြပေမယ့် ကျုပ်ကတော့ ခင်ဗျားတို့အားလုံးက လူလိမ်တွေချည်းပဲလို့ ပြောလိုက်မယ်။ အဲလိုသာမဟုတ်ရင် ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ပတ်သက်မှာ မဟုတ်ဘူး။ အခုတော့ အံသြစရာမကောင်းဘူးလား။ သူက သူ့ရဲ့ဖြူစင်မှုကို ဆုံးရှုံးသွားပြီ။ ဘယ်သူက ဒီဆုံးရှုံးမှုအတွက် တာဝန်ယူမှာလဲ။ အဲဒီအမိုက်မက စဥ်းစားဥာဏ်မရှိဘူး၊ ဒါပေမယ့် ခင်ဗျားတို့ကလည်း ထူးပြီး ကောင်းမနေဘူးလို့ ကျုပ်ထင်တယ်။” 


“ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် သူ့ကို ဒီနေ့ အိမ်ပြန်ခေါ်သွားမယ်။ ဒီနေ့ကစပြီး သူ့ကို ဒီစောက်..ကျောင်းဆိုတဲ့နေရာကို ခြေတစ်လှမ်းတောင် လှမ်းခွင့်မပြုနိုင်ဘူး။ သူ့မှာ ကိုယ်ဝန်မရှိသေးတာကိုက ကံကောင်းတယ်လို့ပြောရမယ်။ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားတို့ အားလုံးကို တရားစွဲပြီးနေပြီ။” 


ချောင်ဝေ့မင်သည် ဟိတ်ဟန်တစ်ခွဲသားဖြင့် ပြုမူပြောဆိုနေ၏၊ အထူးသဖြင့် ကျင်းယွင်ကျောင်း ယခုအထိ ကျောင်းသို့ မရောက်လာသေးမှန်း သိပြီးသည့်နောက် သူသည် သူ၏စကားများအပေါ် ပို၍ ယုံကြည်ချက်ရှိလာခဲ့သည်။ 


ချောင်ဟုန်ယဲ့သည်လည်း ရုံးခန်းထဲ၌ ရှိနေခဲ့၏။ သူမသည် ချောင်ဝေ့မင်၏အော်ဟစ်ကြိမ်းမောင်းသံများကို နားထောင်ပြီးနောက် စိတ်မသက်မသာနှင့် ရှက်ရွံ့ခြင်းကို ခံစားနေရသည်။ 


သူမသည် ကျင်းယွင်ကျောင်းအား ကျောင်းမှထွက်စေလိုခြင်းသာဖြစ်ပြီး ချောင်ဝေ့မင်ကို ဤကဲ့သို့ ဆရာ၊ ဆရာမများအား မစော်ကားစေလိုခဲ့ပေ။ ယခုအချိန်မှစ၍ ကျောင်းတွင် သူမ အဘယ်မျက်နှာနှင့် နေထိုင်ရမည်နည်း။ 


“ဖေဖေ...ပြဿနာက မမအပေါ်မှာပဲ မူတည်တာပါ။ ဒီမှာ ကျောင်းသားတွေ အများကြီး တက်နေကြတာလေ၊ ဆရာဆရာမတွေက သူ့ကို အမြဲတမ်း အာရုံမစိုက်နိုင်ဘူး။” 


ချောင်ဟုန်ယဲ့က ဆရာဆရာမများဘက်မှ ပြောဆိုလိုက်သည်။ 


ဆရာမကျင်သည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများကိုမှိတ်ကာ စိတ်လျှော့နေရ၏။ ဤကဲ့သို့ အောက်တန်းကျသောသူမျိုး သူမ တစ်ခါမှ မတွေ့ဖူးပေ။ 


ကျင်းယွင်ကျောင်းသည် တကယ့်ကို မယားပါသမီးတစ်ယောက်ပင်။ အကယ်၍ သူ၏သမီးအရင်းသာ ဆိုပါက သူ ဤကဲ့သို့ အော်ကြီးဟစ်ကျယ် လုပ်ရဲပါမည်လား။ 


“နင့်ပါးစပ်ကို ပိတ်ထား ခွေးမ။ နင်က ဘယ်သူ့ကိုပြောနေတယ်လို့ ထင်နေတာလဲ။ နင် ဒီလို အဓိပ္ပာယ်မရှိတာတွေ ထပ်ပြီးပြောနေဦးမယ်ဆိုရင် နင့်ကိုလည်း ကျောင်းဆက်မထားတော့ဘူး။” 


ချောင်ဝေ့မင်က ချောင်ဟုန်ယဲ့အား ချက်ချင်း ပိတ်ဟောက်ပစ်လိုက်၏။ 


“ချောင်လူကြီးမင်း၊ ကျင်းယွင်ကျောင်းက ကျောင်းသူကောင်းတစ်ယောက်ပါ။ ကျွန်တော်တို့ သူနဲ့ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရတဲ့ လမ်းသရဲတွေကို စစ်ဆေးမေးမြန်းပြီးပါပြီ။ သူက သူတို့နဲ့ ဘာမှမလုပ်ခဲ့ပါဘူး။” 


ဒါရိုက်တာက သူ၏နဖူးပေါ်ရှိ ချွေးများကို သုတ်ရင်း အလောတကြီးရှင်းပြသည်။ 


ထိုမိန်းကလေး၏အဆင့်များသည် အလွန်ကောင်းမွန်သည်။ အကယ်၍ သူမသာ ကျောင်းဆက်တက်ပြီး နောက်ထပ် နှောက်ယှက်မှုများ ထပ်မကြုံရပါက သူမသည် အကောင်းဆုံးတက္ကသိုလ်သို့ ဝင်ခွင့်ရမည်မှာ အသေအချာပင်။ အကယ်၍ ဤကောင်းမွန်သော အပင်ပေါက်လေးသာ ထိုမတော်တဆဖြစ်ရပ်ကြောင့် ကျောင်းနုတ်ခံလိုက်ရပါက အလကားဖြစ်သွားမည် မဟုတ်လား။ 


ဒါရိုက်တာက ချောင်ဝေ့မင် ဒေါသပြေစေရန် ရည်ရွယ်၍ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ယဥ်ယဥ်ကျေးကျေးပြောလိုက်သည်။ သို့သော် သူက ဂရုမစိုက်ဘဲ ခွက်ကို ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်ရာ နားကွဲမတတ် အသံထွက်ပေါ်လာ၏။ 


“သူတို့နဲ့ ဘာမှမလုပ်ခဲ့ဘူးဆိုတာ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ကျုပ်က သူ့အဖေ။ သူ့အကျင့်စရိုက်ကို ကျုပ်က ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ခင်ဗျားတို့လို နလပိန်းတုံး ဆရာဆရာမတွေကသာ သူ့ကို ယုံလိမ့်မယ်။ ဒီကိစ္စကလည်း တစ်ကျောင်းလုံးကို ပျံ့နေပြီ။ ခင်ဗျားက ကျုပ်ကို အရူးလို့ ထင်နေတာလား။ “ 


ချောင်ဝေ့မင်က အလျှော့မပေးပေ။ 


ကျင်းယွင်ကျောင်းသည် တံခါးဝမှ လျှောက်ဝင်လာခဲ့ပြီး သူမ၏မျက်နှာက မယုံကြည်နိုင်လောက်အောင် ဖြူဖျော့နေသည်။ 


ထို့နောက် သူမသည် လူ့အရေခွံခြုံထားသည့် မကောင်းဆိုးဝါးအား အေးအေးစက်စက် ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။ 


“ရှင်က ကျွန်မရဲ့အဖေလား။ ချောင်ဝေ့မင်၊ ရှင့်မှာ ချောင်ဟုန်ယဲ့နဲ့ချောင်ကျစ်ကျိုးဆိုတဲ့ သားသမီးအရင်းနှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးလား။” 


သူမ၏အေးစက်လှသော အသံသည် ဆရာဆရာမများကိုပင် ထိတ်လန့်သွားစေ၏။ ဆရာမတစ်ယောက်က သူမအား ခပ်သွက်သွက် ဆီးကြိုပြီး ပြောလိုက်သည်။ 


“ကျင်းယွင်ကျောင်း၊ သမီးအဖေကို မြန်မြန်သွားပြီး ရှင်းပြလိုက်ပါကွယ်။ ရဲတွေက အဲဒီလမ်းသရဲတွေကို ဖမ်းထားပြီးပြီ၊ သူတို့က မင်းကို လာပြီး သက်သေထွက်ဆိုစေချင်နေတယ်။ သူတို့က သေချာပေါက် မင်းရဲ့အပြစ်ကင်းစင်မှုကို ပြန်ယူပေးမှာပါ။” 


ထိုစကားအား ကြားပြီးနောက် ချောင်ဟုန်ယဲ့၏မျက်လုံးများ ပြူးကျယ်သွားသည်။ 


ဖမ်းထားပြီးပြီ ဟုတ်လား။ 


အဖေနှင့်သမီး သားအဖနှစ်ယောက်စလုံးသည် သူတို့ အထဲသို့ ဝင်လာကတည်းက ဆရာဆရာမများကို ရှင်းပြရန် အခွင့်အရေး တစ်ခါမှ မပေးခဲ့ပေ။ သူတို့သည် လမ်းသရဲများ ရှိနေသည့်နေရာအား လုံးဝမသိခဲ့။ အထူးသဖြင့် ချောင်ဟုန်ယဲ့သည် ကျောင်းက ရဲစခန်းသို့ အကြောင်းကြားပေးလိမ့်မည်ဟု မထင်မိခဲ့ပေ။ သူမ ချက်ချင်းပင် ဂနာမငြိမ်ဖြစ်လာသည်။