Chapter 21 : သွေးသားတော်စပ်မှု မရှိသူများ
ချောင်ဟုန်ယဲ့သည် ဂနာမငြိမ်ဖြစ်နေသော်လည်း သူမသည် သူမ ကံကောင်းမည် ယုံကြည်နေဆဲပင်။
သူမသည် ထိုလမ်းသရဲခေါင်းဆောင်နှင့် သိကျွမ်းခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာပြီဖြစ်သည်။ သူတို့၏ခင်မင်မှုသည် အမြဲတမ်းကောင်းမွန်ခဲ့ပြီး ယခင်ကလည်း သူသည် သူမအား အကူအညီများစွာပေးခဲ့၏။ သူတို့က သူမအား သစ္စာဖောက်လိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။
ထိုသို့တွေးလိုက်၍ စိတ်သက်သာရာရသွားပြီး ချောင်ဟုန်ယဲ့က သက်ပြင်း ခပ်ဖွဖွချလိုက်သည်။
ကျင်းယွင်ကျောင်းက ရုံးခန်းထဲသို့ဝင်လိုက်ပြီး အထဲရှိ လူများနှင့် မျက်နှာချင်းဆိုင်လိုက်၏။
“ဆရာတို့၊ ကျွန်မကြောင့် ဆရာတို့ အစွပ်အစွဲခံရတဲ့အတွက် ကျွန်မ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမယ့် ယွင်ကျောင်း ဆရာတို့အားလုံးနဲ့ ကျောင်းဆီကနေ အကူအညီတစ်ခု လိုချင်ပါသေးတယ်။ ဒီလိုအကြမ်းဖက်မှုမျိုးကို ကျွန်မ ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။”
“ကျင်းယွင်ကျောင်း၊ နင်က ဘယ်လိုအကြမ်းဖက်မှုကိုများ ကြုံခဲ့ရလို့လဲ ဟမ်.. နင့်ကို ငါမရိုက်ရင် နင်က နင့်နေရာနင် သိမှာ မဟုတ်တော့ဘူး။”
ချောင်ဝေ့မင်သည် ရမ်းကားနေကျဖြစ်၍ စကားပြောပြီးသည်နှင့် ချက်ချင်းပင် လက်ကို မြှောက်လိုက်လေ၏။ သို့သော် သူ၏လက်သည် ကျင်းယွင်ကျောင်း၏မျက်နှာကို မရိုက်မိဘဲ သူမက ထိုလက်အား ဖမ်းဆွဲထားလိုက်သည်။
ဤတစ်ပတ်အတွင်း၌ ကျင်းယွင်ကျောင်းသည် နေ့တိုင်းနီးပါး နေရာလွတ်နယ်မြေထဲသို့ ဝင်ချိန်ရရန် ကြိုးစားခဲ့သည်။ ထိုနေရာလွတ်နယ်မြေထဲတွင်လည်း သူမသည် အချိန်အများစုအား ကျောက်စိမ်းအပိုင်းရှိ ဆေးပညာရပ်များကို စုပ်ယူခြင်း၊ မဟုတ်ပါက ကိုယ်ခံပညာလေ့ကျင့်ခြင်းတို့နှင့်သာ ကုန်ဆုံးစေခဲ့၏။ သူမသည် အနည်းငယ်သာ လေ့ကျင့်ရသေးသဖြင့် သိသိသာသာ မတိုးတက်လာသေးပေ။ သို့သော် သူမ၏လက်အားသည် ယခင်ကထက် အများကြီးပို၍ သန်မာလာခဲ့၏။
“နင်က ပိုပိုပြီးတော့ မောက်မာလာတာပဲ။ နင် ငါ့လက်ကို ကာရဲတယ်ပေါ့ ဟုတ်လား။ ငါ နင့်ကို သေအောင် ရိုက်ပစ်မယ်၊ ဘာပဲဖြစ်ဖြစ် နင်က အရှက်မရှိတဲ့ အောက်တန်းစားမပဲ ။”
ကျင်းယွင်ကျောင်း၏အပြုအမူကြောင့် ချောင်ဝေ့မင်က ပို၍ ဒေါသထွက်လာပြီး ထပ်ရိုက်ရန် ကြိုးစားလိုက်သည်။
ကံကောင်း၍ အနားရှိ ဆရာများက အချိန်မီ တုံ့ပြန်လိုက်နိုင်ပြီး ချောင်ဝေ့မင်အား တားလိုက်ကြ၏၊ သို့သော် သူတို့၏နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ဒီလိုအဖေမျိုးနဲ့သာဆိုရင် မိဘမဲ့ဖြစ်တာကမှ ပိုပြီး ကောင်းလိမ့်ဦးမယ်။
“ချောင်ဝေ့မင် ရှင်က ကျွန်မကို အောက်တန်းစားလို့ ပြောလိုက်ကတည်းက ကျွန်မက ရှင့်သမီးမဟုတ်ဘူးလို့ ဝန်ခံလိုက်တာပဲ မဟုတ်ဖူးလား။ ဒီတော့ ရှင့်မှာ ကျွန်မကို ကျောင်းထွက်ခိုင်းနိုင်လောက်တဲ့အထိ ဘာအခွင့်အရေးများရှိနေလို့လဲ။ ဒါ့အပြင် ကျွန်မက ဘာမှမပြောဘူးဆိုတာကလည်း ကျွန်မ ဘာမှမသိဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးနော်။”
ကျင်းယွင်ကျောင်းက သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ဆရာတို့၊ ဆရာတို့အားလုံးက ကျွန်မကို ကျွန်မအမေရဲ့အရင်အိမ်ထောင်ကနေ ပါလာတဲ့ ကလေးဆိုပြီးတော့ သိထားကြတာ။ ဒါပေမယ့် ဆရာတို့ မသိတာက ယဲ့ချင်ကလည်း ကျွန်မရဲ့အမေအရင်း မဟုတ်ဘူးဆိုတာပဲ။”
“ယဲ့ချင် ကိုယ်ဝန်ကြီးနဲ့တုန်းက သူက ကျွန်မကို အနှီးထုပ်ကလေးနဲ့ ရှာတွေ့ခဲ့တယ်။ အစကတော့ သူက ကျွန်မကို စွန့်ပစ်မလို့ပဲ၊ ဒါပေမယ့် ရှေ့ဖြစ်ဟောဆရာက သူ့ကလေးတွေကို ကံအညံ့တွေကနေ ကာကွယ်ပေးဖို့ ကျွန်မကို အဆောင်သဘောမျိုး သုံးလို့ရတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် သူက စိတ်လျှော့ပြီး ကျွန်မကို အိမ်ခေါ်လာတာ။ ကျွန်မ အရင်က အမှန်တရားကို မသိခဲ့ဘူး။ ကျွန်မ နားလည်း မလည်ခဲ့ဘူး၊ ကျွန်မရဲ့မိဘတွေက ဘာလို့ ကျွန်မကို နေ့တိုင်း အော်ဟစ်ကြိမ်းမောင်းနေပြီး အေးတိအေးစက် ပြောဆိုဆက်ဆံနေတာလဲဆိုတာ။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မ အမှန်တရားကို သိလာခဲ့တာ။ နောက်ဆုံးတော့ ကျွန်မ အကြောင်းအရင်းကို သဘောပေါက်သွားခဲ့တယ်။”
“ဘာပဲပြောပြော ယဲ့ချင်က ကျွန်မကို နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုခဲ့ပြီးတော့ အဲဒီအတွက်လည်း ကျွန်မက သူ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ မကြာခင်တုန်းက သူကွယ်လွန်သွားတော့လည်း ကျွန်မ တကယ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပူဆွေးခဲ့တယ်။ ဒါပေမယ့် ကျွန်မ အကြွေးတင်နေတဲ့သူက ယဲ့ချင်တစ်ယောက်တည်းပါ။ ချောင်ဝေ့မင်ဆီမှာ ဘာအကြွေးမှ တင်မနေဘူး။ ဒီနှစ်တွေအတွင်းမှာ သူက ကျွန်မကို ဆူပူကြိမ်းမောင်းတယ်၊ ရိုက်တယ်။ သူက ကျွန်မထက် ယုတ်ညံ့တဲ့ ကောလဟာလတွေကို ပိုယုံတယ်။ ဒီနေ့လည်း သူ ကျွန်မကို ကျောင်းထုတ်ဖို့ လုပ်နေတာက ကျွန်မ အမှားလုပ်ခဲ့လို့မဟုတ်ဘူး၊ အိမ်မှာ ချက်ပြုတ်သန့်ရှင်းရေးလုပ်မယ့် အမေမရှိတော့လို့ပဲ။”
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် နီရဲနေကာ ပတ်ဝန်းကျင်ရှိ လူများက ကြက်သေသေနေကြသည်။
သူမ၏စကားကြောင့် သူတို့အားလုံး အံအားသင့်သွားကြ၏။
ချောင်ဝေ့မင်နှင့်ချောင်ဟုန်ယဲ့သည်ပင် ကျင်းယွင်ကျောင်းက သူမ၏မွေးဖွားရာဇာတ်ကြောင်းကို သိပြီးသားဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။
“ကျင်းယွင်ကျောင်း မင်းပြောသလိုသာဆိုရင် ချောင်ဟုန်ယဲ့နဲ့ချောင်ကျစ်ကျိုးတို့က မင်းနဲ့ သွေးသားတော်စပ်မှု လုံးဝမရှိဘူးပေါ့။”
ဆရာမကျင်က လေအေးတစ်ချက်ကို ရှုသွင်းလိုက်ပြီး မေးလာသည်။
အကယ်၍ ကျင်းယွင်ကျောင်းသာ ယဲ့ချင်၏ သားသမီးအရင်းဖြစ်ပါက ချောင်ဝေ့မင်သည် ကွယ်လွန်သွားသော ဇနီးသည်၏မျက်နှာကို ထောက်၍ ကျင်းယွင်ကျောင်းအား ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည်ဟု မျှော်လင့်၍ ရသေးသည်။
သို့သော် ယခုတွင်မူ ကျင်းယွင်ကျောင်းသည် ချောင်မိသားစုနှင့် လုံးဝသွေးသားတော်စပ်မှုမရှိသော ကလေးဖြစ်၏။ ချောင်ဝေ့မင်က သူမအား အောက်တန်းစားဟုပင် ခေါ်ခဲ့သည်။ ထို “အောက်တန်းစား” ဆိုသည့်စကားလုံးအရ သူမအား ကြင်ကြင်နာနာပြုမူဆက်ဆံလိမ့်မည်ဆိုသည်ဟုတောင် မတွေးနှင့်၊ ချောင်ဝေ့မင်သည် သူမအား အခြေခံလူ့ကျင့်ဝတ်နှင့်အညီပင် ပြုမူဆက်ဆံလိမ့်မည် မဟုတ်ပေ။
ထိုခဏ၌ ဆရာဆရာမများ၏အကြည့်များသည် အေးစက်ပြီး မာကျောစပြုလာ၏။
သူတို့သည် ယခင်က ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း၏ဖခင်ဖြစ်သောကြောင့်သာ တလေးတစား ဆက်ဆံနေကြခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့......