Chapter 22
Viewers 14k

Chapter 22 : ရှက်စရာကိစ္စ


ချောင်ဝေ့မင်အား ကြည့်နေသော ဆရာဆရာမများ၏မျက်လုံးများသည် ဖော်ရွေမှုမရှိတော့ပေ။  


ဆရာမကျင်ကမူ ထုတ်၍ပင် ပြောလာ၏။


“ချောင်လူကြီးမင်း၊ ကျင်းယွင်ကျောင်းနဲ့ပတ်သတ်ပြီး ကျွန်မတို့ ရှင်နဲ့ဆွေးနွေးချင်တယ်။”


“ဘာဆွေးနွေးစရာရှိလို့လဲ။ ကျုပ်က သူ့ကို ကျောင်းထုတ်ချင်တယ်။ ခင်ဗျားတို့ ဆရာဆရာမတွေက ဒါကို ဘယ်လိုတားနိုင်မှာ မို့လို့လဲ။”


“မှန်တာပေါ့။ ကျွန်မတို့ ရှင့်ကို တားလို့မရဘူး။ ဒါပေမယ့် ပထမဆုံး ရှင်က ကျင်းယွင်ကျောင်းရဲ့အုပ်ထိန်းသူဖြစ်ဖို့ အရည်အချင်းပြည့်မီကြောင်း သက်သေပြရမယ်။ ဒါ့အပြင် သူက သူရဲ့ထူးချွန်လွန်းတဲ့ အဆင့်တွေကြောင့် ကျောင်းတက်ဖို့ ရှင့်ရဲ့ပိုက်ဆံကို တပြားမှတောင် သုံးခဲ့ရပုံမပေါ်ဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုပဲ မှီခိုပြီး ကျောင်းတက်နေတာဖြစ်လို့ ရှင့်မှာ သူ့ရဲ့အထူးအခွင့်အရေးကို ပိတ်ပင်နိုင်တဲ့ အခွင့်အရေးရော ရှိရဲ့လား။”


“ခင်ဗျား ရူးနေပြီလား။ ကျုပ်က သူ့ရဲ့ကျောင်းစရိတ်ကို မပေးရဘူးဆိုရင်တောင် သူ့ကို နှစ်ပေါင်းများစွာ ကျွေးမွေးလာခဲ့တာ။ သူ ဒီလို အပြင်မှာလျှောက်ပြီး အရူးထနေတာက ကျုပ်တို့ချောင်မိသားစုရဲ့ဂုဏ်သတင်းကို ထိခိုက်လာလိမ့်မယ်။”


ချောင်ဝေ့မင်က ရှူးရှူးရှားရှား ဒေါသထွက်နေသည်။ သူသည် ကျောင်းထုတ်သည့် လုပ်ငန်းစဥ်များကို လာလုပ်ခြင်းသာဖြစ်ပြီး ဤကဲ့သို့ အခက်ကြုံရလိမ့်မည်ဟု မထင်ခဲ့ပေ။


အကယ်၍ တခြားနေ့တွင်သာဆိုပါက ဆရာဆရာမများသည် ကျင်းယွင်ကျောင်းနှင့်ပတ်သတ်၍ သိပ်ဂရုစိုက်နေလိမ့်မည်မဟုတ်ဘဲ သူမ၏ကံမကောင်းအကြောင်းမလှမှုကို သက်ပြင်းချနေရုံသာပင်။ သို့သော် ယနေ့တွင်မူ ချောင်ဝေ့မင်က လွန်သွားပြီဖြစ်၏။


သူသည် ကျောင်းထဲသို့ ခြေချလိုက်ချိန်မှစ၍ ဆရာဆရာမများအား စတင်စော်ကားခဲ့၏။ ယခုအချိန်တွင် ဆရာဆရာများသည် ချောင်ဝေ့မင်အား ကျင့်ဝတ်တစ်ခုခုနှင့် ပါးစပ်ပိတ်ပစ်ချင်နေပြီဖြစ်သည်။


သဘောတရားအရပြောရလျှင် သူတို့သည် ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း၏အုပ်ထိန်းသူ ဖြစ်ရန် မထိုက်တန်ကြောင်း သက်သေပြနိုင်လျှင် မြို့နယ်၏တာဝန်ရှိသူများထံသို့ ဆက်သွယ်နိုင်လိမ့်သည်။ သူ့အား သူမ၏အုပ်ထိန်းသူအဖြစ်မှ ရုတ်သိမ်းခြင်းသည် လက်ကလေးတစ်ချောင်း မ’ရုံထက်ပင် ပို၍လွယ်ကူသေး၏။


“ကျွန်မက အပြင်မှာ လျှောက်ပြီးအရူးထနေတယ်လို့ ရှင် ပြောလိုက်တာလား။ ကောင်းပြီလေ၊ အစောတုန်းက အဲဒီလူရမ်းကားတွေကို ဖမ်းမိပြီး သူတို့ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ပြီးသွားပြီလို့ ဆရာမတွေက ပြောလိုက်တယ်။ ကျွန်မကလည်း လက်မှတ်ထိုးပြီး အတည်ပြုပေးဖို့အတွက် သွားဖို့လိုတယ်ဆိုတော့ ကျွန်မတို့အားလုံး ဘာလို့ တူတူမသွားရမှာလဲ။”


ကျင်းယွင်ကျောင်းက အေးစက်စက်ဖြင့် အကြံပြုလာသည်။


“ကောင်းပြီလေ၊ သွားကြမယ်။ နင်စောင့်နေ၊ အိမ်ရောက်တာနဲ့ နင့်ကို သတ်ပစ်မယ်။”


ချောင်ဝေ့မင်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်စကားဆိုလိုက်၏။


ကျင်းယွင်ကျောင်းက မကြောက်ပေ။ ဘယ်အချိန် အိမ်ပြန်ရမှာလဲ။ သူမသည် ထိုအိမ်ဟုခေါ်သော နေရာသို့ ပြန်တော့မည်မဟုတ်ပေ။


ကျင်းယွင်ကျောင်း၏ဖြစ်ရပ်သည် ကြီးမားလာပြီဖြစ်၏။ ကျောင်းတွင် သူမ၏အကြောင်း ကောလဟာလများက မဆုံးအောင် ပျံ့နှံ့နေသော်လည်း သူမသည် တစ်ကျောင်းလုံး၌ ထိပ်ဆုံးအဆင့်ဟု သတ်မှတ်ခံထားရသော ကျောင်းသူတစ်ဦး ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် ဤကိစ္စများအား ပါးပါးနပ်နပ် မကိုင်တွယ်မဖြေရှင်းပါက ကျောင်း၏ဂုဏ်သိက္ခာကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလိမ့်မည်ပင်။ သို့ဖြစ်၍ ဒါရိုက်တာက ဆရာမကျင်၊ ကျင်းယွင်ကျောင်း၊ ချောင်ဝေ့မင်နှင့် ကျန်ရှိသောသူများကို ရဲစခန်းသို့ ခေါ်သွားသည်။


ထွက်မလာခင်က ကြိုတင်၍ဆက်သွယ်ထားသောကြောင့် ရဲစခန်းက လိုအပ်သောစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ပေးထားပြီး သူတို့ရောက်သည်နှင့် စာရွက်များကို ကမ်းပေးလာသည်။


“ကျောင်းသူ ကျင်းယွင်ကျောင်း၊ ဒီလမ်းသရဲကောင်တွေဆိုတာ မှန်ရဲ့လား။”


သူမ၏မှတ်ပုံတင်အား အတည်ပြုပြီးနောက် အရာရှိက မေးလာသည်။


ကျင်းယွင်ကျောင်းသည် ထိုအချိန်က မြင်ကွင်းအား ပြန်လည်စဥ်းစားရင်း မျက်မှောင်ကြုတ်လိုက်၏။ သူမ ခဏမျှတွေးနေပြီးနောက် သူတို့ထဲတွင် တစ်ယောက်ပျောက်နေကြောင်း ဆက်စဥ်းစားနေသည်။ သူမက ပြောလိုက်၏။


“အရာရှိကြီးနဲ့ ဒါရိုက်တာရှင့် ကျွန်မ မှတ်မိတာ ခြောက်ယောက်ပါရှင့်၊ ဒါပေမယ့် ဒီမှာ ငါးယောက်တည်းရယ်။ ပြီးတော့ ပျောက်နေတဲ့တစ်ယောက်က သူတို့ရဲ့ခေါင်းဆောင်ဖြစ်နိုင်ပါတယ်၊ ဒီလူတွေက သူပြောတာကိုပဲ နာခံကြတာ။”


အရာရှိက အံသြသွားပြီး မေးလိုက်သည်။


“မင်း အမှတ်များ မှားနေတာလား။”


“မဟုတ်ဘူး၊ အဲဒီလူက သိပ်အသက်မကြီးသေးဘူး၊ သူက နှစ်ဆယ်ကျော်ခါစလောက်ပဲ။ သူ့မှာ နားပေါက်တွေရှိပြီးတော့ တခြားသိသာတဲ့ အမှတ်အသားမရှိဘူး။”


ကျင်းယွင်ကျောင်းက သူ့အား ဖြည်းဖြည်းချင်း ပုံဖော်ပြလိုက်၏။


ထူးခြားသော အမှတ်အသားမရှိသည့် လူတစ်ယောက်မှာ အဆိုးဆုံးဖြစ်သည်။ သူတို့သည် လူပင်လယ်ထဲတွင် သူ့အား ဘယ်လိုရှာရမည်နည်း။


ထိုသူမှာ အဖွဲ့သား ငါးယောက်အဖမ်းခံရပြီးနောက် တစ်ခြားနေရာသို့ ပြောင်းရွှေ့ လွတ်မြောက်သွားခြင်း ဖြစ်နိုင်သည်။


သို့သော် ဤအမှုသည် အမှုကြီးမဟုတ်ပေ၊ အထူးသဖြင့် လမ်းသရဲများကြားရှိ အသေးအဖွဲကိစ္စရပ်သာဖြစ်သည်။ ပြဿနာမှာ သူတို့ ကျင်းယွင်ကျောင်းအား အဓမ္မကျင့်ရန် ကြိုးစားနေသည်ကို မျက်မြင်သက်သေအဖြစ် ထွက်ဆိုသည့် ရဲတစ်ယောက်ရှိနေခြင်းဖြစ်၏။ အကယ်၍ သူတို့သာ မုဒိမ်းမှုဖြင့် အမှုဖွင့်အရေးယူခံရပါက သူတို့၏ကျန်ရှိနေသော ဘဝတစ်သက်တာတွင် ထိုရာဇဝတ်မှုအား ဆေးကြောဖျောက်ဖျက်၍ မရနိုင်တော့ပေ။


“ဟူး...ဒါက သိပ်တော့မကောင်းဘူး။ ဒီလမ်းသရဲတွေက ခရိုင်မြို့မှာ သိပ်နာမည်မကြီးဘူး။ သူတို့က အရင်က လိမ်လည်မှုသေးသေးမွှားမွှားလေးတွေကိုပဲ လုပ်တာ။ သူတို့က ဘယ်တော့မှ ဒီမှာ အဆုံးမသတ်ရလောက်အောင် ကံကောင်းကြတယ်၊ ဒါပေမယ့် ငါ သူတို့ကို ဒီလောက်သတ္တိရှိလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမယ့် မင်း မစိုးရိမ်ပါနဲ့။ ငါတို့ ရဲတွေက ပျောက်နေတဲ့သူကို ဖမ်းဖို့ အတတ်နိုင်ဆုံးကြိုးစားမှာပါ၊ ဒါပေမယ့် သိပ်တော့ မျှော်လင့်ချက်မရှိဘူး။ ဖြစ်ပြီးသွားတာက ကြာပြီဆိုတော့ သူ ဒီပတ်ဝန်းကျင်မှာ ထပ်နေတော့မှာ မဟုတ်လောက်ဘူး။ “


ကျင်းယွင်ကျောင်းက နားလည်သည်၊ သို့သော် အခြေအနေမှာ အနည်းငယ် မလိုလားဖြစ်နေပုံပင်။


“ဟားး၊ သူက ဒီပတ်ဝန်းကျင်မှာ မရှိတော့ဘူးဆိုတာ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ကျင်းယွင်ကျောင်း နင် ဆက်ပြီးတော့ ဟန်ဆောင်နေလိုက်။ နင် ဒီနေ့ မနက်ခုနစ်နာရီမှာ အိမ်ကထွက်သွားတာ၊ ဒါပေမယ့် ကျောင်းကို နေ့လည်မှ ရောက်လာတယ်။ ဒီကြားထဲမှာ ဘယ်တွေသွားနေတာလဲ။ ငါ ပြောလိုက်မယ်၊ နင် အဲဒီအချိန်မှာ အရှက်မရှိတဲ့ကိစ္စတွေလုပ်ဖို့ လမ်းသရဲတွေနေရာကို သွားနေတယ်ဆိုတာ သေချာတယ်။”


ချောင်ဝေ့မင်က ရုတ်တရက် ထပြောလိုက်သည်။


(FH : တရုတ်စကားပုံတစ်ခုရှိတယ်၊ မင်း စကားမပြောလည်း ငါတို့က မင်းကို အ’နေတယ်လို့ မထင်ပါဘူးတဲ့။)