Chapter 23 : အိမ်ပြန်လာဖို့ မစဥ်းစားနဲ့
ပြဿနာကောင် ချောင်ဝေ့မင်သည် ဤကိစ္စအား အကြီးအကျယ် ပြဿနာရှာနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ ယခုတွင်မူ ကျင်းယွင်ကျောင်းက ထိုလမ်းသရဲများနှင့် လုံးဝပတ်သတ်မှုမရှိကြောင်း သက်သေပြလိုက်သည်ဖြစ်ရာ သူ၏မျက်နှာကို ဘယ်နားသွားထားရပါမည်နည််း။
ထိုအချိန်၌ သူသည် ပျောက်နေသော လမ်းသရဲတစ်ယောက်ရှိကြောင်းအား ကြားလိုက်ရာ ထပ်မံ၍ အော်ကြီးဟစ်ကျယ်ဖြစ်လာပြန်သည်။
ကျင်းယွင်ကျောင်းက နားထောင်ပြီးနောက် ဒေါသထွက်ရမည့်အစား ပြုံးလိုက်၏။
သူတို့ ရဲစခန်းသို့သွားရန် ပြင်ဆင်နေချိန်တွင် သူမသည် ချောင်ဝေ့မင်က သူမ ယနေ့မနက် ကျောင်းပျက်သည်အား ပြဿနာရှာလာလိမ့်မည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူတို့ ထွက်မလာမီတွင် သူမသည် သမားတော်ကန်အား ဆက်သွယ်ရန် ရုံးခန်းရှိ ဖုန်းကို ငှားခဲ့၏။
ကံကောင်း၍ သမားတော်ကန်က သူ မသွားမီ၌ သူမအား သူ၏ဖုန်းနံပါတ်ပေးထားရန် သတိရခဲ့သည်၊ သို့မဟုတ်ပါက ဤအချိန်တွင် သူမသည် သူမ၏အပြစ်ကင်းစင်မှုကို သေချာပေါက် သက်သေပြနိုင်မည် မဟုတ်ပေ။
“ဒါရိုက်တာ၊ဆရာမကျင် ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါဦး၊ မနက်အစောက ကျွန်မနဲ့အတူရှိနေတဲ့သူက မကြာခင် ဒီကို ရောက်လာတော့မှပါ။”
ကျင်းယွင်ကျောင်းက ပြောလိုက်၏။
ကျင်းယွင်ကျောင်း၏ ပြောစကားမဆုံးမီမှာပင် အဖိုးအိုတစ်ဦးက သူမဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။
“အဲဒါဆို အဲဒီသူက သမားတော်ကန်ပေါ့။”
ဆရာမကျင်က စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်၏။
ကျင်းယွင်ကျောင်းက ထုံးစံအတိုင်း သူ့အား စတင်၍ မိတ်ဆက်ပေးလိုက်သည်။
“ဒါက သမားတော် ကန်စုန့်ပိုင်ပါ၊ သမားတော်ကန်က ခရိုင်ဆေးရုံမှာ တာဝန်ကျနေပါတယ်။ သူ့ရဲ့ကိုယ်ကျင့်သိက္ခာနဲ့ဂုဏ်သတင်း ကြီးမားမှုကတော့ မငြင်းနိုင်လောက်အောင်ပါပဲ။ သူက လိမ်ပြောမှာ မဟုတ်တာကတော့ သေချာပါတယ်ရှင်။ ဒီမနက် ကျွန်မ ခရိုင်မြို့ကို ရောက်လာပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ သမားတော်ကန်နဲ့တွေ့ခဲ့ပါတယ်။ ကျွန်မက တရုတ်တိုင်းရင်းဆေးပညာလေ့လာရတာကို စိတ်ဝင်စားတာကြောင့် သူနဲ့အတူ ပရဆေးပစ္စည်းစျေးကို သွားခဲ့ပါတယ်။ ဒါဆို ဘာလို့ ချောင်ဝေ့မင်ရဲ့ပါးစပ်ထဲမှာကျ သမားတော်ကန်က လမ်းသရဲတစ်ယောက်ဆိုပြီးတော့ ဖြစ်သွားရတာလဲ။”
ချောင်ဝေ့မင်၏မျက်နှာက နီရဲနေသည်။
သူသည် ရောက်လာမည့်သူအား အဖိုးကြီးတစ်ယောက်ဟု မထင်ခဲ့ပေ။
“ဒါဆိုရင် ဒီက ချောင်လူကြီးမင်း၊ ဒါက ကျုပ်တို့ ပထမဆုံးအကြိမ်တွေ့တာ မဟုတ်ဘူးဆိုတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ကျုပ် ဒီကလေးရဲ့ဆေးညွှန်းကိုမြင်တော့ ဒါက ခင်ဗျားရဲ့ဇနီးကို ကယ်တင်နိုင်မှာပဲလို့ သေချာပေါက် ယုံကြည်ခဲ့ပေမယ့် ခင်ဗျားက အဲဒါကို သုံးဖို့ ငြင်းလိုက်တယ်။ အဲဒီအချိန်ကတည်းက ကျုပ်က ခင်ဗျားကို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့သူလို့ ခံစားခဲ့ရတာ။ အခုတော့ ခင်ဗျားက ကိုယ့်ဇနီးအပေါ်မှာ ရက်စက်ပြီး ကရုဏာတရားကင်းမဲ့ရုံတင်မဟုတ်ဘဲ ဒီလို ကလေးလေးတစ်ယောက်အပေါ်မှာတောင် မေတ္တာတရားမရှိတဲ့သူပဲ။”
ကန်စုန့်ပိုင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ၏ခေါင်းမာမှုကြောင့် ဘဝတစ်ခု အဆုံးသတ်သွားခဲ့ရ၏။
ယခု ကန်စုန့်ပိုင် ရောက်ရှိလာချိန်၌ ချောင်ဝေ့မင်တွင် ပါးစပ်ပေါက်တစ်ထောင်ရှိလျှင်တောင် အဓိပ္ပာယ်မရှိသောစကားများကို ကရားရေလွှတ် ဆက်ပြောရန်အတွက် နည်းလမ်းမရှိတော့ပေ။
ထိုအစား သူသည် ကျင်းယွင်ကျောင်းက လိမ်ညာနေသည်ဟု ယုံကြည်နေသေးသော်လည်း သူ့တွင် သက်သေပြစရာမရှိပေ။ သူ၏ရင်ထဲတွင် ဒေါသများနှင့် ပြည့်နှက်နေသော်လည်း လက်လျှော့လိုက်ရသည်။ ထို့နောက် သူက ခြေလှမ်းပြင်၍ ထွက်သွားဟန်ပြင်လိုက်၏။
သို့သော် သူထွက်မသွားရသေးမီမှာပင် ဒါရိုက်တာက သူ့ဘက်သို့ လှည့်လာခဲ့သည်။
ထိုနေ့မှာပင် ဒါရိုက်တာက မြို့နယ်လူမှုဖူလှုံရေးကော်မတီရုံးသို့ ဆက်သွယ်ခဲ့ပြီး သူ၏အုပ်ထိန်းသူအခွင့်အရေးအား ပြန်လည်စဥ်းစားပေးပါရန် လျှောက်ထားခဲ့သည်။
နင်းရှန်းမြို့သည် ဟွားနင်ခရိုင်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သေးငယ်၏။ ထိုသို့သောကိစ္စများ၌ ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများနှင့် ကိုင်တွယ်ရန် မလိုအပ်ပေ။ အရေးပါသော အချက်မှာ ကျောင်းက ပါဝင်ပေးရန်သာဖြစ်ပြီး အကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီးသည်နှင့် ကောက်ချက်တစ်ခု ချက်ချင်းချလိုက်နိုင်သည်။
ကျင်းယွင်ကျောင်းသည် အသက်ဆယ့်ငါးနှစ်သာရှိသေး၏။ မိဘများ၊ မွေးချင်းမောင်နှမများမရှိလျှင် သူမ၏အုပ်ထိန်းသူနေရာအား မြို့နယ်လူမှုဖူလုံရေးကောင်စီက ယာယီတာဝန်ယူပေးရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချောင်ဝေ့မင်သည် ပထွေးဆိုသည့် သူ၏လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ကိစ္စများအား လုပ်ဆောင်ရန် အိပ်မက်ပင် မက်ခွင့်မရှိတော့ပေ။
အရာအားလုံးသည် မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားလေရာ ချောင်ဝေ့မင် သတိဝင်လာသည့်အချိန်၌ အားလုံးက နေရာတကျဖြစ်နေပြီဖြစ်သည်။ တရားဝင်စာရွက်စာတမ်းများကိုလည်း ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်၏။ သူ ဆန္ဒရှိလျှင်တောင် ဘာကိုမှ မတတ်နိုင်တော့ချေ။
“နင်က ငါ့ကို နင့်အဖေလို့ အသိအမှတ်မပြုချင်ဘူးဟုတ်လား။ ကောင်းပြီ၊ ကောင်းပါပြီ။ အခုချိန်ကစပြီး နင် အိမ်ကို ပြန်လာရဲသေးလား။”
ချောင်ဝေ့မင်က ထိုစကားလုံးများအား ခံပြင်းစွာဖြင့် အော်ဟစ်လိုက်ပြီးနောက် ထွက်သွားလေသည်။
ကျင်းယွင်ကျောင်းသည် နောက်ဆုံး၌ သက်ပြင်းချလိုက်၏။
သူမ ပြန်လည်မွေးဖွားလာသည်မှ ယခုအချိန်ထိတိုင်အောင် နောက်ဆုံးတွင်တော့ သူမ၏အုပ်ထိန်းသူအခွင့်အရေးဆိုင်ရာ ပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။ ယခုအချိန်မှစ၍ ချောင်ဝေ့မင်သည် အတိတ်ဘဝက သူလုပ်ခဲ့သည့်နည်းလမ်းများနှင့် သူမအား အနှောက်အယှက်ပေးရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် သူမသည် ချောင်မိသားစုမှ ထွက်သွားရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ သက်သေခံစာရွက်စာတမ်းများကဲ့သို့ လိုအပ်သော အရာအားလုံးကို သူမ၏နေရာလွတ်နယ်မြေထဲတွင် သိမ်းဆည်းထားခဲ့သည်။ သူမ၏ကိုယ်ပိုင်ပိုက်ဆံနှင့်ဝယ်ယူထားသည့် အဝတ်အစားများကိုသာ ယူဆောင်လာခဲ့၏။ ကျန်သော အဝတ်အစားများမှာ ချောင်ဟုန်ယဲ့ မလိုချင်၍ သူမအား ပေးခဲ့သည်များဖြစ်သည်။ သူမသည် သေချာပေါက်ပင် ချောင်ဟုန်ယဲ့၏တပတ်ရစ်ပစ္စည်းများကို သိမ်းထားမည်မဟုတ်ပေ။
ညအချိန်များတွင် သူမသည် ကျောင်းဖွင့်ရက်များ၌ ကျောင်းအိပ်ဆောင်၌ နေရမည်ဖြစ်ပြီး ပိတ်ရက်များအတွက်မူ သူမ၏အစီအစဥ်နှင့် သူမ နေနိုင်သည်။ သူမ၏နေရာလွတ်နယ်မြေသည် အလွန်ကျယ်ပြန့်၏၊ သူမ တစ်နေရာရာတွင် ပုန်းနေလိုက်ရုံသာဖြစ်ပြီး သူမ၏နေရာလွတ်နယ်မြေထဲသို့ ဝင်သွားနိုင်သည်။