Chapter 24 : မွေးစားအဖိုးတစ်ယောက် ရရှိခြင်း
ကျင်းယွင်ကျောင်းက ကျောင်းတွင်သာနေရန် ပြင်ဆင်ထားသော်လည်း သမားတော်ကန်နှင့်ဆရာမကျင်ကမူ သဘောထားချင်း မတူကြပေ။
“ကျင်းယွင်ကျောင်း၊ ဆရာမရဲ့အိမ်က ကျောင်းနဲ့နီးတယ်။ ဆရာမက တစ်ယောက်တည်းနေတာ။ ဒါကြောင့် ဆရာမကတော့ မင်းကို ကျောင်းမှာ ထပ်မနေသင့်ဘူးလို့ထင်တယ်။ မင်း ဆရာမနဲ့အတူလာနေတာ ပိုကောင်းလိမ့်မယ်။ မင်းကို စောင့်ရှောက်ပေးဖို့အတွက်လည်း ဆရာမ အဆင်ပြေပါတယ်။”
ဆရာမကျင်က အကြံပေးလာသည်။
ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်သည် လူကြီးမိဘများ၏ချစ်ခြင်းမေတ္တာမရရှိဘဲ ကျောင်းတွင်သာ အမြဲနေရမည်ဆိုပါက သူတို့သည် တစ်ခုခုလစ်ဟာနေသကဲ့သို့ ခံစားရရှာလိမ့်မည်။
သမားတော်ကန်ကလည်း ထိုအကြောင်းကို တွေးပြီး ဝင်ပြောလိုက်သည်။
“တွေးကြည့်တော့ ငါ့အိမ်ကလည်း မင်းရဲ့ကျောင်းနဲ့ နီးတာပဲ။”
ကျင်းယွင်ကျောင်းက သမားတော်ကန်အား တအံတသြကြည့်လိုက်ပြီး သူဆက်ပြောလာသည်အား နားစွင့်နေ၏။
“အိမ်က သိပ်မကြီးပေမယ့် အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတယ်။ လက်ရှိတော့ အဲဒီမှာ နှစ်ယောက်တည်းနေတယ်။ တစ်ယောက်က ငါ့ရဲ့မြေးမလေး၊ နောက်တစ်ယောက်က ငါ့ရဲ့မြေးလေး။ သူတို့ကလည်း ရိကျုံးမှာ တက်နေတာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ကလည်း မင်းနဲ့အသက်သိပ်မကွာဘူး။ ကံဆိုးချင်တော့ သူတို့က ငယ်ပေမယ့် သူတို့ရဲ့တွေးခေါ်ပုံက လူကြီးတွေလိုပဲ၊ သူတို့က တခြားလူကြီးမိဘတွေနဲ့ အတူမနေချင်ကြဘူးလေ။ တကယ်လို့ မင်း ဆန္ဒရှိရင် မင်း သူတို့နဲ့အတူနေလို့ရတယ်၊ ဒါပေမယ့် နေထိုင်စရိတ်တော့ ရှိမယ်။”
နေထိုင်စရိတ်အကြောင်းကို ကြားသောအခါ ဆရာမကျင်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုဝင်ပြောဟန် ပြင်လိုက်သည်။ သို့သော် သူမ မပြောရသေးမီမှာပင် သမားတော်ကန်က သူမအား တားလိုက်၏။
“နေထိုင်စရိတ်တွေက အခြေအနေသုံးခုရှိမယ်။ ပထမတစ်ခုက မင်းရဲ့အဆင့်တွေက တစ်ကျောင်းလုံး အယောက်နှစ်ဆယ်ထဲမှာ ရှိရမယ်။ ဒုတိယတစ်ခုက ငါ မင်းကို လတိုင်း ဆေးပညာရပ်နဲ့ဆိုင်တဲ့ စာမေးပွဲတစ်ခု စစ်မယ်။ အများကြီး မခက်ပေမယ့် မင်း အောင်အောင်တော့ ဖြေရမယ်။ တတိယအခြေအနေအတွက်ကျ မင်း အနည်းဆုံး တစ်လတစ်ကြိမ် ငါ လူနာအိမ်ဆေးကုသွားတဲ့နောက်ကို လိုက်ပေးရမယ်။”
ကန်စုန့်ပိုင်၏ စကားဆုံးသောအခါ ကျင်းယွင်ကျောင်းသည် ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်သွား၏။
ကန်စုန့်ပိုင်၏မြေးများသည် သူတို့၏လွတ်လပ်ခွင့်အား လူကြီးမိဘများက ဝင်ရောက်နှောက်ယှက်ပြီး ကန့်သတ်ချုပ်ခြယ်သည့် စည်းကမ်းချက်များကို လိုက်နာချင်ပုံမရဘဲ သူတို့၏ကိုယ်ပိုင်ဘဝဖြင့်သာ စိတ်ကြိုက်နေထိုင်လိုကြသည်။ ထို့ကြောင့် ကန်စုန့်ပိုင်က ဤအချက်သုံးချက်ကို တောင်းဆိုခြင်းဖြစ်၏။ ဤအခြေအနေများသည် သူတို့အား လွတ်လပ်သော နေထိုင်မှုပုံစံဖြင့် နေထိုင်ခွင့်ပြုသော်လည်း တစ်ချိန်တည်းမှာပင် သူတို့အား များများစားစား အနားယူ၍ မရအောင် ကန့်သတ်ထားသည်။
သူ၏စကားကြောင့် ကျင်းယွင်ကျောင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
အကယ်၍ သူမသာ ကျောင်း၌နေလျှင် သူမသည် နေရာလွတ်နယ်မြေထဲသို့ ဝင်ရာ၌ သတိကြီးကြီး ထားရမည်ဖြစ်၏။ ထို့အပြင် ကန်စုန့်ပိုင်၏ဆေးပညာစွမ်းရည်က ဘိုးဘေးလောက် မကောင်းမွန်သော်ငြား သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရင့်သန်သည့် သမားတော်တစ်ဦးဖြစ်နေဆဲပင်။
သူမသည် ဆေးပညာနယ်ပယ်ထဲသို့ စတင်ဝင်ရောက်စဖြစ်သည်။ အကယ်၍ သူမကိုသာ သူ၏လူနာအိမ်သို့ ဆေးကုသွားသည့်အခါများ၌ လိုက်ပါလေ့လာခွင့်ပြုပါလျှင် သူမတွင် အကျိုးကျေးဇူးများစွာ ရရှိပေမည်။
၎င်းကို အဖိုးအခတစ်ခုဟုဆိုသော်လည်း သူမအတွက် ကောင်းကျိုးများချည်းသာဖြစ်သည်။ သူမသည် ထိုကဲ့သို့ အခွင့်ကောင်းကို အလကားယူလိမ့်မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်း၏အမူအယာက လေးနက်သွားပြီး ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်မက သမားတော်ကြီးကို “သမားတော်ကြီး” လို့ ခေါ်တာကို ရပ်လိုက်ပြီး ဖိုးဖိုးကန်လို့ အတင့်ရဲပြီး ခေါ်ရပါလိမ့်မယ်။ ကျွန်မ အဖိုးပြောတဲ့ အိမ်ကို တကယ်ကြိုက်ပါတယ်၊ ဒါပေမယ့် တစ်ခါက ကျွန်မရဲ့ရှစ်ဖူးက ဘယ်အရာကိုမှ အလကားမယူရဘူးလို့ ကျွန်မကို သင်ပေးထားဖူးပါတယ်။ အဖိုးက ကျွန်မကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျွန်မ ဒီကြင်နာမှုကို ဆက်ပြီး အကြောင်းမဲ့ လက်ခံပြီး မနေနိုင်ပါဘူး။ ကျွန်မရဲ့ရှစ်ဖူးက ကျွန်မကို ပိုက်ဆံနည်းနည်း ချန်ထားပေးခဲ့ပါတယ်၊ ကျွန်မ အဖိုးကို လတိုင်း အိမ်လခအနည်းအကျဥ်းပေးနိုင်ပါတယ်ရှင်။”
ကန်စုန့်ပိုင်၏အမူအယာကလည်း လေးနက်သွား၏။
“မင်း ငါ့ကို အဖိုးလို့ ခေါ်လိုက်ပြီးကတည်းက ငါကလည်း မင်းကို ငါ့ရဲ့မြေးမလေးအဖြစ် လက်ခံလိုက်ပါပြီ။ ဒါပေမယ့် ဘယ်လိုအဖိုးမျိုးကများ သူတို့မြေးမလေးဆီက အိမ်ငှားခ ယူလို့လဲကွယ်။ တကယ်လို့ မင်း ဒါကို လက်မခံချင်သေးဘူးဆိုရင်လည်း ငါ့ဆီမှာ မကြာခဏ အလုပ်လာလုပ်ပေး။ ငါက မင်းကို လခမပေးရုံပေါ့။ ဘယ်လိုလဲ။”
ကျင်းယွင်ကျောင်းက ကြောင်အနေပြီးနောက် မျက်နှာများ ရဲတက်လာသည်။
ထိုစဥ်က စိတ်လှုပ်ရှားနေသဖြင့် သူမသည် “ဖိုးဖိုးကန်”ဆိုသော စကားလုံး၏အခြားအဓိပ္ပါယ်ကို မေ့သွားခဲ့၏။
(T/N : တရုတ်မှာ လူကြီးသူမ အဖိုးအရွယ်ကို ယဲ့ယဲ့(爷爷)လို့ခေါ်ပါတယ်။ “ဖိုးဖိုး”ပေါ့။ ယွင်ကျောင်းက သမားတော်ကန်ရဲ့မျိုးရိုးနာမည်က ကန်(甘)မို့လို့ “ဖိုးဖိုးကန်” လို့ခေါ်လိုက်တာပါ၊ တရုတ်လိုကျတော့ “ကန်ယဲ့ယဲ့”(甘爷爷) ပေါ့နော်။ နောက်ပြီး တရုတ်လို မွေးစားအဖိုး/ခေါင်းကိုင်အဖိုးဆိုတာကိုလည်း “ကန်ယဲ့ယဲ့” (干爷爷)လို့ ခေါ်ပါတယ်။ ရှေ့က ကန်ဆိုတဲ့ စာလုံးလေးတွေက အသံထွက်တူပြီး အဓိပ္ပါယ်နဲ့ရေးနည်းမတူပါဘူး။ ဒီ “ကန်”(干)က မွေးစားတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ တရုတ်လို အမေ “မား”(妈)ရဲ့ ရှေ့မှာ 干 ထည့်လိုက်ရင် “ကန်မား” (干妈) မွေးစားအမေလို့ အဓိပ္ပါယ်ရသွားပါတယ်။ ဒါကြောင့် ယွင်ကျောင်းက ဖိုးဖိုးကန်(甘爷爷) လို့ ခေါ်လိုက်ပေမယ့် သမားတော်ကန်က (干爷爷) က “ကန်”(干)လို့ ယူဆလိုက်ပြီး သူ့ကို မွေးစားဖိုးဖိုးလို့ ခေါ်တယ်လို့ မှတ်ယူလိုက်တာပါ။)
သို့သော် ကန်စုန့်ပိုင်သည် ကြင်နာတတ်ပြီး ဆေးပညာရပ်တွင်လည်း အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူသည် သူမနှင့်အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း သူမအား တွေဝေခြင်းမရှိဘဲ အကူအညီပေးခဲ့၏။ အတိတ်ဘဝ၌ သူမသည် နှစ်ပေါင်းနှစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သော်လည်း သူမအတွက် သူလုပ်ပေးခဲ့သည်နှင့် နီးစပ်သော ကူညီမှုမျိုးအား မည်သူကမှ လုပ်မပေးခဲ့ဖူးပေ။
သူမ၏နှလုံးသားသည် မနူးညံ့ဘဲ မနေနိုင်အောင် ဖြစ်သွားသဖြင့် သူမ ပြုံးလိုက်မိ၏။
“ဟုတ်ပါပြီရှင့်။ ဒါဆို အဖိုး၊ အခုအချိန်ကစပြီး ကျွန်မကို ခိုင်းစရာရှိရင် အားမနာပါနဲ့။”
“အဖိုး” ဟုသော ကြည်ကြည်လင်လင် ခေါ်သံလေးက ကန်စုန့်ပိုင်အား အလွန်ဝမ်းမြောက်ပျော်ရွှင်သွားစေသည်။
သူက ကျင်းယွင်ကျောင်း၏ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ဆရာမကျင်အား လှည့်၍ ပြောလိုက်၏။
“ဆရာမရေ ဒီအတွက် တောင်းပန်ပါတယ်။ မင်းသိတဲ့အတိုင်း ကျုပ်ရဲ့ ဒီမွေးစားမြေးမလေးက ဆေးပညာကို ချစ်မြတ်နိုးတယ်။ အတူတူနေရင်းနဲ့ နောက်ကျ သူက ကျုပ်မြေးတွေနဲ့ သူငယ်ချင်းဖြစ်သွားနိုင်ပါတယ်။ ကျေးဇူးပြုပြီး စိတ်ချပါ၊ ယွင်ကျောင်းက လိမ္မာတဲ့ကလေးပါ။ အနာဂတ်မှာ သူ မတရားပြုမှုဆက်ဆံမှုတွေကို မခံစားရစေဘူးလို့ ကျုပ် ကတိပေးပါတယ်။ ဒါကြောင့် ဆရာမက သူ့ကို ကျောင်းမှာ ဂရုစိုက်ပေးဖို့ ကျုပ် တောင်းဆိုရတော့မှာပဲ။”