Chapter 25 : အကျင့်စရိုက်နှင့်ပတ်သတ်၍ ပြဿနာမရှိ
ဆရာမကျင်သည် အနည်းငယ် မှင်သက်နေမိ၏။ သူတို့နှစ်ဦးသားသည် မွေးစားမြေးအဖိုးဖြစ်လာရန် အလွန် လွယ်လွယ်ကူကူ ဆုံးဖြတ်ချက်ချလိုက်မည်ဟု မထင်ခဲ့မိပေ။
ထိုအစား သူမသည် ဝမ်းမြောက်နေမိသည်။ ကျင်းယွင်ကျောင်းအတွက် ဂရုစိုက်ပေးမည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးတစ်ဦးရှိခြင်းက သူမအတွက် ကောင်းသောအချင်းအရာဖြစ်သည်မှာ အသေအချာပင်။ ထို့အပြင် သမားတော်ကန်သည် ခရိုင်၏နာမည်ကျော် တရုတ်တိုင်းရင်းဆေးသမားတော်ကြီးတစ်ဦး ဖြစ်သည်။ သူတို့ တစ်မိသားစုလုံးကလည်း ဆေးပညာရှင်များနှင့် ပြည့်နေ၏။ ကျင်းယွင်ကျောင်းသည်လည်း ဆေးပညာရပ်ကို နှစ်သက်သဘောကျလေရာ ဆိုးကျိုးတစ်ခုမှမရှိဘဲ တစ်ရာ,ရာခိုင်နှုန်း ကောင်းကျိုးချည်းသာ ဖြစ်သည်။
ဤပြဿနာအား နေရာတကျ ဖြေရှင်းပြီးသွားလျှင် အနာဂတ်တွင် ကိစ္စများသည် ယခုထက်ပို၍ လွယ်ကူသွားမည်ဖြစ်၏။
ယနေ့ သူမ အတန်းတက်ရန် မလိုပေ။ ထို့ကြောင့် သူမသည် အဆောင်ရှိ သူမ၏အိပ်ရာကို သန့်ရှင်းရေးလုပ်လိုက်ပြီး ကန်စုန့်ပိုင် ပြောပြထားသည့် အိမ်ရာသို့ ထွက်လာခဲ့လိုက်သည်။
ကန်စုန့်ပိုင်သည် မူလက သူမအား ထိုနေရာသို့ တစ်ခါတည်း ခေါ်သွားလိုခဲ့သော်လည်း သူသည် သူ၏မြေးများအား လခ သိမ်းရမည့်ရက်မဟုတ်ပါက မည်သည့်လူကြီးကိုမှ သူတို့အား နှောက်ယှက်ခွင့်မပြုဟု ကတိပေးထားခဲ့၏။ ထိုကြောင့် သူလုပ်နိုင်သည်မှာ သူ၏မြေးများအား ကြိုတင်ခေါ်ယူ၍ သူတို့၏ အခန်းဖော်အသစ်အကြောင်း ပြောပြထားရန်သာ ဖြစ်သည်။
သူတို့နေထိုင်သော အိမ်ရာအား ဝမ်ရှင်းဟွားယွမ့်(နွေးထွေးသောဥယျာဉ်လေး) ဟု ခေါ်သည်။ ၎င်းမှာ သိပ်မကြီးသော်လည်း နာမည်နှင့်လိုက်ဖက်၏။ တိုက်ခန်းများမှာ နွေးနွေးထွေးထွေးနှင့် ဖော်ရွေပျူငှာသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
သူမ သွားရမည့်တိုက်ခန်းသည် ငါးလွှာတွင် ရှိ၏။ ၎င်းတွင် ထပ်ခိုးတစ်ခုလည်း ပါရှိသည်ဟု ဆိုသည်။ ၎င်းအား သစ်ပင်ပန်းမန်မျိုးစုံဖြင့် အလှဆင်ထား၏။ လအနည်းငယ်ကြာလျှင် ချိုမွှေးသော ပန်းရနံ့များက တိုက်ခန်းတစ်ခုလုံး ပျံ့နှံ့ထုံသင်းနေမည်မှာ အသေအချာပင်။
ကျင်းယွင်ကျောင်းသည် လှေကားထစ်များအတိုင်း ချွေးတစ်စက်မှ မထွက်ဘဲ တက်သွားပြီးနောက် တံခါးခေါက်လိုက်သည်။ မကြာမီ ယုန်ရုပ်များပါသည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က တံခါးဖွင့်ပေးခဲ့၏။
“ကန်ပြောင်ကျဲ လားဟင်”
မိန်းကလေးက မေးလိုက်သည်။
(T/N : ပြောင်ကျဲ(表姐)ဆိုတာ ဝမ်းကွဲအစ်မလို့ အဓိပ္ပါယ်ရပါတယ်။ မွေးစားအစ်မတွေကို ခေါ်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်၊ ဝမ်းကွဲအစ်ကိုကိုကျ ပြောင်ကော(表哥)၊ ဝမ်းကွဲမောင်လေးညီလေးကိုကျ ပြောင်တိ(表第)၊ ဝမ်းကွဲညီမကိုကျ ပြောင်မေ့(表妹) အဲလိုခေါ်ကြပါတယ်။)
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းလေးများမှာ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ သူမသည် ထိုသို့ အခေါ်ခံလိုက်ရသဖြင့် မှင်တက်သွားသော်လည်း တောင့်တောင့်ကြီးပင် ခေါင်းညိတ်ပြလိုက်သည်။
သူမ ခေါင်းညိတ်ပြလိုက်သည်နှင့် တံခါးဝမှ အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရကာ ထိုမိန်းကလေးက ပြောလာ၏။
“ကျွန်မနာမည်က စူးချူပါ။ အဖိုးဆီကနေ ကြားပြီးသွားပြီ၊ အစ်မက ကျွန်မထက် နှစ်လကြီးတယ်ဆိုတော့ ကျွန်မရဲ့ပြောင်ကျဲပေါ့။ ပြောင်ကျဲ ... ပြောင်ကောက အခု သူ့အခန်းထဲမှာ စာလုပ်နေတယ်။ သူ့နာမည်က ကန်ကျင်းချန်တဲ့။ သူက ကျွန်မတို့ထက် တစ်နှစ်ပိုကြီးတယ်။ သူက မူလတန်းတုန်းက တစ်တန်းပြန်တက်လိုက်ရလို့ ကျွန်မတို့နဲ့ အတန်းတူတူဖြစ်နေတာ။ ကျွန်မ အစ်မအကြောင်းကို ကြားပြီးသွားပြီ၊ ကျင်းယွင်ကျောင်း။ အစ်မက ကျွန်မတို့ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသူပဲ”
အပြောခံရသူမှာ အနည်းငယ်ပင် အံ့သြသွားရသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က သူမ၏အကြောင်းကို ရှင်းရှင်းလင်းလင်းသိထားလျှက်နှင့် သူမ၏ မကောင်းသောကောလဟာလများကြောင့် သူမအား မဖယ်ကြဉ်သွားရှာသည့် ပထမဆုံးအကြိမ်ဖြစ်၏။
သူမ အံသြနေစဉ်မှာပင် စူးချူက ပေါက်ပေါက်ဖောက်သကဲ့သို့ ဆက်ပြောလာသည်။
“ဒီနေ့ အစ်မ ရဲစခန်းကို သွားခဲ့တယ်ဆိုတဲ့ အကြောင်း အဖိုးက ကျွန်မကို ပြောပြပြီးပြီ။ အဲဒီလမ်းသရဲတွေကို ဖမ်းမိပြီး သူတို့ရှာတွေ့တဲ့ သက်သေတွေကိုသာ ထပ်ပေါင်းထည့်လိုက်ရင် ကောလဟာလတွေလိုမျိုး အစ်မက သူတို့နဲ့ ဘာမှမလုပ်ခဲ့ဘူးဆိုတာကို အားလုံးသက်သေပြပြီးသား ဖြစ်သွားပြီပဲ။ ဘာတွေဖြစ်သွားမှန်း ကျွန်မ တကယ်ကြီး နားမလည်ပေမယ့် အဖိုးရဲ့ လူတစ်ယောက် အပေါ် အကျင့်စရိုက်ကို အကဲဖြတ်နိုင်စွမ်းကတော့ တကယ့်ကို တိကျတယ်။ သူက အစ်မကို သူ့ရဲ့မွေးစားမြေးမအဖြစ် အသိအမှတ်ပြုတယ်ဆိုကတည်းက အစ်မရဲ့အကျင့်စရိုက်က အမှားမရှိလို့ပေါ့”
စူးချူက ပြောပြီးလျှင် လက်ဆန့်၍ ညွှန်ပြလိုက်သည်။
“အစ်မရဲ့အခန်းက ကျွန်မအခန်းရဲ့ ညာဘက်မှာ ရှိတယ်၊ အကုန် ပြင်ဆင်ပြီးသွားပြီ။ အစ်မ အရင်ဆုံး ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်လိုက်ပါဦး။ ကျွန်မ စာသွားကြည့်လိုက်ဦးမယ်။ အဖိုးရဲ့စာမေးပွဲရက်က သိပ်မလိုတော့ဘူးရယ်”
သူမသည် စကားဆုံးသည်နှင့် အခန်းထဲသို့ အမြန်ပြန်ဝင်သွား၏။
ကျင်းယွင်ကျောင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အိမ်ကို လေ့လာလိုက်သည်။
အိမ်က စတုရန်းမီတာ ၁၂၀ ဝန်းကျင်ရှိပြီး မသေးလှပေ။ မီးဖိုခန်းနှင့် ရေချိုးခန်းများတွင် လိုအပ်သော ပစ္စည်းအသုံးအဆောင်များအားလုံး ရှိနေသော်လည်း ဧည့်ခန်းသည် အနည်းငယ် ရှုပ်ပွနေ၏။ သရေစာမျိုးစုံက နေရာအနှံ့ ပွစာတက်နေပြီး စာအုပ်များကလည်း ဟိုတစ်အုပ် ဒီတစ်အုပ် ပြန့်ကျဲနေသည်။ လုံးဝ ရှုပ်ပွနေသည်ပင်။
သူမသည် သူမ၏အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အတော်လေး သဘောကျသွားရ၏။
အခန်းသည် နေထွက်ရာဘက်သို့ မျက်နှာမူထားသည်။ လိုက်ကာစများက ရွှေရောင်တောက်နေပြီး တစ်ခန်းလုံးက တက်ကြွ၍ ထွန်းတောက်နေသော ခံစားချက်အား ပေးနေ၏။ အိပ်ရာ၊ စာအုပ်စင်နှင့် အံဆွဲဗီရိုများအားလုံးကို နေရာချထားပြီး သူမအတွက် ပြင်ဆင်ပေးထားသည်။ သူမ အလွန်ပင် ကျေနပ်မိ၏။
ချောင်မိသားစုအိမ်တွင် နေခဲ့စဉ်က သူမသည် အသေးဆုံးအခန်းကိုသာ ရခဲ့သည်။ သူမ အလုပ်ကြိုးစားလုပ်၍ ဝယ်ယူထားသော လိုက်ကာ၊ ပန်းအိုးများနှင့်သာ ဈေးပေါပေါ အလှဆင်ထားရ၏။ တစ်နည်းအားဖြင့် ထိုအခန်းသည် အိမ်နှင့်တူသည့် နွေးထွေးသည့် ခံစားချက်ကို လုံးဝ မပေးစွမ်းခဲ့ပေ။
သူမသည် သူမ ယူလာသော ပစ္စည်းများအား ရိုးရိုးပင် နေရာချထားလိုက်သည်။ သူမ၏ အခန်းအား ကြည့်ရသည်မှာ ပို၍ ပို၍ နှစ်သက်ဖွယ်ကောင်းစပြုလာသည်။
နေ့လည်ပိုင်းတွင် ကြီးကြီးမားမားကိစ္စရပ်များ ရုတ်ရုတ်သဲသဲဖြစ်သွားပြီးနောက် သူမသည် မနက်ပိုင်းက ဝယ်လာသော ပစ္စည်းများကိုပင် နေရာမချရသေးပေ။ သူမသည် အခန်းတံခါးကို လော့ခ်ချလိုက်ပြီး နေရာလွတ်နယ်မြေထဲသို့ ဝင်လိုက်၏။
ဂေါ်ပြားအသေးလေးတစ်ခုကို ကိုင်ပြီး ကျင်းယွင်ကျောင်းသည် ဝိညာဉ်စွမ်းအားရှိသော ကျောက်စိမ်းထဲတွင် ရေးသားထားသည့် နည်းလမ်းများအတိုင်း လုပ်ဆောင်လိုက်ကာ မျိုးစေ့များအားလုံးကို မြေကြီးထဲသို့ စိုက်ပျိုးလိုက်သည်။ ထို့နောက် စာမလေ့လာမီတွင် သူမ စိုးရိမ်စရာမလိုဘဲ ထိုအပင်လေးများ ကြီးထွားနှုန်းတိုးစေရန် ရေပန်းမှ ရေရောစပ်ပြီးသားဆေးတစ်မျိုးအား လောင်းလိုက်၏။
နေရာလွတ်နယ်မြေထဲတွင် ဆယ့်နှစ်နာရီမျှကြာပြီးနောက် ထိုမျိုးစေ့များ၏ ပုံပန်းသွင်ပြင်များမှာလည်း ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းတို့၏ အညှောင့်ကလေးများက မြေကြီးအောက်မှ တိုးထွက်လာသည်ကို မြင်နေရပြီဖြစ်၏။ သို့သော် မျိုးစေ့တစ်စေ့ချင်းအလိုက် ရေပန်းမှ ရေအချိုးအစားလည်း မတူညီသည်ဖြစ်ရာ သူတို့၏ရင့်မှည့်လာပုံကလည်း မတူညီကြပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံး အောင်အောင်မြင်မြင် ကြီးထွားလာပြီဖြစ်သည်။