Chapter 26 : ချစ်စဖွယ် နေရာလွတ်ပိုးကောင်လေး
နေရာလွတ်နယ်မြေ၏အရွယ်အစားသည် အလွန်ကျယ်ဝန်း၏။ အထူးသဖြင့် သူမသည် ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်း၏ ပထမဆုံးအပိုင်းကို စုပ်ယူပြီးနောက် နေရာလွတ်နယ်မြေသည် သူမ ပထမဆုံး ဝင်လာခဲ့သည့် အချိန်ကထက် ပို၍ကြီးမားလာကြောင်း ခံစားလာရသည်။
ကျင်းယွင်ကျောင်း ဝယ်လာသော မျိုးစေ့များမှာ အများဆုံး တစ်ကီလိုဂရမ်ခန့်သာရှိ၏။ ဥပမာအားဖြင့် သန်ရှန်းဆေးမြစ်ပင် (T/N : ဂျင်ဆင်းမျိုးနွယ်ဆေးပင်တစ်မျိုး) များသည် ပမာဏမများသော်လည်း မူတစ်ဝက်စာခန့်နေရာယူ၏ (T/N : 3588 စတုရန်းပေနီးပါး)။ ၎င်းတို့အား ရိတ်သိမ်း၍ အခြောက်ခံပြီးသောအခါ မူတစ်ဝက်စာခန့် ရိတ်သိမ်းထားသော ပမာဏသည် အနည်းဆုံး တစ်ရာကီလိုဂရမ် အလေးချိန်စီးလျက်ရှိလေသည်။ ဤသန်ရှန်းမြစ်များကို တစ်ယူနစ် ယွမ်ငါးဆယ်နှင့်ရောင်းချလျှင်ပင် သူမသည် ယွမ်ငါးထောင်ဝန်းကျင် ရှာနိုင်မည်ဖြစ်၏။
နေရာလွတ်နယ်မြေ၏ အကျိုးကျေးဇူးကြောင့် သူမသည် မည်သည့်ဆေးပင်မျိုးစိတ်ကိုမဆို သာမန်ထက်ပို၍ မြန်မြန်ကြီးထွား အပင်ပေါက်လာအောင် လုပ်နိုင်လာခဲ့သည်။ အရှုံးမရှိသော စီးပွားရေးပင် ...
ကျင်းယွင်ကျောင်း၏ ခံစားချက်မှာ အလွန်ကောင်းနေသည်။ တခြားသူများ နှစ်နှစ် သုံးနှစ်ခန့် အချိန်ယူ၍ စိုက်ပျိုးရသော အပင်များသည် သူမ၏နေရာလွတ်နယ်မြေထဲ၌ ဆယ့်နှစ်နာရီအတွင်း အားလုံးရှင်သန်ကြီးထွားနိုင်ကြ၏။ သူမ၏နေရာလွတ်နယ်မြေ အပြင်ဘက်တွင်မူ အချိန်နှစ်နာရီခန့်သာ ကုန်သေးသည်။ ဤကဲ့သို့ သဘာဝနှင့်ဆန့်ကျင်နေသော ဖြစ်ရပ်ကို မည်သူက မနာလိုမဖြစ်ဘဲ နေမည်နည်း။
သို့ရာတွင် ရင့်မှည့်နေပြီဖြစ်သော ဆေးခင်းအကြီးကြီးကို ကြည့်ရင်း ကျင်းယွင်ကျောင်း စတင် ခေါင်းကိုက်လာရသည်။
၎င်းမှာ သေချာပေါက် ငွေရမြန်သည့် နည်းလမ်းဖြစ်သော်လည်း အခက်အခဲရှိသေး၏။ အကယ်၍ သူမသာ မူတစ်ထောင်ကျော် အကျယ်အဝန်းခန့်ရှိသည့် ဆေးပင်ခင်းကြီးကို စိုက်ပျိုးပါက ၎င်းတို့အား သူမတစ်ယောက်တည်း မည်ကဲ့သို့ ရိတ်သိမ်းရမည်နည်း။
သူမ ထိုကိစ္စအား စဥ်းစားနေစဥ်မှာပင် မှတ်ဥာဏ်အပိုင်းအစတစ်ခုက သူမ၏ဦးနှောက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာရာ သူမ ချက်ချင်းပင် ပျော်ရွှင်သွားတော့၏။
ကျောက်စိမ်းအပိုင်းက ဤကဲ့သို့သောအရာကိုလည်း ဖုံးကွယ်ထားသေးသည်လား။
သူမက ခပ်သွက်သွက် အာရုံစိုက်လိုက်ရာ အဖြေသည် သူမ၏ဦးနှောက်ထဲသို့ ဝင်ရောက်လာတော့သည်။
ဤ “ဆွဲသီးထဲရှိကမ္ဘာ” နေရာလွတ်နယ်မြေသည် ဘိုးဘေး၏မွေးရပ်ဖြစ်ရုံတင်သာမကဘဲ ရတနာသိုက်တစ်ခုလည်း ဖြစ်၏။ သက်မဲ့များကိုသာ ထည့်နိုင်သည့် အခြားနေရာလွတ်နယ်မြေများနှင့် မတူသည်မှာ ဤနေရာလွတ်နယ်မြေသည် သူမ၏စိတ်စွမ်းအား တိုးပွားလာသည်နှင့်အညီလိုက်၍ ကျယ်ပြန့်လာနိုင်၏။
ကျင်းယွင်ကျောင်းက ကျောက်စိမ်းအပိုင်းတစ်ပိုင်းကို စုပ်ယူလိုက်ချိန်တိုင်း ၎င်းက သူမ၏မှတ်ဥာဏ်စွမ်းအား ကျယ်ပြန့်လာသည်နှင့် တူညီသည်။ ၎င်းနှင့်အညီ သူမ၏စိတ်စွမ်းအင်ကလည်း အလိုအလျှောက် တိုးပွားလာ၏။
အကယ်၍ သူမသည် သူမကိုယ်တိုင် ရိတ်သိမ်းရမည့် ပြဿနာကို ဖြေရှင်းလိုပါက သူမ လုပ်ရမည်မှာ မြေပေါ်သို့ လတ်ဆတ်သော သွေးစက်တစ်စက် ချပေးရုံသာဖြစ်၏။ ၎င်းသွေးစက်က ဤနေရာလွတ်နယ်မြေ၏ မှော်စွမ်းအင်များကို ဆွဲဆောင်လိုက်ပြီးနောက် ထိုစွမ်းအင်များက သူမ၏ ပြဿနာများအားလုံးကို ဖြေရှင်းပေးမည် ဖြစ်သည်။
ယခုအခါတွင် နည်းလမ်းကို ရှာတွေ့သွားပြီဖြစ်ရာ ကျင်းယွင်ကျောင်းသည် ၎င်းကို စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့။
သူမသည် သူမ၏လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး မြေပေါ်သို့ သွေးစက်တစ်စက်ချလိုက်ကာ ၎င်းသွေးစက် ပျောက်ကွယ်သွားသည်အား စောင့်ကြည့်နေလိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် သွေးစက်ပျောက်ကွယ်သွားသော နေရာမှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းက နောက်ဆုတ်လိုက်ပြီး ထိုအလင်းတန်းများထဲမှ ရေခဲပြာရောင် ပိုးကောင်သေးသေးများ အစုလိုက်ထွက်လာသည်အား ကြည့်နေလိုက်သည်။
ထိုပိုးကောင်လေးများသည် ဝတုတ်နေပြီး အတော်လေး ချစ်စရာကောင်း၏။ သူမ၏ သွေးစက်ကြောင့် ဖြစ်တည်လာသောကြောင့် ဖြစ်နိုင်သည်။ သူတို့က သူမအား ဝိုင်းအုံလာကြ၏။
ထို ရေခဲပြာပိုးကောင်လေးများ၏ အရွယ်အစားမှာ သူမ၏ လက်မခန့်သာရှိသည်။ ထိုသေးသေးလေးများက သူမအား ကူညီနိုင်ပါမည်လားဟု သူမ သံသယမဝင်ဘဲ မနေနိုင်ခဲ့။
သူတို့ သခင်အသစ်၏ သံသယစိတ်အား အာရုံခံမိ၍ ထင်သည်၊ ထိုပိုးကောင်လေးများသည် ရုတ်တရက်ပင် ဆေးပင်များရှိရာဘက်သို့ စတင် တွားသွားထွက်ခွာကြလေတော့သည်။ အချို့ပိုးကောင်လေးများက မြေကြီးထဲသို့ တူးဝင်သွားချိန်တွင် အချို့က သစ်ရွက်များပေါ်သို့ တွယ်တက်ကြပြီး၊ သူတို့၏ခန္ဓာကိုယ်လေးများကို ဘေးတိုက်ရွေ့လျားကာ ဆွဲတင်၊ တွန်းတင်နေကြ၏။ မကြာမီမှာပင် အပင်များအားလုံး မြေပေါ်သို့ ဆွဲတင်ခံလိုက်ရသည် (ရိတ်သိမ်းပြီးစီးသွားခဲ့သည်)။
သူတို့၏လှုပ်ရှားမှုများက အလွန်လျင်မြန်လှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သန်ရှန်းမြစ်များအားလုံး သူမ၏ရှေ့တွင် စုပုံပြီးဖြစ်သွားသည်။
“ကျေး...ကျေးဇူးတင်ပါတယ်”
ကျင်းယွင်ကျောင်းသည် ပိုးကောင်လေးများ စီစီညီညီ တန်းစီနေကြသည်ကို မြင်သောအခါ အံသြဆွံ့အနေမိ၏။ သူတို့သည် သူတို့၏ခန္ဓာကိုယ်လေးများကို ဆန့်၍ သူမဘက်သို့ ဖြည်းညှင်းစွာ ဦးညွတ်လိုက်ကြသည်။ ထို ချစ်စဖွယ်ကောင်းသော မြင်ကွင်းကြောင့် ကျင်းယွင်ကျောင်း ရင်ခုန်သံမြန်သွားရ၏။
နေရာလွတ်နယ်မြေသည် အရာဝတ္ထုများအား လတ်ဆတ်အောင် ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ ထိုကြောင့် သူမအနေနှင့် ထိုဆေးမြစ်များအား အခြောက်ခံရန်မှာ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ကျင်းယွင်ကျောင်းသည် ထိုဆေးပင်များအား လတ်လတ်ဆတ်ဆတ်သာ ရောင်းချနိုင်၏။ ထိုပြဿနာအား ဖြေရှင်းရန်အတွက်မူ သူမ အိမ်အကြီးကြီးတစ်လုံး ဝယ်နိုင်လောက်မည့် ငွေအများကြီး ရှာနိုင်ချိန်အထိ စောင့်ရပေလိမ့်မည်။
သူမ နေရာလွတ်နယ်မြေထဲ၌ သုံးရက်နေခဲ့ပြီး ထွက်လာသောအခါ သူမ ပြောင်းရွေ့လာပြီးသည့် ဒုတိယနေ့ မနက်ခင်းသို့ ရောက်နေပြီဖြစ်သည်။ ကျောင်းချိန်နီးနေပြီဖြစ်ရာ သူမ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
အပြင်ဘက်၌ သူမအား စောင့်နေသည့် စူးချူကို တွေ့လိုက်ရ၏။ ကန်ကျင်းချန်ကိုမူ ထုံးစံအတိုင်း ဘယ်နေရာမှာမှ မတွေ့ရချေ။