Chapter 27
Viewers 14k

Chapter 27 : ကျေးဇူးကန်းသော စူးချူက ပန်းရောင်ကုတ်တစ်ထည်ကို ပြောင်လက်နေသော လည်သာဖြင့် လုပ်ထားသည့် လည်ရှည်ဖိနပ်တစ်ရံနှင့် တွဲဖက် ဝတ်ဆင်ထားသည်။ တစ်ဖက်၌ ကျင်းယွင်ကျောင်းသည် သာမန်အားကစား ဂျာကင်တစ်ထည်ကိုသာ ဝတ်လာ၏။ နှစ်ဦးသားအား နှိုင်းယှဥ်ကြည့်ပါက ကျင်းယွင်ကျောင်း၏ အဝတ်အစားများသည် ပို၍ စျေးပေါပေသည်။ “ပြောင်ကျဲ၊ အဲဒီအရောင်က အစ်မနဲ့ မလိုက်ဘူး။ အစ်မရဲ့အသားအရည်က ဖြူဝင်းနေတာ၊ ဒါကြောင့် ကျွန်မထင်တယ်၊ အစ်မက အနီ ဒါမှမဟုတ် အဖြူရောင်နဲ့ဆို သေချာပေါက် ကြည့်ကောင်းမှာ” စူးချူက ပွင့်ပွင့်လင်းလင်းပင် ချီးမွှမ်းလိုက်၏။ စူးချူသည် သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိပြီး၊ ချစ်စဖွယ်ကောင်းသော အိမ်နီးချင်း ညီမလေးတစ်ယောက်ပုံစံမျိုးဖြစ်သည်။ စူးချူသည် ကျောင်း၌ မည်မျှ နာမည်ကြီးမည်မှန်း ကျင်းယွင်ကျောင်း စိတ်ကူးကြည့်လိုက်မိ၏။ စူးချူ၏ဘက်တွင်တော့ သူမသည် ကျောင်းယွင်ကျောင်းထံမှ လုံးဝ အဖမ်းစားခံရလိုက်ရသည်။ ကျောင်းပွဲတော်ကဲ့သို့သော အခမ်းအနားများတွင် ကျောင်းယွင်ကျောင်းသည် အမြဲတမ်း ကျောင်းသားကိုယ်စားပြုတစ်ယောက်ဖြစ်ခဲ့ရာ စူးချူသည် ယခင်က သူမအား ကျောင်းတွင် အကြိမ်များစွာ မြင်တွေ့ဖူး၏။ သူမသည် အမြဲတမ်း စကားနည်းပြီး၊ အောက်မှ ကျောင်းသားများက သူမ၏အကြောင်းကို ဘာပြောပြော တစ်ခါမှ မတုံ့ပြန်ခဲ့ပေ။ ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အလွန်လှပ၏။ သို့သော် ယခင်က သူမသည် ဘယ်သောအခါမှ သဘောကောင်းမည့်ပုံမပေါ်ခဲ့ဘဲ အမြဲတမ်း အေးတိအေးစက် ခပ်မှိုင်မှိုင်ဟုသာ ထင်ရ၏။ ယခုတွင်မူ သူမသည် တခြားလူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားသလို ခံစားနေရသည်။ သူမသည် အားကစားဂျာကင်တစ်ထည်ကိုသာ ပုံမှန်အတိုင်း ဝတ်ဆင်ထားသော်လည်း သူမအား ကြည့်ရသည်မှာ အထက်တန်းကျနေ၏။ “မင်း မနက်စာ မစားရသေးဖူးလား” ကျင်းယွင်ကျောင်းက သူမ၏ကိုယ်ပိုင်အဝတ်အစားများနှင့်ပတ်သတ်၍ ထွေထွေထူးထူးထင်မြင်ချက်မရှိရာ အကြောင်းအရာပြောင်းမေးလိုက်သည်။ “ဒီမှာ အသင့်စား ခေါက်ဆွဲတွေပဲရှိတာ။ ပြောင်ကောက ဒီနေ့ အစောကြီး ထွက်သွားတယ်လေ။ မဟုတ်ရင် ဆန်ပြုတ်နည်းနည်းလောက်တော့ သောက်စရာရှိဦးမှာ” စူးချူက ခါးသီးနေသော အမူအယာဖြင့် ပြောလာ၏။ ကျင်းယွင်ကျောင်းက နှုတ်ခမ်းတွန့်ရုံလေးပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။ အချိန် စောသေး၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက စူးချူအား ခဏစောင့်ရန် ပြောလိုက်ပြီး နှစ်ယောက်စာ ဆန်ပြုတ်ချက်ရန် စတင်ပြင်ဆင်လိုက်တော့သည်။ စူးချူသည် ကလေးဆန်သော စိတ်ထားရှိ၏။ ကျင်းယွင်ကျောင်းက မနက်စာအား အဆင်ပြေပြေ ချက်ပြုတ်နေသည်ကို မြင်သောအခါ တက်တက်ကြွကြွပင် မှတ်ချက်ပေးလာ၏။ “ပြောင်ကျဲ၊ အစ်မက အိမ်မှာ နေ့တိုင်း ချက်ပြုတ်နေကျလား။ အစ်မရဲ့ဆန်ပြုတ်က ပြောင်ကောချက်တာထက်တောင် ပိုကောင်းမယ့်ပုံပဲ” သူမ၏ ပြောကော၊ ကန်ကျင်းချန်၏ လက်ရာသည် သူမ၏လက်ရာထက် အနည်းငယ်သာ ပိုကောင်းပြီး၊ ယခု ကျင်းယွင်ကျောင်း၏လက်ရာနှင့် တစ်ခြားစီပင်။ အနံ့လေးကအစ အရသာရှိမယ့်အနံ့လေး မွှေးနေရောပဲ။ “နောက်ကျ မင်းစားချင်တာရှိရင် ငါ့ကိုပြော၊ ငါ မင်းအတွက် ချက်ပေးမယ်” ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။ မလိုအပ်ပါက ကျင်းယွင်ကျောင်းသည် စကားအများကြီးမပြောတတ်သော်လည်း ပြန်လည်မွေးဖွားလာပြီးနောက်တွင်တော့ သူမသည် အနည်းငယ် တိုးတက်လာခဲ့သည်။ တစ်မနက်ခင်းလုံးတွင် စူးချူသည် သူမ တစ်ဦးတည်း ဒိုင်ခံ၍ အဆက်မပြတ် စကားပြောနေခဲ့၏။ အစပိုင်းတွင် ကျင်းယွင်ကျောင်းသည် တစ်ခွန်းစနှစ်ခွန်းစ စိတ်ရှည်လက်ရှည် ထောက်ပေးခဲ့သော်လည်း စူးချူသည် အကြောင်းအရာ ခေါင်းစဥ်များစွာ ပြောင်းပြောင်းပြောတတ်ကြောင်း သိရှိသွားခဲ့ရပြီး၊ သူတို့၏စကားဝိုင်းသည် ဘယ်တော့မှ အကြောင်းအရာတစ်ခုတည်း ဖြစ်မနေခဲ့ပေ။ ထို့ကြောင့် ခဏအကြာတွင်တော့ သူမသည် အသံတိတ်နားထောင်သူ တစ်ယောက်သာ ဖြစ်လာပြီး မကြာခဏ ခေါင်းညိတ်ပြ၍သာ တုံ့ပြန်နေလိုက်တော့သည်။ မနက်စာစားပြီးနောက် သူတို့ ကျောင်းသို့ ထွက်လာခဲ့၏။ အပြင်ဘက်ရှိ နေရောင်ခြည်သည် တောက်ပပြီး သက်တောင့်သက်သာရှိကာ သူမ၏ဘဝအသစ်ကို ဂုဏ်ပြုပေးနေသကဲ့သို့ပင်။ “ကြည့်၊ အဲဒါ ကျင်းယွင်ကျောင်း မဟုတ်လား” သူတို့ ကျောင်းဝန်းထဲသို့ ဝင်လိုက််သည်နှင့် တစ်စုံတစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်၏။ “မနေ့က ချောင်ဟုန်ယဲ့က အတန်းထဲကို ပြန်ရောက်တာနဲ့ စပြီး ငိုတော့တာပဲ။ သူ့ကို အကြာကြီးမေးတာတောင် နောက်ဆုံးမှ သူက ငါ့ကို ပြောပြတာ။ သူပြောပြတာက ကျင်းယွင်ကျောင်းက သူ့အမေရဲ့သမီးအရင်း မဟုတ်ဘူးတဲ့။ သူက ချောင်မိသားစုက ကောက်ပြီး မွေးစားထားတဲ့ ကလေးတစ်ယောက်ပဲတဲ့။ မနေ့က ချောင်ဟုန်ယဲ့ရဲ့အဖေ ရောက်လာပြီးတော့ အော်ကြီးဟစ်ကျယ်တွေ လုပ်ခဲ့တယ်ဆိုပဲ။ သူတို့ ရဲစခန်းကိုတောင် သွားခဲ့ကြတာတဲ့။ နောက်ဆုံး ကျင်းယွင်ကျောင်းက အိမ်က ထွက်သွားခွင့်ရဖို့ အတင်းအကြပ်တောင်းဆိုခဲ့တယ်လို့ ကြားတာပဲ၊ သူက ချောင်မိသားစုနဲ့ လုံးဝအဆက်အသွယ်ဖြတ်ချင်တဲ့ အဓိပ္ပါယ်ပေါ့ဟယ်” ထိုမိန်းကလေးက တီးတိုးပြောလိုက်သည်။ သူမ၏အသံက အတော်လေးတိုးသော်လည်း ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ သူမနှင့်ခြေလှမ်းအနည်းငယ်မျှအကွာတွင်သာ ရှိနေကြသည်ဖြစ်၍ အားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်ကြ၏။ ကျင်းယွင်ကျောင်းက ထိုမိန်းကလေးအား တစ်ချက်ကြည့်လိုက်သည်။ သူမသည် ထိုမိန်းကလေးအပေါ်တွင် ထင်မြင်ချက်အချို့ရှိခဲ့၏။ ရိကျုံးကျောင်းသည် ဟွားနင်ခရိုင်တွင် အကောင်းဆုံးကျောင်းဖြစ်ပြီး ပထမနှစ်တွင် အတန်းပေါင်းနှစ်ဆယ်ကျော်ရှိ၏။ ထိုမိန်းကလေးသည် အေခန်း (Class A) မှ ဖြစ်ပြီး ချောင်ဟုန်ယဲ့က ညာဘက်ကပ်ရပ်ရှိ ဘီခန်း (Class B) မှ ဖြစ်သည်။ သူတို့၏အတန်းများသည် ဘေးချင်းကပ်လျက်ဖြစ်ပြီး မိသားစုသဖွယ် ဖြစ်ကြ၏။ ထို့ကြောင့် ထိုအတန်းနှစ်တန်းသည် တစ်တန်းနှင့်တစ်တန်း မကြာခဏ နှိုင်းယှဥ်ခံရသည်။ သူမသည် အတိတ်က အကြောင်းအရာများကို မှတ်မိသွား၏။ ထိုမိန်းကလေး၏နာမည်မှာ လုကျားဖြစ်ပြီး သူမသည် စကားအများဆုံး မိန်းကလေးတစ်ယောက်ဖြစ်ကာ အမြဲတမ်း ချောင်ဟုန်ယဲ့နားတွင် တတွဲတွဲ ကပ်နေတတ်သည်။ လုကျားသည် ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းဆီမှ အမြဲတမ်း အနိုင်ကျင့်စွပ်စွဲခံနေရသကဲ့သို့ ပြုမူတတ်၍ သူမအား လက်စားချေရန် ကြိုးပမ်းလေ့ရှိ၏။ ၎င်းမှာ လုကျားက သူမအား အမြဲတမ်း တိုက်ခိုက်နေရသည့် အကြောင်းအရင်းပင်။ လက်ရှိ လုကျားသည်လည်း အတိတ်ဘဝကကဲ့သို့ပင် ဖြစ်၏။ ကျင်းယွင်ကျောင်းအား မြင်လိုက်သည့်နောက်တွင်မူ သူမက အလွန်မောက်မာစွာဖြင့် အသံမြှင့်ကာ ပြောလိုက်သည်။ “တချို့လူတွေက အဆင့်လေးကောင်းတာနဲ့ သူတို့ကိုယ်သူတို့ ဘာမဆို လုပ်နိုင်ပြီလို့ ထင်နေကြတာ။ သူတို့က အိမ်ကနေ ထွက်သွားပြီးတော့တောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ချင်နေလိုက်ကြသေးတယ်။ အဲဒီသူတွေက သူ့ရဲ့မိဘအရင်းတွေ မဟုတ်ရင်တောင်မှ သူတို့ရဲ့ကျေးဇူးက မိဘအစစ်ဆိုတာတွေထက်တောင် ပိုကြီးသေးတယ်။ သူက သူတို့ကို မလိုချင်ဘူးလို့ ပြောလိုက်ပြီးတော့ သူ့မှာ သူတို့ရှိဖို့ မလိုဘူးလို့ တကယ်ကြီး ထင်နေတာပဲ။ ငါတော့ ဒီလို ကျေးဇူးကန်းတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး”