Chapter 28 : နင်က မိထွေးဖြစ်ချင်နေတာလား
“လုကျား၊ နင့်အသံကို လျှော့ပါဦး”
လုကျား၏ဘေးမှ မိန်းကလေးက သတိပေးလိုက်သည်။
သူတို့သည် ကျင်းယွင်ကျောင်းအား မနှစ်သက်သည့်တိုင်အောင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှ ရန်စမရှိခဲ့ပေ။ ထို့အပြင် မနေ့က ချောင်ဟုန်ယဲ့၏ အဖေဖြစ်သူက ကျောင်းသို့လာ၍ အော်ကြီးဟစ်ကျယ်လုပ်ခဲ့ရာ လူတိုင်း စိတ်မသက်မသာဖြစ်ခဲ့ကြရ၏။ သူတို့သည် ထိုကဲ့သို့ အရှက်တရားကင်းမဲ့၍ အရေထူသောသူမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့။
“ငါ့ကို မတားနဲ့”
လုကျားက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောပြန်သည်။
“ငါက ဘာအမှားလုပ်မိလို့ ငါ့အသံကို ထိန်းပြောရမှာလဲ။ နင်တို့တွေ ဘာလို့ ဒီကိစ္စကို ဦးနှောက်နည်းနည်းသုံးပြီး စဥ်းစားကြည့်ကြလေ။ သူက ချောင်ဟုန်ယဲ့ရဲ့ အစ်မအရင်း မဟုတ်ဘူး၊ ဒါပေမယ့် သူ့ကို ချောင်မိသားစုရဲ့အရိပ်အောက်မှာ နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာ။ သူက ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသူတစ်ဦးတောင် ဖြစ်လာသေးတယ်လေ။ ဘယ်လိုအခွင့်အရေးနဲ့များ သူက သူတို့ကို သူ့ရဲ့မိဘတွေအဖြစ် အသိအမှတ်မပြုနိုင်ရတာလဲ။ မနေ့က ကိစ္စမှာလည်း ဦးလေးချောင် တအားဒေါသထွက်နေတာ အကြောင်းအရင်းရှိတယ်။ သူသာ အဲဒီလမ်းသရဲတွေနဲ့ ဇာတ်လမ်းမရှုပ်ခဲ့ဘူးဆိုရင် ကိစ္စတွေကလည်း ဒီလိုပြောင်းလဲသွားမှာ မဟုတ်ဘူး”
“နင် ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ အဲဒီလမ်းသရဲတွေက အဖမ်းခံရပြီးပြီ။ ပြီးတော့ သူတို့က ပြောင်ကျဲနဲ့ ဘာမှမဖြစ်ခဲ့ကြဘူး”
စူးချူက လုကျား၏ ဝေဖန်စွပ်စွဲမှုကို ကြားသောအခါ ဒေါသတကြီး ဝင်ပြောလိုက်၏။
လူများသည် အဘယ့်ကြောင့် ကောလဟာလများ ဖြန့်ရသည်ကို နှစ်သက်ကြပြီး ပြဿနာကို မီးမွှေးရှာတတ်ကြသည်မှန်း သူမ နားမလည်နိုင်။
ကျင်းယွင်ကျောင်း၏ မျက်ဝန်းများက အနည်းငယ် မှိန်ဖျော့သွားသည်။ သူမသည် စူးချူအား သူမ၏နောက်သို့ ပြန်ဆွဲလိုက်ပြီး လုကျားဆီသို့ တည့်တည့်လျှောက်သွားလိုက်၏။
“နင်က ငါနဲ့ တစ်အိမ်တည်းနေတာလား။ ငါ ဘယ်လိုနေခဲ့ရတယ်ဆိုတာ နင်က သိလို့လား။ ဒါမှမဟုတ်ရင် နင်က လူတွေရဲ့စိတ်ကို ဖတ်နိုင်ပြီးတော့ ငါ ဘာတွေးနေလဲဆိုတာကို သိနေတာလား။ မဟုတ်ရင် နင့်မှာ ချောင်ဝေ့မင်ဘက်ကနေ ရှေ့နေလိုက်ပေးဖို့ ဘယ်လို အခွင့်အရေးများ ရှိနေလို့လဲ။ အိုး...ချောင်ဝေ့မင်က အခုအချိန်မှာ သူ့ဇနီးဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေတုန်း ရှိသေးတာနော်။ နင်က ချောင်ဟုန်ယဲ့ကို အရမ်းချစ်နေတာဆိုတော့ နင်က သူ့မိထွေးဖြစ်လာဖို့များ အစီအစဥ်ဆွဲနေတာလား”
ကျင်းယွင်ကျောင်းက နောက်မဆုတ်စတမ်း ပြန်တုံ့ပြန်လိုက်သည်။
အတိတ်ဘဝကတည်းကပင် လုကျားသည် ချောင်ဟုန်ယဲ့၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ခဲ့သည်။
အကယ်၍ လုကျားသည် ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့ဆီမှ ပထမနေရာကို ခိုးသွား၍ မနာလိုဖြစ်သည်သာဆိုပါက ကျင်းယွင်ကျောင်းတွင် ပြောစရာစကားမရှိပေ။ သို့သော် သူမသည် ယခင်က လုကျားနှင့် တစ်ခါမှ ပြဿနာမဖြစ်ဖူးပါဘဲ လုကျားက သူမအား အမြဲ ပြဿနာရှာ၏။
ဤသည်က လုကျားသည် သူမ၏သူငယ်ချင်းဘက်မှ ရပ်တည်၍ ကျင်းယွင်ကျောင်းအား နာမည်ဖျက်သည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ အတိတ်ဘဝတုန်းက ကျင်းယွင်ကျောင်းသည် သူမ,မရှိသကဲ့သို့ သဘောထား၍ လျစ်လျူရှုခဲ့သည်။ သို့သော် ယခုတွင်တော့ သူမ ထိုသို့ ထပ်မလုပ်နိုင်တော့ပေ။
သူတို့သည် အသက်ဆယ့်ငါးနှစ်အရွယ်မိန်းကလေးများသာ ဖြစ်ကြသည်။ လုကျားက ကျင်းယွင်ကျောင်း၏စကားကို ကြားသောအခါ သူမ၏ မျက်နှာက ချက်ချင်းနီရဲတက်လာ၏။
“ငါ မဟုတ်ဘူး။ နင်ကသာ အောက်တန်းစားမ။ နင့်မှာ ငါ့ကို ဒီလိုပြောဖို့ ဘာအခွင့်အရေးများရှိလို့လဲ”
အခြားလူများက ကျင်းယွင်ကျောင်း၏ စကားများအား ယုံကြည်သွားမည်ကို စိုးသောကြောင့် လုကျား၏ အသံမှာ တုန်ယင်နေသည်။
သူမက လက်ကိုမြှောက်၍ ကျင်းယွင်ကျောင်းအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်၏။ သူမ၏ ချက်ချင်းထလုပ်တော့မည့်သဖွယ် အမူအယာမှာ အတော်လေး ကြောက်စရာကောင်းနေသည်။
ဤလုကျားသည် ချောင်ဟုန်ယဲ့နှင့် ပုံပန်းသွင်ပြင် လုံးဝကွာခြား၏။ သူမတွင် ဆံပင်ရှည်များရှိသော်လည်း သူမသည် သိပ်ကြည့်မကောင်းဘဲ၊ မျက်နှာအစိတ်အပိုင်းများမှာ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်သည်။ ပျိုဖော်ဝင်စချိန်ဖြစ်သောကြောင့် သူမ၏မျက်နှာတွင် ဝက်ခြံအချို့ရှိနေလေရာ သူမ၏အသားအရေမှာ ချောင်ဟုန်ယဲ့လောက်လည်း မကောင်းပေ။
ယခုအခါ သူမ အလွန်ဒေါသထွက်နေသည်ဖြစ်ရာ သူမ၏ ဝက်ခြံများသည်လည်း ပေါက်ထွက်မတတ် နီရဲလာကြသည်။ ၎င်းအား သူမ၏ရန်လိုနေသော အမူအရာနှင့်တွဲလိုက်ရာ ကျင်းယွင်ကျောင်းသည် ထိုမြင်ကွင်းအား အနည်းငယ် မသတီဖြစ်မိ၏။
“ဒါကြောင့် ငါက အောက်တန်းမပေါ့။ ငါက သေသင့်တယ်၊ အနိုင်ကျင့်ခံရသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်လား”
ကျင်းယွင်ကျောင်းက လက်မြှောက်၍ လုကျား၏ လက်ကို အားဖြင့် ရိုက်ချလိုက်သည်။
“ငါက တခြားသူတွေဆီကနေ လက်ညှိုးထိုးခံရတာကို မကြိုက်ဘူး။ အထူးသဖြင့် ရွံစရာကောင်းတာတွေဆီကနေပေါ့”
“အရှက်မရှိ၊ ဘယ်သူ့ကို ရွံစရာကောင်းတယ်လို့ ပြောနေတာလဲ”
လုကျားသည် သူမ၏ မျက်နှာနှင့် ပတ်သတ်၍ အမြဲတမ်း မသက်မသာ ခံစားနေရသည် ဖြစ်၏။ ယခုအခါ ကျင်းယွင်ကျောင်းက ထိုသို့ပြောလိုက်လေရာ လုကျားသည် သည်းမခံနိုင်တော့ဘဲ သူမအား ဘေးလူများက တားနေသည်ကိုပင် လျစ်လျူရှုကာ ကျင်းယွင်ကျောင်းဆီသို့ ဒေါသတကြီး ပြေးဝင်သွားတော့သည်။
အရူးမတစ်ယောက်ကဲ့သို့ပင် လုကျားသည် သူမ၏လက်သည်းရှည်များကို ထုတ်ပြီး ကျင်းယွင်ကျောင်း၏ မျက်နှာအား ဆွဲကုတ်ပစ်လိုက်၏။ အကယ်၍ အတိတ်ဘဝတုန်းကသာ ဖြစ်ပါမူ လုကျားသည် သူမ၏ မျက်နှာအား အောင်အောင်မြင်မြင် ဆွဲကုတ်ပစ်နိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ကျင်းယွင်ကျောင်းသည် သူမ၏နေရာလွတ်နယ်မြေထဲ၌ ကိုယ်ခံပညာများကို အချိန်တစ်ခုကြာအောင် လေ့ကျင့်ထားပြီးဖြစ်၏။ သူမ၏ စွမ်းရည်သည် စတင်လေ့လာသူတစ်ယောက်ကဲ့သို့ မှတ်ယူရလောက်အောင်ပင် မကောင်းသေးသော်လည်း သူမ၏ ခွန်အားနှင့် အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကမူ လုကျားကဲ့သို့သော မိန်းကလေးငယ်လေးများထက် သာပေသည်။
ကျင်းယွင်ကျောင်းက လက်ဆန့်၍ လုကျား၏ လက်ချောင်းများကို ဖမ်းဆွဲထားလိုက်၏။ သူမသည် ထိုလက်ချောင်းများကို ရက်ရက်စက်စက် ဆုပ်ချေပစ်လိုက်ရာ ပတ်ဝန်းကျင်ရှိလူများပင် အရိုးအက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။
လုကျားသည် မျက်ရည်များကျလာပြီး နာနာကျင်ကျင် အော်ငိုလိုက်လေ၏။