Chapter 30
Viewers 14k

Chapter 30 : တရားဥပဒေအရ ကိုယ့်ကိုကိုယ် ကာကွယ်ခုခံပိုင်ခွင့် 


ဆရာကျင်ဘက်ရှိ ကိစ္စများမှာ ကိုးယို့ကားရားဖြစ်နေပြီး သူမ၏အမူအယာက မသက်မသာနှင့် စိုးရိမ်မှုများပြည့်နေသည်။ သူမသည် ကျင်းယွင်ကျောင်းက ယနေ့ ဤကဲ့သို့သော လုပ်ရပ်ကို လုပ်ခဲ့ခြင်းမှာ သေချာပေါက်ပင် ယမန်နေ့ကဖြစ်ခဲ့သည်များကြောင့် သူမ အလွန်အမင်း စိတ်ဖီးစီးနေ၍ဖြစ်မည်ဟု ယုံကြည်၏။


“ကျင်းယွင်ကျောင်း၊ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ”


ဆရာမကျင်က လေသံမာမာဖြင့် စစ်ဆေးမေးမြန်းလိုက်သည်။


ကျင်းယွင်ကျောင်းက ဆရာမကျင်အား တရားမျှတမှုရှိသူမှန်း သိထားပြီးဖြစ်သဖြင့် ဆရာမကျင်၏ အမြင်သည်လည်း ကျိုးကြောင်းဆီလျှော်မှုမရှိဟု မထင်မိပေ။ ဆရာမကျင်သည် သူမအား စ,စချင်းမှာပင် အပြစ်မတင်ခဲ့သည်ဖြစ်ရာ ထိုသည်က သူမအနေဖြင့် ကျင်းယွင်ကျောင်းအား ယုံကြည်သည့် လက္ခဏာပင် ဖြစ်လေ၏။


“ဆရာမကျင်၊ ကျွန်မ လက်ပါခဲ့တဲ့အတွက် မှားသွားပါတယ်။ အဲဒီအတွက် ကျွန်မ တောင်းပန်ပါတယ်”


ကျင်းယွင်ကျောင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ ထို့နောက် ဖူးယောင်နေသော မျက်နှာနှင့် လုကျားအား မျက်နှာချင်းဆိုင်၍ တောင်းပန်လိုက်၏။


“ငါ တောင်းပန်ပါတယ်”


သို့ရာတွင် ဘယ်သူကမှ ဘာမှပြန်မပြောရသေးမီမှာပင် ကျင်းယွင်ကျောင်းက ဆက်ပြောပြန်သည်။


“ဒါပေမယ့် ကျွန်မလုပ်ခဲ့တာကို ကျွန်မ နောင်တမရပါဘူး။ ပြောရရင် ကျွန်မက ဒါကို ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့အတွက် လုပ်ခဲ့တာပါ”


ထိုအခါ ဆရာမကျင်က အံ့အားသင့်သွား၏။


“မင်း ဘာကိုဆိုလိုတာလဲ။ လုကျားက အရင်ဆုံးတိုက်ခိုက်တဲ့သူ ဖြစ်နိုင်လို့လား”


ဘီခန်းမှ ဆရာမက သံသယအပြည့်ဖြင့် မေးလာသည်။


ယခုအချိန်တွင် လုကျားသည် အသက်ရှုရပ်မတက် သည်းသည်းထန်ထန် ငိုကြွေးနေပြီး သူမ၏မျက်နှာမှာလည်း ပို၍ ဖူးကားလာ၏။ သူမသည် တစ်ခွန်းမှ ပြန်မတုံ့ပြန်နိုင်သေးပေ။


“ကျွန်မ ဒီနေ့ ကျောင်းထဲဝင်လာတော့ လုကျားက ကျွန်မရဲ့မကောင်းကြောင်းကို အခြေအမြစ်မရှိ စပြောပါတယ်။ ကျွန်မက စကားနည်းနည်းနဲ့ပဲ တုံ့ပြန်ခဲ့ပေမယ့် ကျွန်မ သူ့ကို ဘာများ မကျေမနပ်ဖြစ်အောင် လုပ်လိုက်မိတယ်မသိဘူး။ သူက စပြီး ကျွန်မကို လက်ညိုးငေါက်ငေါက်ထိုးပြီး အောက်တန်းစားမလို့ ခေါ်ပါတယ်။ ဆရာမ၊ ကျွန်မရဲ့မိဘအရင်းတွေက ကျွန်မကို စွန့်ပစ်ခဲ့တာ ကျွန်မအပြစ်လား။ လူတိုင်းက မွေးကတည်းက အောက်တန်းစားလား။ အကယ်၍ ဆရာမလည်း ဒီလိုသာ မတရားစွပ်စွဲခံရမယ်ဆို ဆရာမလည်း ဒေါသထွက်မိမှာလား”


ကျင်းယွင်ကျောင်းက ဖြည်းဖြည်းချင်း ရှင်းပြသည်။


“ဒါကြောင့် မင်း သူ့ကို ရိုက်ခဲ့တာလား”


ဆရာမကျင်က ပြန်မေးလိုက်၏။


ကျင်းယွင်ကျောင်း၏ ရန်စလာသူအား ပြန်တုံ့ပြန်ခြင်းအတွက် အကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း သူမ၏လုပ်ရပ်များမှာ အနည်းငယ်လွန်သွားသည်။


“မဟုတ်ပါဘူး”


ကျင်းယွင်ကျောင်း၏ အမူအယာမှာ တင်းမာသွားသည်။


“သူရဲ့စကားတွေက မဟုတ်မမှန်တွေ ပိုများလာပြီး ရိုင်းစိုင်းလွန်းလာပါတယ်။ အဲဒီမှာ ကျွန်မ တုံ့ပြန်လိုက်တဲ့စကားက သူ့ဒေါသကို ထပ်ပြီး ဆွပေးမိခဲ့ပါတယ်။ အဲဒီမှာ သူက လက်ဆန့်ပြီး ကျွန်မရဲ့မျက်နှာကို ဆွဲကုတ်ဖို့ ကြိုးစားပါတယ်။ ဆရာမတို့အားလုံးလည်း သူ့လက်သည်းတွေရဲ့အရှည်ကို မြင်မှာပါ။ တကယ်လို့သာ သူ့လက်သည်းတွေက ကျွန်မမျက်နှာကို ကုတ်မိသွားရင် သေချာပေါက် ကျွန်မရဲ့မျက်နှာပျက်စီးသွားမှာပါ။ ကျွန်မ သူ့ကို ကျွန်မအပေါ်ကို နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ စိတ်ကြိုက် စော်ကားခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ပြန်လုပ်ခဲ့ပါတယ်။ မမျှော်လင့်မိခဲ့တာက ကျွန်မ သူ့ကို ပြန်မတုံ့ပြန်နိုင်တဲ့ စက္ကူကျားတစ်ကောင်လိို ပြောင်းသွားလိမ့်မယ်လို့ မထင်ခဲ့မိတာပါ။ သူက ကျွန်မကို စတိုက်ခိုက်ခဲ့ပေမယ့် ကျွန်မကို တစ်ချက်တောင် မရိုက်နိုင်ခဲ့ပါဘူး”


သူတို့သည် လုကျား၏ လက်သည်းများအား တစ်ချက်ကြည့်လိုက်ကြသည်။ ၎င်းတို့မှာ အမှန်တကယ်ကို ကြက်သီးထဖွယ်ကောင်းလောက်အောင် ရှည်လျားလှသည်။


“လုကျား၊ ကျင်းယွင်ကျောင်းပြောသလို ဖြစ်ခဲ့တာ အမှန်ပဲလား”


လုကျားက ငိုနေရင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ခေါင်းရမ်းလိုက်ကာ ပြန်ဖြေလာသည်။


“ကျွန်...ကျွန်မ သူ့ကို မရိုက်ခဲ့ပါဘူး”


သူမသည် ကျင်းယွင်ကျောင်းအား မရိုက်ခဲ့နိုင်ရုံသာမက သူမ၏ လက်များကိုလည်း လှမ်းဆွဲဖမ်းလိုက်ကာ ချုပ်ထားခံခဲ့ရ၏။


အဆုံးတွင်တော့ ကျင်းယွင်ကျောင်း တစ်ဦးတည်းကသာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။


“နင် ငါ့ကို မရိုက်လိုက်တဲ့ အကြောင်းရင်းက ငါ အချိန်မီ ရှောင်လိုက်နိုင်လို့လေ။ ဒါပေမယ့် ငါ့ရဲ့တုံ့ပြန်မှုသာ မမြန်ခဲ့ရင်ရော။ မိန်းကလေးတစ်ယောက်မှာ ရုပ်ရည်က ဘယ်လောက်အရေးကြီးလဲဆိုတာ နင်သိသင့်တယ်”


ကျင်းယွင်ကျောင်းက နောက်မဆုတ်ဘဲ အေးအေးစက်စက် မှတ်ချက်ပြုလိုက်သည်။


ထိုအခိုက်တွင် ဆရာ ဆရာမများသည် ကျင်းယွင်ကျောင်းမှာ ယခင်ကနှင့် ကွာခြားသွားပြီဖြစ်ကြောင်း သတိပြုလိုက်မိ၏။


ယခင်တုန်းက သူမသည် ဆရာ ဆရာမများ၏ ရှေ့၌ အမြဲတမ်း တည်ငြိမ်အေးဆေးသောသူတစ်ယောက် ဖြစ်ခဲ့သည်။ သူမသည် အမြဲတမ်း လိုက်လျောပေးတတ်၍ စည်းကမ်းချက်များကို လိုက်နာ၏။ သူမအား မတရားလုပ်လျှင် သို့မဟုတ် မှားယွင်းစွပ်စွဲခဲ့လျှင်တောင် ပြန်ခံမပြောပေ။ အကယ်၍ သူမသာ အဆင့်ကောင်းသူ မဟုတ်ပါက ဆရာ ဆရာမများသည် သူမအား သတိပင် ရလိမ့်မည် မဟုတ်သည်မှာ သေချာသည်။


သို့သော် ယခုအချိန်တွင်မူ သူမသည် ဒေါသထွက်တတ်သူတစ်ယောက် ဖြစ်လာပြီး သူမ၏ ကိုယ်ပိုင်သီးသန့်စရိုက်လည်း ရှိကြောင်းပြသခဲ့လေပြီ။


ကျင်းယွင်ကျောင်း၏ ပုံစံအား တွေးလိုက်မိသည်နှင့် လုကျားသည် သူမ၏ မျက်နှာကို ညွှန်ပြလိုက်ပြီး ပြောလာသည်။


“ဆရာမ၊ အဲလိုဆိုရင်တောင် သူ ကျွန်မကို ဒီလိုအခြေအနေအထိဖြစ်အောင် မရိုက်သင့်ပါဘူး”


“ကျွန်မ သူ့ကို ရန်ဖြစ်နေရင်း အလယ်လောက်မှာ တောင်းပန်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး ကျွန်မကို ဆက်ပြီး ဆဲဆိုနေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ကျိုးကြောင်း စပ်ဆက်တွေးခေါ်နိုင်စွမ်း မရှိတော့တာ ပုံမှန်ပါပဲ။ အဲသည့်အပြင် လုကျားကသာ ကျွန်မကို ပထမဆုံး ရန်မစခဲ့ဘူးဆိုရင် ကျွန်မကလည်း ဒါကို လုပ်မှာမဟုတ်ပါဘူး။ ပြီးတော့ အဲဒီလမ်းသရဲတွေနဲ့ပတ်သတ်တဲ့ကိစ္စကိုလည်း ဘာလို့ လုကျားလို လူမျိုးတွေက မဟုတ်မမှန် ကောလဟာလတွေကို အဆင်အခြင်မဲ့ လျှောက်ဖြန့်နေကြမှန်း ကျွန်မ နားမလည်တော့ဘူး။ ရဲတွေက အဖြစ်မှန်ကို ကြေညာပြီးသွားတာတောင်မှ လူတွေက ကျွန်မအကြောင်း ရှက်စရာကောင်းတဲ့ အလိမ်အညာတွေကို ဆက်ပြောနေကြတုန်းပဲ။ သူတို့က ကျွန်မကို ဒုတိယအကြိမ် ထပ်ပြီးတော့ ဒုက္ခရောက်အောင် ကြိုးစားနေကြတာလား။ အထူးသဖြင့် လုကျား၊ သူ့ရဲ့လုပ်ကြံဇာတ်လမ်းတွေကြောင့် ကျွန်မ စိတ်အနာတရဖြစ်သွားပြီးတော့ ဒီလိုပြဿနာတွေကိုတောင် ဖြစ်စေခဲ့တယ်။ သူက ခုထိအသက်မပြည့်သေးဘူးဆိုရင်တောင်မှ တကယ်လို့ ကျွန်မ သူ့ကို တရားရုံးမှာ တရားစွဲရင် သူ့ရဲ့မိဘတွေက တာဝန်ယူကိုယူရမှာပါ၊ ဟုတ်တယ် မဟုတ်လားရှင့်”