Chapter 51
Viewers 14k

Chapter 51 : ရလဒ်


ဤတစ်ကြိမ် အခြေအနေများသည် အလွန်ပြင်းထန်လွန်းသည်။ လုကျား၏ မိဘများသည် သူမအား ကျောင်းထုတ်ရန်အတွက် လုပ်ငန်းစဥ်များကိုပင် ဆောင်ရွက်ပြီးစီသွားပြီဖြစ်သည်။ 


လုကျား၏ သာ့ပြောင်ကောသည်လည်း သံတိုင်များ နောက်သို့ ပိုဆောင်ခံရပြီးဖြစ်၏။ မတော်တဆ ထိခိုက်ဒဏ်ရာရစေခဲ့ခြင်းဖြစ်သော်လည်း သူသည် ချက်ချင်း အကြောင်းမကြားခဲ့သောကြောင့် ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေပြီး နစ်နာသူကို ကိုမာဝင်သည့် အခြေအနေအထိ ဖြစ်သွားစေခဲ့သည်။


လုကျားအတွက်မှာမူ သူမသည် အရွယ်မရောက်သေးသော်လည်း သူမ၏ အုပ်ထိန်းသူများက အချို့တာဝန်များကို ယူရမည်ဖြစ်သောကြောင့် သူတို့သည် နစ်နာကြေးပေးရမည့် ကိစ္စရပ်ကို ရှောင်လွှဲ၍ မရသည်မှာ အထင်အရှားပေ။ ဤကိစ္စသည် လုကျား၏ မိဘများနှင့် သူတို့၏ မောင်နှမသားချင်းများကြားတွင်လည်း သွေးကွဲသွားစေခဲ့၏။ သူမ၏ အဒေါ်များသည် သူမအား ထပ်မံ၍ ကြင်ကြင်နာနာ မဆက်ဆံတော့သည့်အပြင် အကြီးအကျယ် မကျေမချမ်းဖြစ်နေကြသည်။


ကျင်းယွင်ကျောင်း၏ နေ့စဥ်ဘဝသည်လည်း ထိုကိစ္စကြောင့် ပြောင်းလဲသွားခဲ့၏။


ယခင်ကမူ ကျောင်းမှ လူများ၏ သူမအပေါ် အထင်အမြင်ကြီးခြင်းမရှိသလို နှစ်သက်ခြင်းလည်း မရှိကြပေ။ သို့သော် ယခုတွင်တော့ သူတို့သည် သူမအား အလွန်အမင်းကြောက်ရွံ့နေကြသည်။


အပြင်တွင် ကျင်းယွင်ကျောင်း တွေ့ကြုံခဲ့ရသည်များအား အလွန်အမင်း ပုံကြီးချဲ့၍ ပြောဆိုနေကြပြီး သူမသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် သတင်းထွက်နေ၏။ အချို့က ပြောကြသည်မှာ လုကျားသည် ကိုယ်ခံပညာရှင်များဖြစ်ကြသည့် အစ်ကိုများစွာကို ခေါ်လာသော်လည်း သူတို့သည် ကျင်းယွင်ကျောင်းကို လဲကျသွားအောင်ပင် မစွမ်းဆောင်နိုင်ဟူသတတ်။ ကောလဟာလများအရ ကျင်းယွင်ကျောင်းသည် ခက်ခဲနက်နဲသော ကိုယ်ခံပညာရပ်များကို လေ့ကျင့်ထားပြီး သူမတွင် နောက်ကွယ်မှ အကူအညီပေးနေသည့် လူဆိုးဂိုဏ်းများမှ ညီအစ်ကိုများလည်း ရှိသည်ဟု ဆိုကြသည်။


ထိုယုံတမ်းပုံပြင်များကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် သူတို့အား ရယ်ရုံသာ ရယ်နေလိုက်၏။


“ယွင်ကျောင်း၊ နင့်ရဲ့စိတ်ထားက ကောင်းလွန်းနေတယ်လို့ မထင်ဘူးလား။ အတန်းထဲကလူတွေက နင့်ကို ဘယ်လိုမြင်ကြတယ်ဆိုတာရော သိလား”


အတန်းထဲ၌ ရှောင်ဟိုင်ချင်းသည် သူမအား တံတောင်ဖြင့်တွက်၍ ခပ်တိုးတိုး မေးလိုက်သည်။

 

ရှောင်ဟိုင်ချင်းသည် ခဏမျှကြာအောင် အလေးအနက် စဥ်းစားနေသော်လည်း သူမသည် ရှုပ်ထွေးနေဆဲပင်။ ကမ္ဘာပေါ်တွင် ကျင်းယွင်ကျောင်းလို ထူးဆန်းတဲ့သူ ဘယ်လိုများ ရှိနေတာလဲ။ 


သူမ, မကြာခဏ ဖြစ်ပျက်ကြုံတွေ့နေရသော ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များကို မပြောပါနှင့်ဦး၊ သူမကိုယ်တိုင် ဘာမှမဖြစ်သလို ပြုမူနေခြင်းက ပို၍ပင် ထူးဆန်းသည့် အရာဖြစ်သည်။ သူမသည် ပုံမှန်အတိုင်းပင် အတန်းတက်နေပြီး ကွာခြားသွားသည့် တစ်ခုတည်းသော အရာမှာ သူမ နေ့တိုင်း တစ်ခုခုကို မသဲမကွဲ ရွတ်ဆိုနေခြင်းဖြစ်၏။ ထိုအထဲတွင် ထူးဆန်းသော ဆေးအမည်များလည်း အမြဲတမ်းပါသည်။ အလွန်ပင် ရှုပ်ထွေးလှ၏။


“လူတိုင်းရဲ့မျက်နှာပေါ်မှာ ပါးစပ်တွေပါနေတာပဲဟာ။ ငါက ဘာလုပ်နိုင်မှာတုန်း”


ကျင်းယွင်ကျောင်းသည်လည်း ကူကယ်ရာမဲ့ဖြစ်နေသည်။ သူမသည် အတိတ်ဘဝက ဆုံးရှုံးခဲ့ရသည့် နာမည်ကောင်းကို ပြန်လည်ရယူချင်ခဲ့သော်လည်း အခြေအနေ အနည်းငယ်ပြန်ကောင်းလာစမှာပင် သူမသည် လုကျား၏ ပြဿနာနှင့် ကြုံလိုက်ရသည်။ ယခုအခါ သူမသည် ညသန်းခေါင်တွင် လမ်းကြားလေးများကို သွားလည်တတ်၍ ကိုယ်ခံပညာလည်း တတ်သည်ဆိုသည့် အကြောင်းကို မသိသေးသူမရှိတော့။ ထို့ကြောင့် သူတို့ထဲမှ မည်သူကများ စူးချူနှင့် ရှောင်ဟိုင်ချင်းကဲ့သို့ သူမ၏ သူငယ်ချင်းဖြစ်ရန် သတ္တိရှိလိမ့်ဦးမည်နည်း။


ဤရက်များတွင် စူးချူ က သူမအား ကြည့်သောအကြည့်များသည်ပင် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။ သူမသည် ကျင်းယွင်ကျောင်းအား အတိတ်တွင် တခြားရဲရင့်သော အောင်မြင်မှုများ ရှိသေးလားဟု အမြဲတမ်း မေးနေတတ်သည်။


“အခု ကျောင်းအပြင်က လူတွေက နင့်ကို လူကြမ်းကြီးလို့ ထင်နေကြပြီ”


ရှောင်ဟိုင်ချင်းက ထိုအကြောင်းကိုပြောရင်း ရုတ်တရက် စိတ်လှုပ်ရှားလာ၏။


“နင့်ရဲ့ ဒီမီးခြစ်ဆံလို ပုံစံကဖြင့် လူကြမ်းပုံစံ မပေါက်ပါဘူး။ လေတိုက်လိုက်ရင် အချိန်မရွေး လွှင့်ပါသွားမယ့် စာရွက်လေးတစ်ရွက်နဲ့ ပိုတူတာ”


“စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်နပ် ထမင်းသုံးပန်းကန်စားတာကို နင် အရင်က တွေ့ဖူးလို့လား”


ကျင်းယွင်ကျောင်းက ရယ်ရင်း မေးလိုက်သည်။


သူမ ကိုယ်ခံပညာရပ်များကို စတင်လေ့ကျင့်ခဲ့ချိန်မှစ၍ သူမ၏ အစာစားလိုစိတ်မှာ သိသိသာသာ တိုးတက်လာခဲ့၏။ ရှောင်ဟိုင်ချင်းသည် သူမ စားသောက်နေသည်ကိုမြင်တိုင်း အလွန်အမင်း ထိတ်လန့်သွားတတ်သည်။


“အိုး..ဟုတ်သား။ ယဲ့ချင်းရဲ့ မွေးနေ့က နောက်လာမဲ့ စနေနေ့ပဲ”


ရှောင်ဟိုင်ချင်းက ရှေ့တွင် ထိုင်နေသော ကျောင်းကောင်စီ အဖွဲ့ဝင်အား တစ်ချက်ကြည့်၍ ခပ်ပေါ့ပေါ့ မှတ်ချက်ပြုလိုက်သည်။


“အဲဒါ ငါက ဘာလုပ်ရမှာတုန်း”


ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက ရုတ်တရက် တွန့်ကွေးသွား၏။


သူမသည် ရှောင်ဟိုင်ချင်းကဲ့သို့ အပြောအဆို၊အပြုအမူများက လုပ်ယူထားခြင်းမရှိသော၊ အတုအယောင်မဟုတ်သော ဖြောင့်မှန်သည့် အမျိုးသမီးများကို နှစ်သက်သည်။ ထိုမျက်နှာပေါ်တွင် မောက်မာမှုများပြည့်နေသည့် ယဲ့ချင်းနှင့် လုံးဝမတူပေ။ အခြားသူများအားကြည့်သည့် သူမ၏ အကြည့်များသည် မတူမတန်၊ အထင်အမြင်သေးမှုများအပြည့်နှင့် ဖြစ်သည်။ သူငယ်ချင်းဖွဲ့ရာတွင်လည်း တစ်ဖက်လူ၏အဆင့်အတန်းကို ထည့်သွင်း တွက်ချက်လေ့ရှိ၏။ ကျင်းယွင်ကျောင်းသည် ထိုသို့သော လူစားမျိုးကို စိတ်မဝင်စားပေ။


“နင်က ငတုံးလား။ ယဲ့ချင်းရဲ့စရိုက်အရ သူက သူ့မွေးနေ့ကို ဒီလိုမျိုး အေးအေးချမ်းချမ်း ကျင်းပပါ့မလား။ ငါကြားတာ သူက ထျန်းရှန်းလော်မှာ စားပွဲတချို့ ကြိုပြီး ဘိုကင်လုပ်ပြီးသားတဲ့၊ ပြီးတော့ ငါထင်တာ မမှားရင် သူက အဆင့်တစ်ဆယ်အောက် မနိမ့်တဲ့သူတွေအားလုံးကို ဖိတ်လိမ့်မယ်။ နင်ကလွဲရင်ပေါ့”


ရှောင်ဟိုင်ချင်းက စိုက်ကြည့်လိုက်သည်။


ကျင်းယွင်ကျောင်း ကြောင်သွား၏။ သူမ ထိုအချက်ကို မတွေးမိခဲ့ပေ။


အတိတ်ဘဝ၌ သူမသည် လူအများနှင့် ဝေးဝေးနေသူတစ်ယောက်ဖြစ်၍ ဖိတ်ကြားခံရခြင်းများကိုလည်း ဘယ်တော့မှ သတိမရဘဲ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲခြင်း သိပ်မရှိခဲ့ပေ။


ယခုဘဝတွင်လည်း သူမ၏ ဂုဏ်သတင်းမှာ ထိတ်လန့်ဖွယ်ရာဖြစ်ရာ မည်သူက သူမကို ဖိတ်ကြားဝံ့မည်နည်း။


သို့သော်လည်း.....


“အဲဒါ ကောင်းတာပဲ မဟုတ်ဘူးလား။ ငါလည်း အချိန်ဖြုန်းဖို့ မအားဘူး”


ကျင်းယွင်ကျောင်းက ထိုအကြောင်းကို ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း အချိန်သည် အသက်ဖြစ်၍ တတ်နိုင်သမျှ ချွေတာရပေမည်။