Chapter 52
Viewers 14k

Chapter 52 : ကုသမှု ကွာခြားချက်


ရှောင်ဟိုင်ချင််းက သည်းမခံနိုင်တော့ပဲ မျက်လုံးပြူးပြလိုက်သည်။


“နင် ခုထိ နားမလည်သေးဘူးလား။ ဒါ ဘက်လိုက်ပြီး ခွဲခြားဆက်ဆံတာလို့ ခေါ်တယ်။ သူ့မွေးနေ့က ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတာ မှန်ပေမယ့် ငါ သူ စော်ကားတာကိုတော့ လက်မခံနိုင်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က အနာဂတ်မှာ ဒါကို အစဖော်လာခဲ့မယ်ဆိုရင် သူတို့က နင့်ကို လှောင်ပြောင်ကြမယ်ဆိုတာ သိသာတယ်။ သူတို့ ဘယ်လောက်ဉာဏ်များတယ်ဆိုတာ နင် မသိဘဲ မနေပါဘူး။ နင် တကယ်ပဲ အထက်တန်းသုံးနှစ်လုံးကို လူတိုင်းရဲ့ အထင်လွဲခံ၊ အပစ်ပယ်ခံပြီး နေသွားမယ်လို့ စီစဥ်ထားတာလား”


ရှောင်ဟိုင်ချင်းက စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်၏။


အကယ်၍ ယခုအချိန်တွင် သူတို့သည် အတန်းထဲ၌သာ မဟုတ်ပါက သူမသည် စားပွဲကို ထုပြီးနေပြီဖြစ်သည်။


ကျင်းယွင်ကျောင်းက ယဲ့ချင်း ထိုင်နေသည့် အရှေ့ဆုံးခုံကို ကြည့်လိုက်၏။


“ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ။ တကယ်လို့ မဖိတ်ဘဲနဲ့ သွားလိုက်ရင်လည်း ပိုပြီး လှောင်စရာဖြစ်သွားမှာ မဟုတ်ဘူးလား”


“ဟဲဟဲ..တကယ်တော့ ငါ အဲဒီစားသောက်ဆိုင်မှာ VIP စားပွဲတစ်ပွဲ ဘိုကင်လုပ်ပြီးသွားပြီ၊ ပြီးရင် ငါတို့ တစ်စားပွဲလုံးအပြည့် အစားအသောက်ကောင်းတွေ မှာပြီး ပျော်ကြမယ်လေ”


ရှောင်ဟိုင်ချင်းက မျက်စိမှိတ်ပြလိုက်သည်။


ထျန်းရှန်လော်သည် ခရိုင်တွင် နာမည်အကြီးဆုံး စားသောက်ဆိုင်ဖြစ်၏။ စားပွဲတစ်ခု ဘိုကင်လုပ်ရန်ပင် အလွန်အမင်း ခက်ခဲရုံသာမက စျေးများကလည်း မိုးထိမြင့်သည်။ ယဲ့ချင်း၏ မိသားစုသည် စီးပွားရေးမဆိုးသော်လည်း သူမသည် အနည်းငယ် စေးကုပ်၏။ ထို့ကြောင့် သူမသည် သူမ၏ ဂုဏ်သိက္ခာကို အလေးထားလျှင်တောင်မှ VIPစားပွဲကိုတော့ ဘိုကင် မလုပ်မည်မှာ အသေအချာပင်။


သူတို့ နှစ်ဦးစလုံးသည် မည်သူကိုမှ ဖိတ်ကြားရန် မလိုပေ။ သူတို့လုပ်စရာရှိသည်မှာ အချိန်ကျလာလျှင် သူတို့သည် အပေါ်ထပ်တွင် ပေါ်လာရန်ဖြစ်ပြီး လူတိုင်းကို သူတို့အား မြင်ခွင့်ပေးလိုက်ရုံပင်။ သူတို့၏ ရည်ရွယ်ချက်မှာ ကြွားဝါရန် မဟုတ်ဘဲ အတင်းအဖျင်းအချို့ကို တားဆီးချင်ရုံသာဖြစ်သည်။ 


“ဟုတ်ပါပြီ။ ငါ ဧည့်ခံမယ်လေ”


ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။


ပတ်ဝန်းကျင်ရှိ အတင်းအဖျင်းပမာဏသည် ဘယ်သောအခါမှ မသေးခဲ့သည်ဖြစ်ရာ ထိုကိစ္စသည် သူမအတွက် တကယ်ပင် ပြဿနာမရှိပေ။ သို့ရာတွင် သူမသည် ရှောင်ဟိုင်ချင်းအား သူမ၏ သူငယ်ချင်းအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်၍ သူမ,ပေးသည့် အကြံကို လေးစားရပေမည်။


“နင် ဘာလို့ ယဥ်ကျေးနေတာလဲ။ ငါ ပိုက်ဆံမပြတ်ပါဘူးဟ။”


ရှောင်ဟိုင်ချင်းက မျက်မှောင်ကြုံ့လိုက်သည်။


ကျင်းယွင်ကျောင်းက ဇွတ်တရွတ် ဆိုလာပြန်၏။


“ဒါဆို ငါမသွားတော့ဘူး။”


ရှောင်ဟိုင်ချင််းက ဤစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းကို စိုက်ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းစူလိုက်၏။ သူမသည် ယခင်က ဤမျှခေါင်းမာလှပြီး အခြားသူအား အခွင့်အရေးနည်းနည်းလေးပင် မပေးချင်သည့် မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးပေ။ ဘယ်လိုတောင် ခေါင်းမာတဲ့ဟာလေးလဲ။ သို့သော် အမှန်အတိုင်းပြောရလျှင် သူမ ထိုအကျင့်စရိုက်လေးကို ပို၍ ပို၍ နှစ်သက်စ,ပြုလာပြီဖြစ်သည်။


“အိုခေလေ၊ ကောင်းပြီ။ နင် ဧည့်ခံပေါ့။ ဒါပေမယ့် သတိထားနော်၊ ငါက နင် ထိုင်ငိုတဲ့အထိ စားမှာ”


ရှောင်ဟိုင်ချင်းက ပျော်ရွှင်စွာပင် အလျော့ပေးလိုက်သည်။


သူတို့နှစ်ယောက်၏ အပြုအမူများမှာ တိုးတိုးသက်သာမဟုတ်သော်လည်း ဆရာမကျင်က ကျင်းယွင်ကျောင်းကြောင့် ကြိုးစားသည်းခံနေ၏။ သို့သော် သူတို့နှစ်ယောက်သည် ယခင်ကထက်ပင် ပို၍ ဆူညံစွာ တွတ်ထိုးလာကြလိမ့်မည်ဟု သူမ, မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမသည် ရှောင်ဟိုင်ချင်းအား ကျောက်သင်ပုန်းပေါ်တွင် အဖြေထွက်ရေးခိုင်းဖို့ ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ရှောင်ဟိုင်ချင်းသည်လည်း အလွန်ထူးဆန်းသော မိန်းကလေးဖြစ်၏။ သူမ၏ စာမေးပွဲအဆင့်များသည် အကောင်းကြီးမဟုတ်သော်လည်း အတန်းထဲတွင်မူ သူမသည် မေးခွန်းများကို ပြီးပြည့်စုံစွာ ဖြေဆိုနိုင်သည်။ ရှောင်ဟိုင်ချင်း သူမ၏ ခုံသို့ ပြန်သွားသောအခါ ဆရာမကျင်သည် အံ့သြသော အမူအယာနှင့် ကျန်ရစ်နေခဲ့၏။


ဥာဏ်ကြီးရှင်တစ်ယောက်နှင့် လူထူးဆန်းတစ်ယောက်ပင်။ ဆရာမကျင်လည်း ဘာမှပြောမနေတော့ဘဲ အေးအေးချမ်းချမ်း အတန်းဆင်းပေးလိုက်သည်။


သို့သော် သင်ခန်းစာအချို့ပြီးသောအခါ ယဲ့ချင်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။


အတန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အောက်ဆုံးအဆင့်မှ လူများကလွဲလျှင် လူတိုင်းနီးပါး တူညီသည့် ဖိတ်ကြားမှုတစ်ခုကို လက်ခံရရှိလိုက်သည်။ သေချာပေါက် ကျင်းယွင်ကျောင်းသည် ဖိတ်ကြားမှုကို မရရှိခဲ့ပေ။


“အမ်း...ဖိတ်ကြားမှုကို လက်ခံရရှိတဲ့သူအားလုံး၊ ငါ့မွေးနေ့က စနေနေ့ပါ။ ပြီးတော့ ငါ ထျန်းရှန်းလော်မှာ ဘိုကင်လုပ်ထားပြီးပြီ။ ကျေးဇူးပြုပြီး နင်တို့ အားရင် လာခဲ့ကြပါဦး။ အထူးသဖြင့် အတန်းခေါင်းဆောင်၊ နင်မလာဘူးဆိုရင် ငါ နောက်ကျ နင့်ကို မခေါ်တော့ဘူးနော်”


ကျန်ရှအား ကြည့်နေကျအတိုင်း သူမ၏ အကြည့်များက ချစ်မြတ်နိုးမှုများနှင့် ပြည့်နှက်နေ၏။


“ယဲ့ချင်း၊ နင် ကျင်းယွင်ကျောင်းကို မေ့နေတာလား”


ကျန်ရှက ရုတ်တရက် ထမေးလိုက်သည်။


ဤရက်များတွင် သူသည် ကျင်းယွင်ကျောင်းကို လိုက်ကြည့်နေပြီး သူမအား အတော်လေးသနားစရာကောင်းသည်ဟု ယူဆနေမိ၏။ ရှောင်ဟိုင်ချင်းကလွဲ၍ သူမကို အာရုံစိုက်လိုသည့်သူ မရှိပေ။ နောက်ဆုံးအကြိမ်ပြီးနောက် သူသည် သူမအား ပြောင်းလဲသွားပြီဟုထင်၍ အယုံသွင်းရန်ကြိုးစားခဲ့သည်။ သို့သော် သူမသည် မပြောင်းလဲသည့်အပြင် ပို၍ပင် လက်ရဲဇက်ရဲဖြစ်လာကာ ဘေးအခန်းမှ လုကျားနှင့်ပင် ပြဿနာအကြီးအကျယ်ဖြစ်လိုက်ဦးမည်ဟု သူ လုံးဝ မထင်ခဲ့ပေ။


ကျင်းယွင်ကျောင်းက နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။ အချို့လူများတွင် သူတစ်ပါး၏ ကိစ္စကို ဝင်စွက်ဖက်ချင်သည့် ကုရာနတ္ထိဆေးမရှိသော နာတာရှည်ရောဂါရှိတတ်ကြလေ၏။