Chapter 53
Viewers 14k

Chapter 53 : ရွှေဘုံစံမမလေး


“အတန်းခေါင်းဆောင်၊ ငါ မမေ့ပါဘူး။ ငါ သူ့ကို မဖိတ်ခဲ့ရုံပါ”


ယဲ့ချင်းသည် ကျန်ရှအား အစွပ်စွဲခံရသကဲ့သို့ ကြည့်လိုက်သည်။


“ဒီလိုပါ၊ မွေးနေ့တွေဆိုတာ ပျော်ပျော်ရွှင်ရွှင်ပဲ ကုန်ဆုံးသင့်တယ်လို့ ငါထင်တယ်လေ။ မရင်းနှီးတဲ့ သူစိမ်းတွေပါ အတူစုနေရင် နည်းနည်း နေရထိုင်ရခက်နေလိမ့်မယ်။ ငါ ပျော်ပျော်မနေတတ်တဲ့သူတွေကို အလိုမရှိဘူး”


ရှောင်ဟိုင်ချင်းက ထိုအပေါ်ယံဆန်သော စကားများကို ကြားလိုက်ရသဖြင့် စိတ်ပျက်ဟန်ဖြင့် အေးစက်စက် သရော်လိုက်၏။ မရင်းနှီးတဲ့သူ ဟုတ်လား။


ယဲ့ချင်းသည် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး မကြာခဏ အိန္ဒြေကြီးစွာ ပြုမူတတ်သည်။ သူမနှင့် အမှန်တကယ် ရင်းနှီးသော အတန်းဖော်မှာ အနည်းငယ်သာ ရှိ၏။ သူမ ဖိတ်ကြားထားသူများထဲတွင် အများစုမှာ သူမနှင့် တစ်ခါမှ စကားမပြောဖူးသူများ ဖြစ်ကြသည်။ ထိုလူများကိုလည်း ရင်းနှီးသည်ဟု တွက်သည်လား။


သူမသည် ကျင်းယွင်ကျောင်းအား အရှက်ခွဲနေသည်မှာ သိသာသည်။ ကျင်းယွင်ကျောင်းက သူမအပေါ် သို့မဟုတ် တစ်စုံတစ်ခုအပေါ်တွင် အကြွေးတင်နေသကဲ့သို့ပင် သူမသည် မှားယွင်းစွပ်စွဲခံရသည့်အလား ပြောဆိုနေ၏၊


ရှောင်ဟိုင်ချင်းက ဖိတ်စာကို ဖြဲပစ်လိုက်သည်။


“ယဲ့ချင်း၊ နင်ပြောတာမှန်တယ်။ မရင်းနှီးတဲ့ သူစိမ်းတွေပါ အတူစုနေတာက နေရထိုင်ရခက်စေတယ်။ ဒါကြောင့် ငါ အားနာပေမယ့် ငါတို့က မရင်းနှီးတဲ့အတွက် နင့်မွေးနေ့ပွဲကို မတက်နိုင်ဘူး။ ပြီးတော့ ငါနဲ့ ကျင်းယွင်ကျောင်းကလည်း ညစာအတူစားဖို့ အရင်ကတည်းက စီစဥ်ထားပြီးသား။ ငါတို့နှစ်ယောက်တည်းဆို နေရထိုင်ရတာလည်း ပိုအဆင်ပြေတယ်လေ”


ရှောင်ဟိုင်ချင်း၏ ပါးစပ်သည် အလွန်အဆိပ်ပြင်း၏။ သူမသည် ယဲ့ချင််းအား လှည့်ပတ်၍ အပြစ်တင်လိုက်သည်။


ယဲ့ချင်း၏ စိတ်အခြေအနေမှာလည်း မကောင်းပေ။ သူမသည် များသောအားဖြင့် စိတ်ထားကောင်းချင်ယောင်ဆောင်လေ့ရှိသည်။ သို့ရာတွင် ယခုအချိန်၌ ရှောင်ဟိုင်ချင်းက သူမအား အတန်းဖော်များစွာရှေ့တွင် အရှက်ခွဲလိုက်သဖြင့် သူမသည် ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်၏။


“ကောင်းသားပဲ။ နင်တို့နှစ်ယောက်လုံးက တိတ်ဆိတ်တာကို ကြိုက်ကြတာဆိုတော့ နင်တို့ဟာနင်တို့ သွားစားကြပေါ့။ ဂုဏ်ယူပါတယ်၊ ကျင်းယွင်ကျောင်း၊ နင်က ပိုက်ဆံရှိတဲ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဖွဲ့လိုက်နိုင်တာပဲ။ နင် ရှောင်ဟိုင်ချင်းကို နင့်ရဲ့ကျူရှင်ကြေးတွေ ဘာလို့မပေးခိုင်းလိုက်တာလဲ၊ ပြီးတော့ နင့်ကို အခုစပြီး ပံ့ပိုးခွင့်ကိုရော ဘာလို့မပေးလိုက်တာလဲ”


ကျင်းယွင်ကျောင်းက အမူအယာ ကင်းမဲ့နေသည်။


“ဒါက ထမင်းတစ်နပ်ပဲလေ။ နင်ပြောသလိုသာဆိုရင် နင်ရော ဒီကျောင်းသားတွေ အားလုံးရဲ့ ကျူရှင်ကြေးတွေကို ပေးဖို့၊ သူတို့ကို တစ်သက်လုံး ထောက်ပံ့ပေးဖို့ စီစဥ်နေတာလား”


“မမလေးယဲ့ချင်းက အရမ်းချမ်းသာတယ်လေ။ သူက လူတိုင်းကို ထောက်ပံ့နိုင်တာထက်ကို ပိုသေးတယ်။ ငါနဲ့ မတူဘူး၊ ဒီလို သနားဖို့ကောင်းတဲ့အချက်ကြောင့် ငါကတော့ ကျင်းယွင်ကျောင်းကို ငါ့ကို ဧည့်ခံခိုင်းဖို့လိုတယ်”


သူတို့သုံးဦး စကားအချေအတင်ပြောဆိုနေခြင်းက တစ်ခန်းလုံးအား တိတ်ဆိတ်သွားစေသည်။


ယဲ့ချင်း၏ မျက်လုံးများက အနည်းငယ်နီရဲပြီး နှုတ်ခမ်းများကလည်း အနည်းငယ် မဲ့ကျနေ၏။ သူမသည် အဆက်မပြတ် မျက်တောင်ခတ်နေပြီး မျက်ဝန်းထဲတွင်လည်း မျက်ရည်များဝဲနေကာ ဆိုးဆိုးဝါးဝါး မှားယွင်းစွပ်စွဲခံနေရသကဲ့သို့ပင်။


စက္ကန့်အနည်းငယ်မှ ကြာပြီး နောက်ဆုံး၌ သူမက ပြောလာသည်။


“ကျင်းယွင်ကျောင်း၊ နင် သတိထားတာ ပိုကောင်းမယ်နော်။ ထျန်းရှန်းလော်ရဲ့ဟင်းပွဲတွေက အရမ်းစျေးကြီးတယ်။ နင် ငွေရှင်းဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက် ယူသွားဖို့ မမေ့နဲ့။ နင့်အသက်အရွယ်နဲ့သာဆို အကြွေးမဆပ်နိုင်ရင်လည်း သူတို့က နင့်ကို အလုပ်မခိုင်းနိုင်လောက်ဘူး။ ဒါပေမယ့် ငါတို့က အတန်းဖော်တွေဆိုတော့ နင် ပိုက်ဆံပြတ်သွားရင် ငါ့ကို လာရှာလေ။ စားပွဲတစ်ဝိုင်းစာမကတဲ့ ဟင်းပွဲတွေအတွက် ငွေရှင်းရတာက ကိစ္စကြီး မဟုတ်ပါဘူး”


ယဲ့ချင်း၏ စကားများက အလွန်ပင် ရန်စနေ၏။


ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရုတ်တရက် သူမ၏ အတိတ်ဘဝက ကျောင်းသားများကြားရှိ ကောလဟာလတစ်ခုကို သတိရလိုက်သည်။


ယခင်က သူမသည် ကျောင်းသားတစ်ယောက်ချင်းကို မမှတ်မိတတ်သော်လည်း ထိုအတိတ်နေ့ရက်အချို့၏ နောက်ပိုင်းတွင် ယဲ့ချင်းတစ်ဦးတည်းကသာ သူမ၏ မှတ်ဥာဏ်ထဲတွင် ရှိနေ၏။


ယဲ့ချင်း၏ အဖေသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စူပါမားကတ်ဆိုင်ခွဲ လေးငါးခုခန့်ကို စီမံခန့်ခွဲနေသည်။ သူ၏ စျေးကွက်သည် သေးငယ်သည်ဟု မယူဆနိုင်ဘဲ ဟွားနင်ခရိုင်ကဲ့သို့သော နေရာမျိုးတွင် ကျော်ကြား၍ ဂုဏ်သိက္ခာရှိသည်ဟု ယူဆ၍ရ၏။ မမျှော်လင့်ဘဲ နောက်ပိုင်းတွင် သူသည် သူ၏စည်းစိမ်များကို အခြားနေရာတွင် မြုပ်နှံခဲ့ပြီး ဘာမှ ပြန်မရခဲ့ပေ။ အကြွေးများပင် အကြီးအကျယ်တင်ခဲ့သည်။ ယဲ့ချင်းသည် ချမ်းသာသော မမလေးအဖြစ်မှ အရာကျသွားပြီး သာမန်ကျောင်းသားများထက်ပင် ဆင်းရဲသွားခဲ့၏။


ထိုအစား သူမသည် ငယ်စဥ်ကတည်းက မာနထောင်လွှားခဲ့ရာ ပိုက်ဆံရှိသလိုမျိုး ဆက်၍ ပြုမူနေထိုင်ခဲ့ပြီး သူမ၏ မိခင်ဖြစ်သူကို သတ်သေသည့်အခြေအနေရောက်အောင် တွန်းပို့ခဲ့သည်။


ကျင်းယွင်ကျောင်းသည် အတိတ်ဘဝက ထိုကိစ္စများဖြစ်ပွားခဲ့ချိန်သည် သူမ ကျောင်းထွက်ပြီးနောက် သိပ်မကြာခင်တွင် ဖြစ်နိုင်ကြောင်း သတိရသွား၏။ တစ်နည်းပြောရလျှင် ယဲ့ချင်း၏ အိမ်တွင်းရေးသည် ယခုအချိန်တွင် ရှုပ်ထွေးနေပြီဖြစ်သည်။


ထိုအခိုက်တွင် ကျောင်းယွင်ကျောင်းသည် ယဲ့ချင်းအပေါ်တွင် ချက်ချင်း ရွံရှာစက်ဆုပ်သွားခဲ့၏။ သူမသည် သူမ၏ မိဘအရင်းများနှင့် အေးအတူပူအမျှခံစားပေးနိုင်သော သမီးတစ်ယောက် မဟုတ်ပေ။ သူမသည် မည်မျှပင် ကောင်းမွန်စွာ ဝတ်စားထားစေကာမူ ကျင်းယွင်ကျောင်းအား ပျို့အန်ချင်စိတ်ပေါက်အောင်သာ လုပ်နိုင်လိမ့်မည်ပင်။