Chapter 54
Viewers 14k

Chapter 54 : အရှုံးသမား


ကျင်းယွင်ကျောင်းသည် ယဲ့ချင်းအား ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ရန်ဖြစ်ငြင်းခုံမှုက ရပ်တန့်သွားပြီဖြစ်၏။


သူမသည် သူမ၏ ရှေ့တွင်ရှိသော ယဲ့ချင်းကို မေ့သွားသည့်အလား ပြုမူလိုက်၍ ခေါင်းကို အခြားတစ်ဖက်သို့ လှည့်လိုက်သည်။ ယဲ့ချင်းသည် ကျင်းယွင်ကျောင်း ခေါင်းလှည့်သွားသည်ကို မြင်လိုက်ရ၏။ ကျင်းယွင်ကျောင်း၏ အကြည့်သည် ယဲ့ချင်းမှာ ညစ်ပတ်သေးနုပ်သော အရာတစ်ခုဖြစ်သည်ဟူသော အနည်းငယ် တုန်လှုပ်စဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။


ယဲ့ချင်း စိတ်ရှုပ်သွား၏။


ကျင်းယွင်ကျောင်းက သူမအား လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်မှာ အရှုံးကို လက်ခံသွား၍ ဖြစ်ရမည်။


“ကျင်းယွင်ကျောင်း၊ နင့်မှာ ပိုက်ဆံအများကြီးမရှိဘူးလေ။ နင် ချောင်ဟုန်ယဲ့ကို သွားတောင်းပန်ပြီး သူ့ဆီကနေ ပိုက်ဆံချေးသင့်တယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက နင့်ညီမပဲဟာ”


အရှေ့တွင်ထိုင်နေသော ကျန်ရှက ခေါင်းလှည့်၍ အကြံပေးလာသည်။


“ငါ့ ဖင်ကို ချေးပါ့လား။ နင့် စောက်လုပ်ကိုပဲ နင်လုပ်ရင် သေမှာမို့လို့လား။ နင် ချောင်ဟုန်ယဲ့ကို ဒီလောက်ကြိုက်နေရင် ဘာလို့ သူ့ကို သွားမပြောတာလဲ။ ကျင်းယွင်ကျောင်းရဲ့ နားရွက်တွေနားမှာ ယင်တစ်ကောင်လို တဝီဝီလုပ်နေတာတွေ ရပ်လိုက်စမ်းပါ။ နောက်တစ်ခါဆို ငါ နင့်ရဲ့အပုပ်နံ့ထွက်နေတဲ့ ပါးစပ်ကို အပ်နဲ့ချုပ်ပစ်မယ်”


ရှောင်ဟိုင်ချင်းက စာအုပ်တစ်အုပ်နှင့် ပစ်ပေါက်လိုက်ရာ ကျန်ရှ၏ မျက်နှာအား မှန်သွား၏။ ကျင်းယွင်ကျောင်းသည် ထိုစာအုပ်လှလှပပ ဝိုက်၍သွားသည်အား လက်ခုပ်မတီးဘဲ မနေနိုင်ချေ။


ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းလေးများက ကွေးညွတ်သွားပြီး ရှောင်ဟိုင်ချင်းအား ရင်ချင်းအပ်၍ ဖက်လိုက်သည်။


“ကောင်းကောင်း ပြောခဲ့တာပဲ”


“ဒါပေါ့၊ ဒါတောင် တကယ်ကို နောက်ပိုင်းမှာ ငါ့ကိုယ်ငါ ပြန်ထိန်းလိုက်လို့၊ မဟုတ်ရင် သူ့ရဲ့ဘိုးဘေးတွေကိုပါ ဆွဲထုတ်ပြီး သူတို့ကိုပါ အော်ဆဲပစ်မှာ”


၎င်းက ကျင်းယွင်ကျောင်းအား အားရကျေနပ်စေခဲ့၏။ နောက်ပိုင်း သူမနှင့် ပတ်သတ်ပြီးနောက် ရှောင်ဟိုင်ချင်းသည် အမြဲတမ်း ငြင်သာ၍ အိန္ဒြေရှိလာခဲ့သည်။ ၎င်းက ယခု ရှောင်ဟိုင်ချင်းသည် အတိတ်ဘဝက ရှောင်ဟိုင်ချင်းနှင့် တစ်ယောက်တည်းမဟုတ်ဟုပင် ကျင်းယွင်ကျောင်းအား တွေးမိလုနီးပါး ဖြစ်စေခဲ့၏။


ကျန်ရှသည် အပြောသာ ရှိသူဖြစ်သည်။ အမှန်တကယ် ဖိအားပေးပါက သူကဲ့သို့သော ယောက်ျားတစ်ယောက်သည် ရှောင်ဟိုင်ချင်းလောက်ပင် အဖြစ်ရှိမည် မဟုတ်ပေ။ ယခုအချိန်တွင် သူသည် ရှောင်ဟိုင်ချင်းထံမှ ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းခံထားရသဖြင့် စကားလေးတစ်ခွန်းမှပင် ပြန်မတုံ့ပြန်ရဲချေ။ သူသည် သူ၏ ဂုဏ်သိက္ခာကို အလေးထားသူဖြစ်ရာ ဘာမှမဖြစ်သကဲ့သို့ ပြုမူလိုက်ရင်း ချက်ချင်း အကြောင်းအရာကို ပြောင်းလဲလိုက်၏။


“အရှုံးသမား”


ရှောင်ဟိုင်းချင်းက မဲ့ရွဲ့၍ သူ့အား အထင်သေးစွာ ကြည့်လိုက်သည်။


ယဲ့ချင်းသည် ကျန်ရှ၏ အားနည်းသော စိတ်ဓါတ်ကို မကျေမနပ်ဖြစ်သွားပြီး အတန်းရှေ့ရှိ စတိတ်ပေါ်မှ ဒေါသတကြီး ဆင်းသွား၏။ သူမသည် စာရေးခုံများကို ဒေါသတကြီး ရိုက်လိုက်ပြီး ထိုင်ခုံများကို ဆွဲလှန်ပစ်သည်။ သို့သော် မည်သူကမှ သူမကို အဖတ်မလုပ်သဖြင့် နောက်ဆုံး၌ စိတ်လျော့လိုက်ရ၏။


မျက်စိတစ်မှိတ်အတွင်းမှာပင် စနေနေ့သို့ ရောက်ရှိလာသည်။ ကျင်းယွင်ကျောင်းသည် အိမ်မှ စောစောထွက်လာခဲ့ပြီး လမ်းကြားလေးဆီသို့ ဦးတည်လိုက်၏။


ဤတစ်ကြိမ်တွင် သူမသည် ဂျင်ဆင်းမြစ်တစ်ခုတည်းကိုသာ ယူခဲ့သည်။ ၎င်း၏ ပုံစံမှာ အလွန်လှပ၏။ အဖိုးရှုသည် ဤဂျင်ဆင်းမြစ်ကို ဝယ်နိုင်မည်လား သူမ သိချင်လှသည်။


ဂျင်ဆင်းများကို စျေးသတ်မှတ်မထားပေ။ အချို့သည် တစ်ကျင်းလျှင် ယွမ်ထောင်ဂဏန်းမျှသာ ရှိသော်လည်း အချို့မှာမူ တစ်ခုတည်းကို ယွမ်သန်းနှင့်ချီ၍ တန်သည်များလည်း ရှိ၏။


ကျင်းယွင်ကျောင်း၏ ဂျင်ဆင်းသည် နေရာလွတ်နယ်မြေထဲမှ ရေပန်းရေများစွာကို အသုံးပြုထား၏။ အခြားဆေးပင်များကို ရေပန်းရေအား အကြိမ်များစွာ ရေရောပြီး ပြင်းအားကိုလျှော့၍ လောင်းသည်။ သို့သော် ဤဂျင်းဆင်းကို လောင်းသည့် ရေပန်းရေအချိုးကိုမူ ဆယ်ဆ တစ်ဆ သုံးထား၏။ ဂျင်ဆင်း၏ အမြစ်မွေးများအားလုံးကိုလည်း ဂရုစိုက်၍ ထိန်းသိမ်းထားသည်။ သူမသည် ဂျင်ဆင်းကို နေရာလွတ်နယ်မြေမှ ထုတ်ယူခဲ့စဥ်က သူမ၏ နေရာလွတ်ပိုးကောင်လေးများသည် ၎င်းကို သွားခွင့်မပြုလိုဘဲ တွက်ကပ်နေကြ၏။ ပစ္စည်းကောင်းတစ်ခုဖြစ်ကြောင်း သက်သေပင်။


“မင်း ဒီနေ့ ဘာဆေးပင်မှ မပါလာဘူးလား”


ဆေးစာအုပ်များကို အလွတ်ဆိုပြီးနောက် အဖိုးရှုက မျက်လုံးဝင့်ကြည့်၍ မေးလိုက်သည်။


“ကျွန်မမှာ အဖိုးကို ပြဖို့ ပစ္စည်းတစ်ခုပါလာတယ်။ အဖိုးဝယ်နိုင်ရင်တော့ ဝယ်ပါ။ မဟုတ်ရင်တော့ ကိုယ့်ကိုကိုယ် အရမ်းဖိအား မပေးပါနဲ့နော်”


ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ဤအဖိုးအိုအား သနားမိသည်။ သူ၏ အကျင့်စရိုက်သည် အလွန်ထူးဆန်း၏။ သူ၏ ဘေးရှိ အေးစက်စက် တပည့်မှလွဲ၍ သူ့တွင် အခြား မည်သူမှ မရှိပေ။


“အချိန်ဖြုန်းနေတာကို ရပ်လိုက်။ မင်းမှာ ရှိရင် ထုတ်လိုက်တော့။ စကားကို တအားများတယ်”


အဖိုးရှုက သူမကို ကြည့်လိုက်သည်။


သူတို့ တစ်ယောက်နှင့်တစ်ယောက် သိသည်မှာ သိပ်မကြာသေးသော်လည်း ကျင်းယွင်ကျောင်းသည် သူ၏ အကျင့်စရိုက်ကို နားလည်ပြီးဖြစ်သည်။ သူမသည် သူ၏ အပြောကို ဂရုမစိုက်ဘဲ ဂျင်ဆင်းကို ထုတ်လိုက်၏။


ဤအဖိုးအိုသည် အလွန်ကျွမ်းကျင်သည်။ ဂျင်ဆင်းကို စက္ကူတစ်ထပ်ဖြင့် ပတ်ထားသော်လည်း သူသည် ၎င်း၏ အနံ့ကို အာရုံခံနိုင်၍ သူ၏ အမူအယာမှာ ချက်ချင်းပင် သတိအနေအထားဖြစ်သွားပြီး ထိတ်လန့်သွား၏။


သူသည် ဂျင်ဆင်းကို သူမ၏ လက်ထဲမှ ဂရုတစိုက်ဖြင့် လက်ခံယူလိုက်သည်။ ထို့နောက် ၎င်းကို ဖွင့်လိုက်သည်နှင့် မျက်လုံးပြူးသွား၏။


“ဒီလို ပစ္စည်းကောင်းတွေကို မင်းက ဘာလို့ ဒီညစ်ပတ်တဲ့အမှိုက်နဲ့ ဖုံးလာရတာလဲ။ ကံကောင်းလို့ အမြစ်မွေးလေးတွေ မကျိုးလာတယ်။ မဟုတ်လို့ကတော့ မင်း ဒီကို ထပ်လာစရာမလိုတော့ဘူး”