Chapter 55
Viewers 14k

Chapter 55 : ငွေလွှဲပြီးစီးခြင်း


အဖိုးရှုသည် ဂျင်ဆင်းအား နှာဘူးတစ်ယောက်က မိန်းမတစ်ယောက်အား စစ်ဆေးသကဲ့သို့ စစ်ဆေးနေသည်။ စစ်ဆေးပြီးနောက် ခဏအကြာတွင် သူ၏မျက်လုံးများမှ အစိမ်းရောင်များ တောက်ပလာ၏။


“သုံးသန်း။ ပိုက်ဆံယူသွား။ ပစ္စည်းကို ထားခဲ့”


အဖိုးရှုသည် ဂဏန်းတစ်ခုကို ချက်ချင်းပင် ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ လက်ထဲမှ ဂျင်ဆင်းကိုတော့ ပြန်လွှတ်ပေးလိမ့်မည်မဟုတ်ပေ။


သို့သော် သူ ကျင်းယွင်ကျောင်းအား ကြည့်သည့် အကြည့်များမှာ သူမသည် ရတနာသေတ္တာတစ်လုံးဖြစ်သကဲ့သို့ပင် ပို၍ စိတ်အား ထက်သန်လာသည်။ သူ သက်ပြင်းချလိုက်၏။ ၎င်းမှာ မြင်ရခဲသော ပစ္စည်းကောင်းတစ်ခုဖြစ်၍ မြို့တော်၌ပင် မြင်ရခဲသောအရာဖြစ်သည်။ သူသည် ၎င်းကို စားသုံးရန်အတွက် တစ်ပိုင်းစီ လှီးပစ်လိမ့်မည်မဟုတ်ပေ၊ ဖြုန်းတီးရာ ကျ၏။ အရက်ထဲတွင် စိမ်ထားသည်က အကောင်းဆုံးဖြစ်သည်။ ကျန်းမာရေးအတွက် အထူးကောင်းမွန်၍ အသက်ရှည်စေသည်။


ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် သုံးသန်း ဟူသော စကားကြောင့် မူးဝေနေပြီဖြစ်၏။ အတိတ်ဘဝတွင် သူမသည် သုံးသန်းမပြောနှင့်၊ သုံးသောင်းပင် တစ်ခါမှ မထိဖူးခဲ့ပေ။


ထိုအစား သူမသည် ဆင်ခြင်တုံတရား ကင်းမဲ့မသွားခဲ့။


“အဖိုးရှု၊ အဖိုးမှာ ဒီလောက် ပိုက်ဆံအများကြီး မရှိရင် ကျွန်မတို့ ဒီလိုလုပ်ဖို့ မလိုပါဘူး။ ဒီဂျင်ဆင်းကြောင့်တော့ ဒီအိမ်ကြီးကို မရောင်းပါနဲ့”


ဒီအဖိုးရှုက သက်ကြီးရွယ်အိုတစ်ယောက် မဟုတ်လား။ သူ့မှာ ပိုက်ဆံ ဘယ်လောက်များများ ရှိနိုင်လို့လဲ။


အကယ်၍ ဤဂျင်ဆင်းကြောင့်သာ ဤအဖိုးအိုသည် သူ၏ အိမ်ကို ဆုံးရှုံးသွားပြီး ညတိုင်း အေးစက်နေသောနေရာတွင် နေရလျှင် သူမကိုယ်တိုင်လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဤအဖိုးရှုသည် သူမအပေါ် အလွန်ကောင်း၏။


အဖိုးရှုသည် ထိုစကားကို ကြားသောအခါ ဒေါသူပုန်ထသွားသည်။ သူသည် သူမအား အော်ဟစ်ကြိမ်းမောင်းချင်သော်လည်း သူ၏ လက်ထဲရှိ ဂျင်စင်းကို သတိရသွားပြီး စိတ်ကိုလျှော့ချလိုက်၏။ သူသည် သုံးခဲလှသည့် နူးညံ့သော အသံဖြင့် ပြောလိုက်သည်။


“မင်းကို ငါ့ကို အထင်သေးနေတာပဲ။ ဒီလောက်ပိုက်ဆံကတော့ ငါ့အတွက် ဘာမှမဟုတ်ဘူး။ ရှင်းယွမ်၊ မင်း ဒီကောင်မလေးကို ငွေလွဲပေးဖို့ တာဝန်ယူလိုက်”


အမှန်ပင် အဖိုးရှု၏ ဘေးရှိ သက်လတ်ပိုင်းအရွယ်လူကြီး၏ အမည်မှာ ရှင်းယွမ်ဖြစ်သည်။


သူသည် အေးစက်စက်အမူအယာနှင့် ဖြစ်၏။ အဖိုးရှုတစ်ဦးတည်းကိုသာ ရိုသေလေးစားသည်။ သူ၏ အမူအယာသည်လည်း ချက်ချင်းပင် ပြောင်းသွား၏။ သို့သော် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ မျက်နှာသာပေးခံရသူဖြစ်ရာ ရှင်းယွမ်သည် ယခင်ကထက် ပို၍ ယဥ်ကျေးသွားပုံပင်။


“ကျွန်မမှာ ဘဏ်ကဒ်မရှိဘူး”


ကျင်းယွင်ကျောင်းသည် အနည်းငယ် ရှိုးတို့ရှန်းတန့် ခံစားနေရ၏။


“ဒါဆို ရှင်းယွမ်က မင်းကို ခေါ်သွားပြီး တစ်ခုလုပ်ပေးလိမ့်မယ်”


အဖိုးရှုက စိတ်မရှည်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြီး ဂျင်ဆင်းကို ကိုင်ရင်း အထဲသို့ ဝင်သွားသည်။


ကျင်းယွင်းကျောင်းက အနည်းငယ် မျှော်လင့်ချက်မဲ့ဖြစ်နေ၏။


“ဦးလေးရှင်းယွမ်၊ ဂျင်ဆင်းက တကယ်ကြီး အဲ့လောက်တောင် တန်တာလားဟင်”


“မင်းယူလာတဲ့တစ်ခုက သက်တမ်းရင့်နေပြီ။ သူရဲ့ပုံစံကလည်း ထိခိုက်ထားမှုမရှိဘူး၊ ဒါကြောင့် သူ့ရဲ့တန်ဖိုးက ကျမသွားတာ။ ဒါပေမယ့် ဒီလိုအရည်အသွေးကောင်းတာမျိုးက အများကြီးမရနိုင်ဘူး”


ဦးလေးရှင်းယွမ် ခဏကြာအောင် အံအားသင့်နေပြီးနောက် ပြန်ဖြေလာသည်။


ကျင်းယွင်ကျောင်းသည် ရုတ်တရက် အရေးပေါ်သတိပေးချက်တစ်ခု ရရှိလိုက်သလို ခံစားလိုက်ရ၏။ ဤဂျင်ဆင်းကို ရောင်းချခြင််းသည် တစ်ကြိမ်နှင့်ပင် လုံလောက်သည်။ အကယ်၍ သူမသာ အကြိမ်များစွာ ရောင်းချမိပါက အဖိုးရှုသည် မေးခွန်းများ မမေးလာဘဲ နေတော့မည် မဟုတ်ပေ။


သို့သော် အဖိုးရှုနှင့် ဦးလေးရှင်းယွမ်သည် လူကောင်းများဖြစ်ကြသည်။ ယခင်က သူမ ယူလာသည့် ဆေးပင်များသည် ဤဂျင်ဆင်းလောက် အဖိုးမတန်သော်လည်း ၎င်းတို့၏ အရည်အသွေးများအားလုံးမှာ ရှားပါး၍ အလွန်ကောင်းမွန်၏။ ဤလူနှစ်ယောက်သည် တွန့်ဆုတ်မှုမရှိဘဲ လက်ခံခဲ့ကြသည်။ အကယ်၍ အခြားသူသာဆိုပါက သူတို့သည် သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမြန်းပြီးဖြစ်လိမ့်မည်ပင်။


ဤလမ်းကြားသည် အတော်လေး ခေါင်သော နေရာတွင် ရှိသော်လည်း အနီးနားတွင် ဘဏ်တစ်ခုရှိသည်။ ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သော်လည်း ရှင်းယွမ်က သူမနှင့်အတူ အဖော်လိုက်လာပေးသည်ဖြစ်ရာ မည်သူကမှ သူတို့အား အလွန်အမင်း ဂရုစိုက်မနေကြပေ။


သူမသည် ကျောင်းအတွက် ငွေအမြောက်အမြားလိုသည်။ နေ့စဥ် အသုံးစရိတ်များလည်း လို၏။ ထို့ကြောင့် လက်ထဲတွင် ငွေသိန်းဂဏန်းခန့် ချန်ထားလိုက်ပြီး ကျန်သောငွေများကို ကဒ်နှစ်ကဒ် ခွဲ၍ သိမ်းလိုက်သည်။


ငွေလွှဲခြင်းကိစ္စများပြီးသောအခါ ကျင်းယွင်းကျောင်းသည် ချိန်းထားသည့် ထျန်းရှန်းလော်သို့ ဦးတည်လိုက်၏။


ထျန်းရှန်းလော်သည် ခရိုင်မြို့၏ အလယ်တွင်ရှိပြီး အလွန်ကျယ်ဝန်းသည်။ အထဲရှိ အပြင်အဆင်များသည်လည်း လုံးဝ ထိပ်တန်းအဆင့် ဖြစ်၏။


ဤထျန်းရှန်းလော်၏ ပိုင်ရှင်သည် ဤဇာတိမဟုတ်ဘဲ မြို့တော်ရှိ အင်အားကြီးမိသားစုတစ်ခုမှဟူ၍ တစ်စုံတစ်ယောက် ပြောသည်အား ကျင်းယွင်ကျောင်း တစ်ခါကြားဖူးသည်။ သူ၏ ဘိုးဘေးများသည် ဟွားနင်ခရိုင်မှဖြစ်ပြီး သူသည် ဘိုးဘေးများအား အောက်မေ့သတိရသည့် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲ ကျင်းပရန် တစ်ခါတစ်ရံ ပြန်လာတတ်သည် ဟူ၍လည်း သူမ ကြားဖူးသေးသည်။ ထို့ကြောင့် သူသည် သူ အဆင်ပြေစေရန်အတွက် ဤစားသောက်ဆိုင်ကြီးကို တည်ဆောက်ခဲ့၏။


“ယွင်ကျောင်း”


သူမ တံခါးမှ ဝင်လိုက်သည်နှင့် ရှောင်ဟိုင်ချင်းက ခုန်ပေါက်၍ ပြေးလာသည်။


“နင် လာတာ နောက်ကျလိုက်တာ။ ငါက နင် ငါ့ကို မေ့နေပြီထင်နေတာ”