Chapter 56
Viewers 14k

Chapter 56 : ဆေးမှားသောက်ခြင်း


ယနေ့ ရှောင်ဟိုင်ချင်းသည် သူမ၏ ဆံပင်ကို ခပ်မြင့်မြင့် စည်းထားပြီး အနက်ရောင် ကုတ်အင်္ကျီတစ်ထည်အား ဝတ်ဆင်ထား၏။ သူမ၏ ဖြူဖွေးကြည်လင်သော အသားအရည်ပေါ်တွင် မိတ်ကပ် လုံးဝလိမ်းမထားသော်လည်း သူမ၏ ရင့်ကျက်သောသွင်ပြင်က ဖြောင့်မတ်တည်ကြည်သော ခံစားမှုတစ်ခုကို ပေးနေသည်။


“ငါ ပိုက်ဆံထုတ်ဖို့ သွားနေတာနဲ့ နည်းနည်း နောက်ကျသွားတယ်။ ယဲ့ချင်းနဲ့ ကျန်တဲ့သူတွေရော ရောက်ပြီလား”


ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့၍ မေးလိုက်၏။


သူတို့၏ အကြောင်းကို ထည့်ပြောလိုက်သောအခါ ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းကို မဲ့လိုက်ပြီး ...


“သေချာတာပေါ့။ သူတို့အစောကြီးလာပြီး ခန်းမထဲမှာ စုနေကြတယ်။ အို...ဟုတ်သားပဲ၊ သူက အထဲဝင်လာပြီး ငါ့ကိုတောင် နင့်အကြောင်း မေးနေသေး။ သူပြောတာက ငါတို့ ဗိုက်မပြည့်သေးရင် သူက ငါတို့ကို ထပ်ပြီးတော့ ဧည့်ခံပါမယ်တဲ့”


ဘယ်လိုအတန်းအစားမျိုးလဲ ...


ရှောင်ဟိုင်ချင်း၏ မူလရည်ရွယ်ချက်မှာ ရိုးစင်းပြီး ယဲ့ချင်းနှင့် အခြားသူများအပေါ် မည်သည့်ကြွားဝါမှုကိုမှ လုပ်ရန် အစီအစဥ်မရှိပေ။ သူမသည် အခြားသူများအား ကျင်းယွင်ကျောင်းကို လွယ်လွယ် အနိုင်ကျင့်၍ မရကြောင်း ပြောပြချင်ရုံပင်။ သို့ရာတွင် ယဲ့ချင်း၏ စိတ်နေစိတ်ထားမှာ ဆိုးရွားလှသည်။ ဤရက်များ အတောအတွင်း သူမသည် သူတို့၏ နောက်ကွယ်တွင် ဆက်လက်၍ လှောင်ပြောင်နေခဲ့၏။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းက ထိုအတွက်ကြောင့် အနှောက်အယှက်မဖြစ်သော်လည်း အခြားတစ်ဖက်ကတော့ အဆုံးမရှိ ဆက်လက်လုပ်ဆောင်နေမည်မှာ အမှန်ပင်။


“သူက ဟင်းပွဲတစ်ချို့ ပိုမှာချင်နေတယ်လို့ ဆိုရင်တောင် ငါတို့က ဘာလို့ သူ့ရည်ရွယ်ချက်အတိုင်း မသွားဘဲ နေရမှာလဲ။ လာ သွားကြစို့၊ ငါတို့က အပေါ်ထပ်ကို သွားကြမယ်”


ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်း၏ လက်မောင်းကို ချိတ်လိုက်ပြီး နှစ်ဦးသားသည် မှန်တံခါးများကို ထပ်မံဖြတ်သန်း၍ ဝင်လာခဲ့ကြသည်။


ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏ သဘောထားကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှမှန်းမသိ ဖြစ်နေသော်လည်း ကျယ်ကျယ်လောင်လောင်ပင် ရယ်မောလိုက်၏။


ကျင်းယွင်ကျောင်းသည် တစ်ခါမှ ဤမျှ စိတ်အားမထက်သန်ဘူးပေ၊ သူ ဒီနေ့ ဘာဖြစ်ထားတာလဲ။ ဆေးများ မှားသောက်လာတာလား။


ယခုအချိန်တွင် ကျင်းယွင်ကျောင်း၏ မျက်နှာမှာ အပြုံးများနှင့်ပြည့်နေ၏။ သူမ၏ စိတ်နေစိတ်ထားတစ်ခုလုံးသည် အတော်လေး ပြောင်းလဲသွားပြီဖြစ်သည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုများ ပြည့်ဝနေသည့် အရှိန်အဝါတစ်ခုနှင့် သူမ၏ အပြုံးသည် နွေဦးရနံ့များနှင့် နေရောင်ခြည် အလျှံအပယ်ကို သယ်ဆောင်လာ၏။ ယခင်က စိတ်ဓါတ်ကျ၍ အေးတိအေးစက်ဖြစ်နေသော ခံစားချက်နှင့် လုံးဝကွာခြားလှသည်။


ဤပြောင်းလဲမှုသည် ယွမ်သန်းသုံးရာ၏ ကျေးဇူးကြောင့်ဖြစ်၏။


အမှန်ပင် ကျင်းယွင်ကျောင်းသည် ထိုပမာဏနှင့် ကျေနပ်မည်မဟုတ်ပေ။ သူမသည် ကမ္ဘာသစ်၏ တံခါးကို ဖွင့်လိုက်သကဲ့သို့ ယောင်ဝါးဝါး ခံစားနေရသည်၊ သူမသည် အပြေးအလွှားသွား၍ အတောက်ပဆုံးသော နေရာများတွင် ရှိနေနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။


အတိတ်ဘဝတွင် သူမသည် အမြဲတမ်း အမှောင်ထုထဲတွင်သာ နေခဲ့ရပြီး အကန့်အသတ်မဲ့သော ငွေကြေးဥစ္စာများ သို့မဟုတ် သူမ စိတ်အားထက်သန်သော အသက်မွေးကြောင်းလုပ်ငန်းများနှင့် ထိတွေ့ခွင့်ရရန် ဘယ်တော့မှ အခွင့်အရေး မရှိခဲ့ပေ။ သို့ရာတွင် နတ်ဘုရားများက သူမအား ဒုတိယအခွင့်အရေး ပေးသနားခဲ့သည်။


သူမ၌ သူမ၏ နေရာလွတ်နယ်မြေကဲ့သို့ ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ဆန့်ကျင်နေသည့် ပဥ္စလက်ဆန်သော လှည့်ကွက်တစ်ခုရှိ၏။ ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် အချိန်တိုလေး အတွင်းမှာပင် သူမ၏ ဘဝသည် ယခင်ကနှင့်မတူတော့ဘဲ လုံးဝပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှစ၍ ဘဝနေထိုင်မှုနှင့်ပတ်သတ်ပြီး သူမသည် ယခင်ကထက် ပိုမိုကောင်းမွန်သော ဘဝတွင် နေထိုင် စီးမျှောသွားရန်သာ စိတ်ထားရှိခဲ့၏။ ယနေ့တွင်တော့ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။


ယွမ်သုံးသန်းမျှသော ပမာဏကို ရှာနိုင်ရုံနှင့် မလုံလောက်သေးပေ။


သူမ အလိုရှိသည်မှာ အဆုံးမရှိသော ပိုင်ဆိုင်မှုများနှင့် ပြည့်နှက်နေသည့် တကယ့်ဘဝအစစ်တစ်ခုဖြစ်သည်။


သူမသည် တစ်ကြိမ်သေခဲ့ပြီးဖြစ်၏။ ဘာကိုများ ကြောက်စရာ ရှိပါသေးသနည်း။


သူတို့နှစ်ဦး ခန်းမထဲသို့ ဝင်သွားချိန်တွင် ဤနေရာ၏ ဇိမ်ခံပစ္စည်းများနှင့် ပြည့်နှက်နေသော အပြင်အဆင်ကြောင့် အံအားသင့်သွားကြ၏။ စားသောက်ဆိုင်သည် အထပ်ပေါင်း ဆယ်ထပ်ကျော်ရှိသည်။ အလယ်တွင် တောက်ပနေသော တိုင်လုံးကြီးတစ်လုံးရှိပြီး ပတ်ပတ်လည်ရှိ သလင်းကျောက်များက သက်တံ့ရောင်များသဖွယ် တံလျှပ်ပြန်၍ ဖိတ်ဖိတ်ထနေကာ ရိုမန့်တစ်ဆန်သော ခံစားချက်ကို ပေးစွမ်းနေ၏။


အဆိုပါ အလင်းရောင်များအောက်ရှိ ခန်းမထဲအတွင်းထဲတွင် လက်ရာမြောက်သော ရေပန်းတစ်ခုရှိပြီး အထဲ၌ ငါးများ ကူးခတ်နေသည်။


ခန်းမကြီးတစ်ခုလုံးတွင် စားပွဲပေါင်းတစ်ရာကျော်ရှိ၏။ သို့ရာတွင် ၎င်းက ပြွတ်သိပ်ကြပ်နေသည့် ခံစားမှုကို မပေးသည့်အပြင် ကျယ်ဝန်း၍ ငြိမ်သက်တိတ်ဆိတ်သော ခံစားမှုကို ပေးစွမ်းနေသည်။


ယဲ့ချင်း ကြိုတင်မှာယူထားသည့် စားပွဲနှစ်လုံးသည် နေရာကောင်းတွင် မဟုတ်ဘဲ ၎င်းမှာ လူအများကြီး ဖြတ်သွားဖြတ်လာ လုပ်နေကြသည့် နေရာတွင် ရှိသည်ဟုပင် ဆိုနိုင်၏။


အပြစ်မရှာဘဲ ကျော်ကြည့်လျှင် ယဲ့ချင်း၏ စားပွဲတွင် မြင်သာသော နေရာတွင်ရှိပြီး အခြားသူများစွာ၏ မြင်ကွင်းတွင် ရှိနေသည်။ သို့ရာတွင် တကယ်တမ်း အခြားစားပွဲများနှင့် နှိုင်းယှဥ်ပါက ဤနေရာအနေအထားသည် အချို့သူများအတွက် သက်တောင့်သက်သာ ရှိမည် မဟုတ်ပေ။


“ကျင်းယွင်ကျောင်း၊ နင်တို့ နှစ်ယောက် ထိုင်စရာမရှိရင် ဒီမှာ လွတ်လွတ်လပ်လပ် လာထိုင်လို့ရတယ်နော်။ ဒီနေ့က ငါ့မွေးနေ့လေ။ ဒီလို ပျော်စရာကောင်းတဲ့နေ့မှာ ငါ နင်တို့ကို အရိုးတော့ မကိုက်ခိုင်းပါဘူး”


ယဲ့ချင်းက သူတို့ လမ်းလျှောက်လာသည်ကို မြင်သောအခါ ပြုံး၍ ပြောလာသည်။


သူမသည် ဆောင်းတွင်းဝတ် ပန်းရောင်ဂါဝန်တစ်ထည်ကို အပြင်မှ ပိုးသား ကုတ်အင်္ကျီအတိုတစ်ထည်နှင့် တွဲဖက် ဝတ်ဆင်ထား၏။ ဤဝတ်စုံသည် စားသောက်ဆိုင်အတွင်း၌ ပြည့်စုံကောင်းမွန်သော်လည်း သူမ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် အေးခဲသွားပေလိမ့်မည်။