Chapter 57 : အတွင်းထိလှိုက်၍ ပုပ်သိုးနေခြင်း
ယဲ့ချင်း၏ အနီးနားရှိ စားပွဲများတွင် လူပြည့်နေ၍ စားပွဲလွတ်မကျန်တော့ပေ။ သူမသည် စကားဆုံးသည်နှင့် ရည်ရွယ်ချက်ရှိရှိပင် စားပွဲနှစ်လုံးပေါ်သို့ မျက်စိကစားလိုက်ရင်း နောင်တရဟန်ဖြင့် ဆက်ပြောလာပြန်သည်။
“အိုင်းယား....ဒီမှာ ထိုင်ခုံတွေလည်း မရှိတော့ဘူး။ ဘယ်လိုလုပ်ကြမလဲ။ ငါ တစ်ယောက်ယောက်ကို ထိုင်ခုံနှစ်ခုံလောက် ထပ်ယူခိုင်းဖို့ ပြောပြီး နင်တို့ ဒီလူတွေရဲ့ နောက်မှာ ထိုင်လို့ရတယ်နော်။ နင်တို့ စားစရာတစ်ခုခု လှမ်းယူချင်ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပေါ့”
“ငါတို့က နင့်ကို နင့်ကိုယ်နင် ဒုက္ခမပေးစေချင်ပါဘူး။ တကယ်လို့ ဒီမှာ ထိုင်ရတာ သက်တောင့်သက်သာမရှိတဲ့ အခန်းဖော်တွေများရှိရင်လည်း သူတို့ကို ငါတို့နဲ့အတူလာထိုင်ရအောင် ဖိတ်ဖို့ ဝန်မလေးဘူးနော်”
ကျင်းယွင်ကျောင်းက ရှေ့တည့်တည့် လျှောက်သွားရင်း ယဲ့ချင်းကို တစ်ချက်ကြည့်၍ ကြောက်ရွံ့မှုလုံးဝမရှိသည့် ပုံစံဖြင့် ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် မူလကပင် အရပ်မြင့်၍ သန့်ရှင်းစင်ကြယ်၏။ ယနေ့ သူမသည် ဝတ်နေကျပုံစံဖြစ်သည့် ပုံတုံးတုံး ဂါဝန်ပုံစံအစား ဝတ်စုံအသစ်တစ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူမ၏ ပုံပန်းသွင်ပြင်တစ်ခုလုံးသည် ကြည်လင်ကာ အစွန်းအထင်းမရှိသည့် အလှလေးသဖွယ်ဖြစ်နေပြီး သူမ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော အရှိန်အဝါကိုပါ ပေါင်းထည့်လိုက်သောအခါ သူတို့သည် ချမ်းသာသော မိသားစုမှ မမလေးတစ်ယောက်ရောက်လာသည်ကို ကြည့်နေရသည့် အလားပင်။ သို့ရာတွင် သူမ၏စကားပြောပုံဆိုပုံက ယဲ့ချင်းအား ဖိအားအချို့ကို ခံစားသွားရစေ၏။
“ဒီမှာရှိတဲ့ ငါတို့အားလုံးက ရိုးသားပြီးတော့ ဖြောင့်မတ်တဲ့သူတွေပဲ၊ နင် ထပ်ပြီးတော့ အရမ်းကြီး ဟန်ဆောင်နေစရာမလိုပါဘူး။ နင်ပြောတော့ နင် စားပွဲတစ်လုံး ကြိုမှာထားတယ်ဆို။ ဒါဆို ဘယ်နေရာလဲဆိုတာ ငါတို့ကို ပြောပြလေ။ ပြီးတော့လည်း နင် စားပွဲတစ်လုံး မှာထားတယ်ဆိုရင်တောင် အဲဒါက ရှောင်ဟိုင်ချင်း ပိုက်ဆံရှင်းတာ မဟုတ်ပါဘူးလို့ နင့်မှာ သက်သေရှိလို့လား။ ရှောင်ဟိုင်ချင်းရဲ့မိသားစုက ပိုက်ဆံရှိတယ်ဆိုတာ လူတိုင်းသိကြတယ်၊ သူ့မှာ ဒီလိုလုပ်နိုင်တဲ့ အစွမ်းအစ သေချာပေါက် ရှိတယ်”
ယဲ့ချင်းက ဆက်ပြောပြန်သည်။
ကျင်းယွင်ကျောင်း စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူမသည် တကယ်ပင် ယဲ့ချင်းအား ဘာပြောရမည်မှန်း မသိတော့ချေ။
သူမသည် ငယ်သေး၍ အချို့နေရာများတွင် မရင့်ကျက်သေးသည်အား ခွင့်ပြုပေး၍ရသည်။ သို့ရာတွင် ဤကဲ့သို့ သူမ၏ မိသားစု ဒုက္ခရောက်နေချိန်တွင် သူမသည် ဘာမှမဖြစ်သလို ဟန်ဆောင်၍ နေနိုင်သေး၏။ သူမ၏ မွေးရာပါအကျင့်စရိုက်သည် အတွင်းထိလှိုက်၍ပင် ပုပ်သိုးနေကြောင်း မြင်နိုင်သည်။
ကျင်းယွင်ကျောင်းသည် စကားဆက်ပြောရန် ဒုက္ခရောက်နေသဖြင့် သူမသည် အနားမှ ဖြတ်သွားသော စားပွဲထိုးများထဲမှ တစ်ယောက်အား လက်ပြ၍ ခေါ်လိုက်၏၊
“ကျွန်မတို့ကို ကြယ်တာရာအခန်းကို ခေါ်သွားပေးနိုင်မလား”
“နားလည်ပါပြီ ခင်ဗျ”
ဥာဏ်ပြေးပုံရသော စားပွဲထိုးက ပြုံး၍ ပြန်ဖြေလိုက်သည်။
ထျန်းရှန်းလော်တွင် သီးသန့်ခန်းများစွာရှိ၍ တစ်ခန်းချင်းစီ၏ အတွင်းပိုင်း အပြင်အဆင်များက လက်ရာမြောက်လှသည်။ ဒုတိယထပ်ရှိ ပတ်ဝန်းကျင်သည် ရိုမန့်တစ်အဆန်ဆုံးဖြစ်၏။ တတိယထပ်သည် မိသားစုတွေ့ဆုံပွဲများနှင့် ပုံမှန်ကျင်းပသော ပွဲများအတွက်ဖြစ်ပြီး စတုတ္ထထပ်နှင့် ပဥ္စမထပ်သို့မူ ကုန်သည်ကြီးများနှင့် နိုင်ငံရေးသမားများသာ သွားရောက်နိုင်သည်။ လုံခြုံရေးတင်းကြပ်၍ မည်သူကိုမှ ဝင်ခွင့်မပြုသော နေရာဖြစ်၏။ ၎င်း၏အပေါ်တွင်မူ ဟိုတယ်ခန်းများဖြစ်ကြပြီး အထပ်ပိုမြင့်လေ ဝန်ဆောင်မှုနှင့် ပတ်ဝန်းကျင် အပြင်အဆင်လည်း ပိုကောင်းလေဖြစ်သည်။
(T/N: တရုတ်စားသောက်ဆိုင်တွေမှာ များသောအားဖြင့် သီးသန့်ခန်းတွေ ရှိပါတယ်။)
အခန်းအား ကြိုတင်မှာယူထားသူမှာ ရှောင်ဟိုင်ချင်းဖြစ်၏။ သူတို့နှစ်ယောက်တည်းသာ ဖြစ်သဖြင့် သူမသည် ပတ်ဝန်းကျင်အပြင်အဆင် ပို၍ လှပသပ်ရပ်သော ဒုတိယထပ်မှ တစ်ခန်းကို ရွေးခြယ်လိုက်ခြင်းဖြစ်သည်။ အခန်းထဲမှ လိုက်ကာများကို ဖွင့်လိုက်သည်နှင့် သူတို့သည် ပထမထပ်တွင် ဖြစ်ပျက်နေသမျှအား မြင်နိုင်၏။
ကျင်းယွင်ကျောင်း၏ သူမအပေါ် အထင်သေးသလို အကြည့်များက ယဲ့ချင်းအား ဒေါသအကြီးအကျယ် ထွက်စေသည်။
သို့ရာတွင် သူမသည် ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ဒေါသများသည် ခပ်မြန်မြန်ပင် ပျောက်ကွယ်သွား၏။ သူတို့သည် ညစာစားပွဲအဆုံးထိစောင့်လိုက်လျှင် ကျင်းယွင်ကျောင်းတွင် ပိုက်ဆံရှင်းရန်အတွက် ငွေရှိ၊ မရှိကို မြင်ရမည်ဖြစ်သည်။
သူမသည် ဟမ့်ခနဲ ခပ်တိုးတိုးရေရွတ်လိုက်၍ ထိုင်ခုံတွင် ပြန်မထိုင်မီ ခေါင်းယမ်း၍ ပြောလိုက်၏။
“အားလုံးပဲ၊ သူတို့ကို လျစ်လျူရှုထားရအောင်၊ အရင်ဆုံး စားကြစို့”
ဤကျောင်းသားများသည် အဆင့်အတန်းရှိသောသူများ ဖြစ်ကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့ကဲ့သို့ ခံစားလိုက်ရသော်လည်း ကွာခြားမှုကြီးကြီးမားမား မရှိသည့်အပြင် ယနေ့မှာ ယဲ့ချင်း၏ မွေးနေ့လည်း ဖြစ်၏။ မည်သူကမှ ယဲ့ချင်းကို ကံဆိုးအောင် မလုပ်ချင်ကြပေ။ ထို့ကြောင့် သူတို့သည် သူမအား မျက်နှာသာ ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ယဲ့ချင်းသည် ချက်ချင်းပင် စားပွဲထိုးများအား ခေါ်၍ အစားအသောက်များ တည်ခင်းစေလိုက်၏။ ခဏလေးအတွင်းမှာပင် လှပဆန်းကြယ်စွာ ပြင်ဆင်ထားသော အစားအသောက်များကို တစ်ပွဲပြီးတစ်ပွဲ လာချပေးကြသည်။ ထျန်းရှန်းလော်မှ အစားအသောက်များ၏ အနံ့မှာ သေချာပေါက်ပင် အကောင်းမွန်ဆုံးဖြစ်သဖြင့် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်၏။ မည်သူကများ ဤမတိုင်မီက စိတ်မပျော်စရာ အဖြစ်အပျက်ကို မှတ်မိမည်နည်း။ သူတို့သည် ခပ်မြန်မြန်ပင် စားသောက်ပွဲ ကျင်းပကြတော့၏။
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် ကြယ်တာရာအခန်းသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ကျင်းယွင်ကျောင်းသည် အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရ၏။
ကြယ်တာရာအခန်း၏ အပြင်အဆင်သည် အနည်းငယ် ပို၍ မှောင်သည်၊ သူတို့၏ ခြေထောက်အောက်တွင် ထွင်းဖောက်မြင်နိုင်သော မှန်ချပ်ကို ခင်းထားပြီး မှန်ချပ်၏ အောက်တွင် ကြယ်စုံသော ကောင်းကင်ပြင်သဏ္ဍာန်နှင့် ဖြည့်ထား၏။ ၎င်းက သူတို့အား ကြယ်များအပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေသည်။ ဘေးဘက်နံရံလေးဖက်စလုံးတွင် ၎င်းကဲ့သိုပင် တူညီသော မြင်ကွင်းရှိ၍ သူတို့အား စိတ်ကူးယဥ်ကမ္ဘာထဲ ရောက်နေသကဲ့သို့ ထင်ရစေ၏။ အမှန်တကယ်ပင် လှပလွန်းလှသည်။
ရှောင်ဟိုင်ချင်း၏အမူအယာမှာ အားတုံ့အားနာဖြစ်နေဟန်ရပြီး သူမသည် ကျင်းယွင်ကျောင်းအား အလောတကြီး ပြုံးပြပြီး ပြောလာ၏။
“ယွင်ကျောင်း၊ ဒီအခန်းက အခန်းခသပ်သပ်ပေးဖို့ လိုတယ်”
ယခင် သူမသည် အခန်းကို ကြိုတင်မှာယူခဲ့စဥ်က ကျင်းယွင်ကျောင်းက ငွေရှင်းလိမ့်မည်ဟု တခါမှ တွေးမထားခဲ့ပေ။ ထျန်းရှန်းလော်တွင် အခန်းများစွာရှိသော်လည်း သူတို့တွင် ဧည့်သည်က ပိုများ၏။ အခန်းလဲရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။