Chapter 58 : ကိုယ့်ကိုကိုယ် ပြန်၍ အရှက်ခွဲခြင်း
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းတွင် ငွေလုံလုံလောက်လောက် ပါမလာမည်ကို စိုးရိမ်နေ၏။ သူမသည် ကျင်းယွင်ကျောင်းကို သတိပေး၍ သူမ၏ ကိုယ်ပိုင် ပိုက်ဆံအချို့ကို ထုတ်သုံးချင်နေသည်။ သို့သော် သူမသည် ကျင်းယွင်ကျောင်း၏ မာနကို ထိခိုက်နာကျင်သွားစေမည်ကိုလည်း စိုးရိမ်၏။ ရှောင်ဟိုင်ချင်း ဒုက္ခရောက်နေသည်။
သို့ရာတွင် ကျင်းယွင်ကျောင်းက ထိုကိစ္စသည် သူမအား မည်သို့မှ အနှောင်အယှက်မဖြစ်သယောင် ပြုမူနေ၏။ သူမသည် ခေါင်းညိတ်ရုံသာ ညိတ်ပြ၍ ထိုင်လိုက်သည်။
ဟင်းပွဲများမှာ ကြိုတင်မှာယူပြီးသားဖြစ်၏။ ကျင်းယွင်ကျောင်းသည်လည်း ဗိုက်ဆာနေပြီဖြစ်ကာ သူတို့နှစ်ယောက်တည်းသာရှိသည်ဖြစ်၍ သူမကိုယ်သူ ဆက်လက်ထိန်းမနေတော့ဘဲ စားပွဲထိုးအား အစားအသောက်များ တည်ခင်းပေးရန်သာ ပြောလိုက်သည်။
ရှောင်ဟိုင်ချင်း၏ မိသားစုသည် ငွေကြေးပြည့်စုံ၏။ သူမသည် အော်ဒါမှာစဥ်က ဘာကိုမှ များများစားစား မတွေးခဲ့ပေ။ သို့သော် ယခုအခါတွင်တော့ လက်ရာမြောက်၍ စျေးကြီးလှသော ဟင်းပွဲများအား တစ်ပွဲပြီးတစ်ပွဲ ယူဆောင်လာသည်ကို ကြည့်၍ သူမသည် မသက်မသာ စတင်ခံစားလာရသည်။
အဆာပြေများက လက်ခံနိုင်ဖွယ်ရှိသော်လည်း ထို့နောက်တွင်...
“လှိုင်းလေကြားမှာ ကူးခတ်နေတဲ့ နဂါး၊ နဂါးနဲ့ ဇာမဏီ အာကာပြင်ပျံဝဲ.......
(T/N : တရုတ်ဟင်းလျာတွေရဲ့ ဆန်းဆန်းပြားပြား နာမည်တွေပါ။)
တကယ်တော့ သူတို့က ကျောက်ပုဇွန် ကြက်သွန်ဖြူအုပ်ကြော်၊ ရိုးရာ ပင်လယ်ငါးပေါင်း၊ ပင်လယ်စာစုံ ငါးမန်းတောင် ဟင်းချိူ.....”
အမှန်ပင်၊ ၎င်းမှာ သူတို့မှာထားသော ဟင်းပွဲများထဲမှ အနည်းငယ်သာဖြစ်၏။ ယဲ့ချင်းကို အနိုင်ယူရန် ရှောင်ဟိုင်ချင်းသည် ပို၍ စျေးကြီးသော ဟင်းပွဲများကိုသာ မှာယူခဲ့သည်။ ဟိုင်ချင်းသည် ထိုဟင်းပွဲများ၏ နာမည်များကို မသိပေ။ သူမ၏ ပါးစပ်ထဲတွင် သူတို့၏ အရသာများသည် ထူးဆန်းလှသည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် ဤဟင်းပွဲများမှ အချို့ပါဝင်ပစ္စည်းများကို ကြားပင်မကြားဖူးချေ။
“အာ...ယွင်ကျောင်း၊ ငါ နင်တစ်ယောက်တည်း ဒါတွေ အကုန်လုံးကို ရှင်းခိုင်းရရင် စိတ်လုံမှာ မဟုတ်ဘူး။ ငါတို့ တစ်ယောက် တစ်ဝက်ရှင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ”
ကျင်းယွင်ကျောင်းက အတော်လေး ပျော်ရွှင်စွာ စားသောက်နေရင်း ဖြေလိုက်သည်။
“မလိုပါဘူးဆို။ ငါ နင့်ကို ဧည့်ခံမယ်လို့ ပြောပြီးသားလေ။ ကျန်နေရင်လည်း အဆင်ပြေတယ်။ ငါ တစ်ချို့ကို အိမ်ယူသွားလိုက်မယ်။ ငါ့မှာ အတူနေသူငယ်ချင်း နှစ်ယောက်ရှိတယ်။ ငါတို့ တူတူနေကြတာ ရက်နည်းနည်းတောင် ကြာပေါ့”
ကျင်းယွင်ကျောင်းက ပြောပြီးနောက် ရှောင်ဟိုင်ချင်းက ပို၍အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။
“အကုန် ငါ့အပြစ်ပါဟာ။ ငါတွေးသမျှက အလွန်အကြူးချည်းပဲ။ ငါ့မှာ မျှမျှတတတွေးတတ်တဲ့ စိတ်ကို မရှိဘူး”
“နင် နားလည်သရွေ့ အဆင်ပြေပါတယ်။ ဖြုန်းတီးတာက ရှက်စရာကောင်းတယ်၊ ဒါကြောင့် မချန်ဘဲ အကုန်စားကြမယ်။ ဒီပန်းကန်တွေကို ရှင်းပစ်ကြစို့”
ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်သည်။ အခန်းထဲတွင် အပြင်လူမရှိသည်ဖြစ်ရာ သူမသည် သူမ၏ အင်္ကျီလက်များကို ခေါက်လိုက်ပြီး သူမ၏ ပုံစံမှာ ချက်ချင်း ပြောင်းလဲသွားတော့၏။
“ငါက စာတော်တဲ့ ကျောင်းသားတွေအားလုံးက ဆက်ဆံရေးမကောင်းဘဲ ကြောင်တောင်တောင်နိုင်တယ်လို့ တွေးခဲ့တာ။ နင့်က ဒီလိုမျိုး သီးသန့်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”
ရှောင်ဟိုင်ချင်းက မရယ်မိအောင် ထိန်းထား၍ ခါးသီးနေသော မျက်နှာနှင့် ပြောလိုက်သည်။ သူမ၏ အမူအယာမှာ ပို၍ ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာ၏။
သို့ရာတွင် ရှောင်ဟိုင်ချင်းသည် သက်ပြင်းချလိုက်သည်။ ကျင်းယွင်ကျောင်း၏ အပြုအမူများသည် ကပိုကရိုဆန်သော်လည်း အနည်းငယ်မျှပင် အပေါစားဆန်မနေပေ။ အကယ်၍ ဤအပြုအမူများကို အခြားတစ်ယောက်ကသာ လုပ်ပါက လုံးဝကွဲပြားခြားနားနေပေလိမ့်မည်။
ကျင်းယွင်ကျောင်း နှစ်နှစ်ခြိုက်ခြိုက်စားသောက်နေသည်ကို ကြည့်၍ ရှောင်ဟိုင်ချင်းသည် လျှာမသပ်ဘဲ မနေနိုင်တော့ပေ။ သူမက အရှုံးပေးလိုက်ပြီး ပြောလာ၏။
“ဖြည်းဖြည်းစား၊ ငါဖို့လည်း နည်းနည်းချန်ပါဦး...အား၊ ဒါက အရသာရှိလိုက်တာ။ နောက်တစ်ကိုက်လောက်၊ ငါ့ဆီက မလုနဲ့လေ”
နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် စားသောက်နေစဥ်မှာပင် သူတို့၏ သီသန့်ခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။
“ဧည့်သည်တော်တို့၊ အောက်ထပ်က ဧည့်သည်တော်တွေက လူကြီးမင်းတို့အတွက် ‘ကြွယ်ဝချမ်းသာကောင်းချီးဖြာ’ ဟင်းတစ်ပွဲ လက်ဆောင်ပို့ခိုင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး သုံးဆောင်ပါ”
စားပွဲထိုးက ယဥ်ကျေးစွာပင် ၎င်းကို အထဲသို့ ယူဆောင်လာ၏။ သူတို့နှစ်ယောက်လုံး ကြည့်လိုက်သောအခါ ကြက်သွန်နှင့် တို့ဖူးအကျန်များကိုသာ မြင်လိုက်ရသည်။
အောက်ထပ်က ဧည့်သည်တွေ၊ ယဲ့ချင်းကလွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။
ရှောင်ဟိုင်ချင်း ဘာမှမပြောရသေးမီမှာပင် ကျင်းယွင်ကျောင်းသည် သူမ၏ ဘေးရှိ ပန်းကန်ကို ယူလိုက်ပြီး စားပွဲထိုးကို ပေးလိုက်သည်။
“ဒီလက်ဆောင်လေး ပြန်ပေးပြီး ကျွန်မတို့ကို ဟင်းပွဲပေးတဲ့ မိန်းကလေးကို ပြောပေးပါဦး၊ ဒီဟင်းပွဲက အရသာတော်တော်ကောင်းတယ်၊ ကျွန်မ သူ့ကို မြည်းကြည့်စေချင်တယ်လို့ ပြောလိုက်ပါ။ သူက ဟင်းပွဲရဲ့ပါဝင်ပစ္စည်းတွေကို မေးရင်လည်း အမှန်အတိုင်းသာ ဖြေပေးလိုက်ပါ”
ကျင်းယွင်ကျောင်းသည် ရက်ရောလွန်းသူမဟုတ်ပေ။ သူမ ပြန်ပေးလိုက်သော ဟင်းပွဲသည် အမှန်တကယ်ပင် စျေးကြီးလှသည်။ ၎င်း၏ အမည်မှာ ‘သန္တာရောင်စဥ်ပန်းမျိုးတရာပင်လယ်ခရု’ ဖြစ်၏။ သို့သော် ပန်းကန်ထဲတွင် ဟင်းအနှစ်အနည်းငယ်နှင့် အလှဆင်ထားသည့် အရာအနည်းငယ်သာ ကျန်သည်။ ဤဟင်းပွဲ၏ စျေးနှုန်းမှာ ယွမ်တစ်ထောင့်ခြောက်ရာကျော်ဖြစ်၏။ ယဲ့ချင်းမြင်လျှင် ဒေါသထွက်လွန်း၍ သွေးအန်မည်မှာ အသေအချာပင်။
ကျင်းယွင်ကျောင်းသည် ဘယ်သောအခါကမှ ကြွားဝါးပလွှားခြင်းမရှိခဲ့ပေ၊ သို့သော် ယဲ့ချင်းက သူမအား ရန်လာစသူဖြစ်သည်။ အကယ်၍ သူတို့ အေးအေးချမ်းချမ်းနှင့် စားသောက်ပြီးသွားလျှင်လည်း ယဲ့ချင်းက သူတို့ကို သွားခွင့်ပြုမည်မဟုတ်ပေ။ သူမသည် သူမကိုယ်သူမ အရှက်ခွဲရန် ကြိုးစားနေသည်။