Chapter 59 : မျက်နှာကို ဖြတ်ရိုက်ခြင်း
စားပွဲထိုးသည် မူလက ဟင်းပွဲကို ဤနေရာသို့ ယူလာခဲ့စဥ်က ဒုက္ခရောက်နေခဲ့သည်။ အကယ်၍ အောက်ထပ်ရှိ မိန်းကလေးကသာ သူမသည် ဤသီးသန့်ခန်းထဲရှိသူများသည် သူမနှင့် ရင်းနှီးပါသည်ဟုဆို၍ အတင်းမတိုက်တွန်းခဲ့ပါက သူမသည် အခြားစားပွဲမှ ဟင်းပွဲကို ဤနေရာသို့ ယူလာပေးမည်မဟုတ်ပေ။
ဧည့်သည်က စိတ်မဆိုးရုံသာမက သူမကပင် ဟင်းအကျန်တစ်ပွဲကို လက်ဆောင်အဖြစ်ပေးခဲ့သေးသည်။ စားပွဲထိုးသည် အနည်းငယ် ပျော်ရွှင်သွား၏။
ဘာလို့ ဒီဧည့်သည်နှစ်ယောက်က အတူလာကြတဲ့ပုံ မပေါ်တာလဲ။ သို့သော် သူမ တာဝန်ယူထားရသည့် အောက်ထပ်မှ စားပွဲသည် သူမ၏ရှေ့ရှိ ဧည့်သည်နှစ်ယောက်နှင့် နှိုင်းယှဥ်၍ပင် မရပေ။
အထူးသဖြင့် ဤမိန်းကလေး (ကျင်းယွင်ကျောင်း) သည် လှပရုံသာမက သူမ၏မျက်နှာကလည်း အထက်တန်းကျလှသည်။ အထူးသဖြင့် သူမ၏ မြင့်မြတ်သော အရှိန်အဝါအရ အလွန်ချမ်းသာကြွယ်ဝသော မိသားစုက မမလေးတစ်ယောက်ပင် ဖြစ်ရမည် မဟုတ်လား။
စားပွဲထိုးသည် ယဥ်ကျေးစွာပင် လက်ခံလိုက်၍ ကျင်းယွင်ကျောင်း ပြောသည့်အတိုင်း လုပ်ပေးလိုက်၏။
“နင်က ဥာဏ်များလွန်းလိုက်တာ၊ ယဲ့ချင်းက ဂုဏ်သိက္ခာကို အလေးအထားဆုံးပဲ။ သူက နင့်ကို ကြက်သွန်နဲ့ တို့ဖူးအကျန်တွေပါတဲ့ ပန်းကန်ကို ပို့လိုက်ကတည်းက နင်က သာမန်ဟင်းပွဲလေးတစ်ပွဲကို မမှာစားနိုင်လောက်ဘူးလို့ သူမျှော်လင့်နေတာပဲဖြစ်ရမယ်။ နင်လုပ်လိုက်တာက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း ဖြတ်ရိုက်လိုက်သလိုပဲ။ အိုး...ဟုတ်သား။ ယဲ့ချင်းရဲ့တစ်စားပွဲလုံးစာ ဟင်းပွဲတွေအကုန်လုံးက ယွမ်တစ်ထောင့်ခြောက်ရာပဲ ကျတယ်လို့ ငါကြားတယ်။ ဒါက နင် ပြန်ပို့ပေးလိုက်တဲ့ ဟင်းတစ်ပွဲက သူ့ရဲ့တစ်စားပွဲလုံးစာ ဟင်းပွဲတွေလောက် တန်တယ်ဆိုတဲ့ သဘောပဲ”
ရှောင်ဟိုင်ချင်းက ယဲ့ချင်းက ဒေါသအိုးပေါက်ကွဲနေမည့်ပုံအား မြင်ယောင်နေသကဲ့သို့ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက ကွေးညွတ်သွားသည်။
“သစ်ပင်က တည်ငြိမ်နေတယ်လို့ ရည်ညွှန်းပေမယ့် လေကတော့ မငြိမ်ဘူးလေ။ ငါ့မှာ သူနဲ့အပြိုင် ကြွားစရာမရှိပါဘူး”
ယဲ့ချင်းက သူမအား ကန့်လန့်တိုက်နေသည်မှာ အကြောင်းရင်းနှစ်ခုသာရှိ၏။
တစ်ခုမှာ သူမ၏ အဆင့်များမှာ အမြဲတမ်း ကျောင်း၏ နံပါတ်တစ်ဖြစ်နေ၍ပင်။ သူတို့သည် အလိုလျောက်ပင် အခန်းတူများဖြစ်ကြပြီး ယဲ့ချင်းကဲ့သို့သော ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက်က သူမအောက် တစ်ဆင့်နိမ့်နေ၏။
ဒုတိယအချက်မှာ ကျန်ရှကြောင့် ဖြစ်သည်။
ယဲ့ချင်းက ကျန်ရှအား ကြိုက်နေကြောင်း လူတိုင်းသိကြသော်လည်း သူကမူ ချောင်ဟုန်ယဲ့ကိုသာ ကြိုက်၏။ ချောင်ဟုန်ယဲ့ကြောင့်သာ ကျန်ရှက ကျင်းယွင်ကျောင်း၏ ကိစ္စများတွင် ဝင်ပါနေခြင်းဖြစ်သည်။ ယဲ့ချင်းကဲ့သို့ ကိုယ့်ကိုကိုယ်သာ အာရုံစိုက်သော လူတစ်ယောက်သည် ကျင်းယွင်ကျောင်းနှင့် ကျန်ရှတို့ကြားတွင် ရှက်စရာကိစ္စတစ်ခုခု ဖြစ်နေသည်ဟု ယူဆမည်မှာ အသေအချာပင်။ ထို့အပြင် ယဲ့ချင်း၏ မိသားစုနောက်ခံအရ သူမ၏ မြင့်မားသော ဖြစ်တည်မှုအား စော်ကားနေသကဲ့သို့ ခံစားနေရမည်ဖြစ်၏။
“ကျင်းယွင်ကျောင်း၊ တစ်ယောက်ယောက်ကများ နင့်ကို အရမ်းပြောင်းလဲသွားတယ်လို့ မပြောဘူးလား။ ငါ နင့်ကို နက်နက်ရှိုင်းရှိုင်းကို လေးစားမိတယ်။ အရင်တုန်းက နင်က စာပဲ တအားကြိုးစားနေပြီးတော့ နင်က အိန္ဒြေကြီးလွန်းတယ်ဆိုတဲ့ ကောလာဟလတွေရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ နင်က လူတိုင်းကို အနိုင်ကျင့်နိုင်တယ်။ ဒါပေမယ့် နင်က အဲဒီလိုပုံမပေါက်ဘူး။ နင်က အတော်လေး ခက်ထန်တယ်။ နင့်ကို အကြိမ်များစွာ အနိုင်ကျင့်နေကြတာတောင် နင်က ဘယ်တော့မှာ အခွင့်ကောင်းမယူခဲ့ဘူး။ အန္တရာယ်အရှိဆုံးအချိန်တွေမှာလည်း အသက်အန္တရာယ်တောင် ကြုံခဲ့ရပေမယ့် နင့်အပေါ်မှာ သက်ရောက်မှုမရှိဘူး”
ရှောင်ဟိုင်ချင်းက ဆက်ပြောရင်း လက်မ ထောင်မပြဘဲ မနေနိုင်ချေ။
ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်လိုက်သည်။
“နင်လည်း ခက်ထန်တာပဲမဟုတ်လား။ စကားတစ်ခွန်းတည်းနဲ့တင် ကျန်ရှကို ငြိမ်ကျသွားအောင် ခြောက်လှန့်နိုင်တယ်”
သူမ၏ အတိတ်ဘဝတွင်လည်း ရှောင်ဟိုင်ချင်းသည် အလွန်သန်မာသော အမျိုးသမီးဖြစ်၏။ သူမ၏ အချစ်ရေးကိစ္စများကြောင့် နာမည်မကောင်းသော်လည်း သူမသည် သူမအား မည်သူကမှ လာမရှုပ်ရဲအောင် ခက်ထန်ဆဲဖြစ်သည်။
“ငါတို့ တစ်ယောက်နဲ့တစ်ယောက် မြှောက်ပင့်နေကြတာလား။ ငါ မျက်နှာတွေ နီရဲလာပြီ”
ရှောင်ဟိုင်ချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“တကယ်လား။ ဝိုင်ကြောင့်များ ဖြစ်နိုင်မလား”
ကျင်းယွင်ကျောင်းက ပျော်ရွှင်စွာ ပြန်ဖြေလိုက်ပြီး ဝိုင်ခွက်ကို မြှောက်ပြီး ရှောင်ဟိုင်ချင်းနှင့် ခွက်ချင်းတိုက်လိုက်၍ တစ်ခွက်လုံးအား တစ်ခါတည်း အကုန် မော့ချပစ်လိုက်၏။
စိတ်လှုပ်ရှားမှုပိုများလာသဖြင့် လေထုက ပို၍ ကောင်းမွန်လာသည်။
သို့သော် အဓိကခန်းမထဲတွင်မူ လက်ရှိအချိန်၌ ယဲ့ချင်းသည် ဒေါသချောင်းချောင်း ထွက်နေ၏။
သူမသည် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူမ၏ မျက်နှာသည် လောင်ကျွမ်းတော့မတတ် နီရဲနေ၏။ သူမ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။
ကျင်းယွင်ကျောင်းသည် အမှန်တကယ် အရေထူလှ၏။ သင်းက သူမကို ဒီနေရာမှာ စားပြီးသားဟင်းအကျန်တစ်ပွဲနဲ့ အရှက်ခွဲလိုက်တာပင်။
“နင်တို့စားသောက်ဆိုင်က ဒါ ဘာအချိုးချိုးတာလဲ။ သူတို့က နင့်ကို တစ်ခုခု ပို့ခိုင်းတိုင်း နင်က ပို့ပေးတယ်လား။ ဒီပန်းကန်ထဲမှာ အခြားသူတွေရဲ့ တံထွေးနေပါတယ်လေ။ ဒီနေရာမှာ ရောဂါပိုးတွေ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ဒီဟာကို စားခဲ့တဲ့သူတွေက ရောဂါတွေတောင် ရှိနေနိုင်တယ်”
ယဲ့ချင်းက သူမ၏ ဂုဏ်သိက္ခာကို ဂရုစိုက်မနေတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရန်တွေ့ခဲ့သည်။
သူမ၏ ဘေးတွင် ထိုင်နေသော ကျန်ရှက မျက်မှောင်ကြုံ့လိုက်ရင်း ...
“ယဲ့ချင်း၊ ပြဿနာရှာနေတာကို ရပ်လိုက်တော့။ ဒီမှာ အခြားအတန်းဖော်တွေ အားလုံးလည်း ရှိနေတယ်လေ။ ကြည့်မကောင်းဘူး”
ယဲ့ချင်းက ထိုစကားကိုကြားသောအခါ အသည်းကွဲသွားရမည့်အစား ဒေါသတကြီး တုံ့ပြန်လိုက်သည်။
“ဘယ်လိုများ ကြည့်မကောင်းတာလဲ။ အခြားတစ်ယောက်ရဲ့ စားကြွင်းစားကျန်တွေနဲ့ စော်ကားခံရတာထက် ကြည့်မကောင်းတာ ဘာများရှိသေးလို့လဲ။ ငါက သူ့ကို စိတ်ရင်းနဲ့ ‘ကြွယ်ဝချမ်းသာကောင်းချီးဖြာ’ ဟင်းတစ်ပွဲပို့ပေးခဲ့တာလေ။ သူက ငါ့ကို ဘာပို့လိုက်လဲ။ တကယ်လို့ သူသာ တကယ်တတ်နိုင်တယ်ဆိုရင် ဘာလို့ မစားရသေးတဲ့ ဟင်းတစ်ပွဲ မပို့ပေးတာလဲ။ ငါ့ကို အကျန်တွေပို့လိုက်တယ်ဆိုတော့ သူက ငါ့ကို သူတောင်းစားလို့ တွေးနေတာလား”