Chapter 60
Viewers 14k

Chapter 60 : ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း


ဤကိစ္စအားလုံးကို မည်သူက အစပြုခဲ့သည်ဆိုသည်အား မေ့နေသည့်ပုံဖြင့် ယဲ့ချင်း၏ မျက်လုံးများက နီရဲနေသည်။ အဖိုးတန်ဟင်းပွဲ၏ အကျန်များကိုကြည့်ရင်း သူမ၏ မနာလိုဝန်တိုစိတ်ကို မထိန်းနိုင်တော့ချေ။


ကျင်းယွင်ကျောင်းက မိဘမဲ့တစ်ယောက် မဟုတ်လား။ သူမကို ဒီလို အရှက်ခွဲဖို့ သင်းဆီမှာ ဘာအခွင့်အရေးရှိလို့လဲ။


“ယဲ့ချင်း၊ ဒီလိုမလုပ်နဲ့လေ။ ဟင်းပန်းကန်ကို အရင်ဆုံးပို့တာ ငါတို့ မဟုတ်လား”


သူမ၏ ဘေးရှိ မိန်းကလေးက ထပ်မကြည့်နိုင်တော့သဖြင့် ယဲ့ချင်းအား သတိပေးရန် စကားဆိုလိုက်သည်။


ယဲ့ချင်းသည် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက် ဖြစ်၏။ သူမသည် များသောအားဖြင့် တည်ငြိမ် ငြင်သာစွာ စကားပြောလေ့ရှိပြီး သူမ၏ အကျင့်စရိုက်မှာလည်း အတော်လေး ကောင်းသည်။ သို့သော် သူမသည် မကြာသေးမီကပင် အတော်လေး ပြောင်းလဲသွားကြောင်း သိပြီးဖြစ်ကြ၏။ အထူးသဖြင့် ယခုအချိန်တွင် ဟင်းတစ်ပွဲကြောင့် သူမသည် လူများစွာ၏ ရှေ့၌အော်ဟစ်ရန်လိုနေသည်။ သူမသည် အပေါက်ဆိုးသော မိန်းမကြီးတစ်ဦးကဲ့သို့ အော်ဟစ်နေ၏။ ဘယ်လောက်တောင် အရှက်ကွဲလိုက်သလဲ။


သူတို့သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသည်။ သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်သည်မှာလည်း သဘာဝကျ၏။ ဤကဲ့သို့ ဇာချဲ့လှသည့် ယဲ့ချင်းနှင့်ဆိုလျှင် ဘယ်သူကများ ဂုဏ်သိက္ခာကို ထိန်းထားနိုင်မည်နည်း။


“ဒါဆို ငါက အရင်ဆုံး ဒါကို ဘာလို့ပို့ခဲ့တာလဲ။ အဲဒီပန်းကန်ထဲမှာ အများကြီးကျန်သေးတယ်လေ။ ဒါပေမယ့် သူကကျတော့ရော။ အကုန်လုံး စားပြီးသား ညစ်ပတ်နေတာကြီး။ နင်က သူ့ဘက်က ပြောပေးရင် ဘာလို့ နင် အဲဒါကို မစားလိုက်တာလဲ”


ယဲ့ချင်း၏ ဒေါသသည် အလွန်ကြီးလှသည်။ သူမသည် စားပွဲထိုး၏ လက်ထဲမှ ပန်းကန်ကို လုယူလိုက်ပြီး ထိုမိန်းကလေးဆီသို့ လွှင့်ပစ်လိုက်၏။ ပန်းကန်ကွဲသံ ထွက်ပေါ်လာပြီး ထိုပန်းကန်ထဲမှ ဟင်းအနှစ်များသည် နေရာအနှံ့ ပြန့်ကျဲသွားသည်။ ဘေးရှိကျောင်းသားများသည်လည်း ဟင်းအနှစ်အချို့ စင်ကုန်၏။


ယဲ့ချင်းသည် ပန်းကန်ကို လွှင့်ပစ်ပြီးနောက် ချက်ချင်း နောင်တရသွားသည်။ သူမသည် ဒေါသထွက်လွန်းသွားရုံသာဖြစ်သော်လည်း သူမ,ပြောခဲ့သည်များကိုလည်း ပြန်မရုတ်သိမ်းချင်ခဲ့ပေ။ ထို့အပြင် သူမသည် ဂုဏ်သိက္ခာကိုလည်း ချစ်မြတ်နိုး၏။ ထို့ကြောင့် သူမသည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ဒေါသထွက်နေသေးသယောင်သာ ပြုမူလိုက်သည်။


ထိုသို့ဖြစ်ပြီးနောက်တွင် လူတိုင်းသည် ဆက်လက်၍ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ယဲ့ချင်းသည် ကျင်းယွင်ကျောင်းအား စိတ်ဆိုးသည်မှာ အဆင်ပြေသော်လည်း သူမက အဘယ်ကြောင့် သူတို့အားလုံးအပေါ်တွင်ပါ မဲနေရသနည်း။


သူတို့သည် ယဲ့ချင်း ကျွေးသော အစားအသောက်ကို စားသောက်၍ အမှန်တကယ်လည်း ယဲ့ချင်း ဖိတ်ကြားသောကြောင့်သာ လာခဲ့ခြင်းဖြစ်သော်လည်း ဒါတွေအားလုံးက သူမရဲ့မွေးနေ့ကို ကျင်းပဖို့ မဟုတ်လား။


သို့သော် ယခုတွင်တော့ သူတို့သည် အစားအသောက်ကောင်းများကို မစားနိုင်ရုံသာမက သူတို့ပါ ဒုက္ခတွေ့နေရသည်။


“နင်က ဘောင်ကျော်လွန်းနေပြီနော်။ ကျောင်းကောင်စီအဖွဲ့ဝင် တစ်ယောက်ဖြစ်နေတာနဲ့တင် နင့်ကိုယ့်နင် အရာအားလုံးက ကြီးမြတ်လှပြီလို့များ တကယ်ကြီး ထင်နေတာလား။ အနည်းဆုံးတော့ ကျင်းယွင်ကျောင်းက အခြားသူတွေထက် ပိုတော်ပိုတတ်နေသလို မပြုမူဖူးသလို အခြားသူတွေကိုလည်း အထင်မသေးဖူးဘူး။ နင် ချက်ချင်း တောင်းပန်တာ ပိုကောင်းမယ်နော်။ မဟုတ်ရင် လူတိုင်းက ငါတို့အတန်းထဲမှာ နင့်လိုလူမျိုးမရှိသလို ပြုမူပြီးနေရလိမ့်မယ်”


ကျောင်းသားတစ်ယောက်က မတ်တပ်ထရပ်၍ ဒေါသတကြီးပြောလိုက်၏။


“နင်တို့က နင်တို့ ကျင်းယွင်ကျောင်းကို ကြဥ်ထားသလိုမျိုး ငါ့ကိုကြဥ်ချင်တာလား။ နင်တို့ကိုယ်နင်တို့ ဘာထင်နေလဲ။ အခု နင်တို့ သောက်ထား၊ စားထားသမျှတွေကို ပိုက်ဆံရှင်းတာ ငါဆိုတာလည်း မမေ့နဲ့။ နင့်မှာ ငါ့ကို ဆရာလာလုပ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ။ ပြီးတော့ ငါက ဘာအမှားလုပ်လို့လဲ။ နင်တို့က ငါ့မွေးနေ့ကို ကျင်းပဖို့ ဒီကိုရောက်နေကြတာ မဟုတ်လား။ နင်က ဘာလို့ ကျင်းယွင်ကျောင်းဘက်ကနေ ပြောပေးနေတာလဲ”


ယဲ့ချင်းက အချိုးပြောင်းရန် ငြင်းဆန်နေဆဲပင်။


သူမသည် အမှန်တကယ်ပင် ကြောက်ရွံ့နေ၏။ သို့သော် သူမကို ခေါင်းငုံ့ပြီး အရှုံးကို ဝန်ခံဖို့ ပြောသည်လား။ လုံးဝမဖြစ်နိုင်ပေ။


သူမ ထိုသို့ပြောပြီးနောက် အခြားကျောင်းသားများသည်လည်း ဒေါသထွက်သွားကြသည်။ သူတို့၏ ရန်ဖြစ်ငြင်းခုံနေကြသော အသံများမှာ မတိုးလှရာ သူတို့၏ ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အကြည့်များကို ဖမ်းစားနိုင်၏။


ယဲ့ချင်း၏ မျက်နှာသည် နီရဲနေပြီး သူမသည် ဆက်လက်၍ တင်းခံနေသည်။


“ယဲ့ချင်း၊ ငါ နင့်ကို နူးညံ့တဲ့အကျင့်စရိုက်ရှိတဲ့သူလို့ပဲ အမြဲတမ်း ထင်ခဲ့တာ။ နင်က ဒီလိုလူစားမျိုးမှန်း ငါ တကယ် ထင်မထားခဲ့ဘူး။ ဒါပေမယ့် ကျင်းယွင်ကျောင်းကလည်း ဒီတစ်ခါတော့ တကယ်ကို စေးကုပ်လွန်းပါတယ်။ ဟင်းပွဲတစ်ပွဲပို့ပေးတာ ကောင်းပေမယ့် အကျန်တွေဖြစ်နေတာက ကျတော့ရော။ ဒါဘယ်လိုလုပ်မလဲ၊ ယဲ့ချင်း။ နင် ဘာလို့ အားလုံးကို တောင်းပန်ဖို့ ‘သန္တာရောင်စဥ်ပန်းမျိုးတရာပင်လယ်ခရု’ နှစ်ပွဲလောက် ထပ်မမှာတာလဲ။ ငါတို့အကုန်လုံးက ဒီကို ပျော်ဖို့ လာတာလေ။ လူတစ်ယောက်ကြောင့်နဲ့တော့ အပျက်စီးမခံနိုင်ဘူး”


ကျန်ရှသည် ရက်ရော၍ ကြင်နာတတ်သူတစ်ယောက်ဟု လူသိများသည်။ ယခုအချိန်မှာတောင်မှ သူသည် ကြင်နာသောစကားလုံးအချို့ကို ပြောရန် မမေ့ချေ။


သို့ရာတွင် သူ၏စကားလုံးများက နှစ်သက်စရာ မကောင်းပေ။ သူတို့၏ဘေးစားပွဲများမှ လူများပင် ထိုစကားကြောင့် ဒေါသထွက်ကုန်ကြ၏။


ဤကောင်လေးသည် ငယ်ရွယ်သေးသော်လည်း သူသည် ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသော စရိုက်ရှိ၍ အနည်းငယ်လည်း တစ်ကိုယ်ကောင်းဆန်သည်။ သူတို့သည် ရန်ဖြစ်လုနီးပါးဖြစ်နေသော်လည်း သူသည် ဟင်းပွဲအကြောင်းကိုသာ တွေးနေ၏။ သူသည် မိန်းကလေးတစ်ယောက်ဆီမှ အမြတ်ထုတ်ချင်နေဆဲပင်။


တကယ်တော့ ကျန်ရှသည် ထိုသို့မတွေးပေ။ သူသည် သူတို့ရန်ဖြစ်ကြသည်မှာ ပင်လယ်ခရုကြောင့်ဟူ၍သာ တွေးနေ၏။ ထို့ကြောင့် သူတို့သည် ပြဿနာကို ပင်လယ်ခရုနှင့်သာ ဖြေရှင်းရပေမည်။ ယဲ့ချင်း၏ သဘောထားကြီးရက်ရောမှုကိုလည်း ပြသရာ ရောက်သည်။ သူသည် ကျင်းယွင်ကျောင်းကိုလည်း သူမက ပြဿနာဖြစ်စေရန် ပို့ပေးလိုက်သော ဟင်းပွဲသည် သူတို့၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ကြောင်း မြင်စေချင်၏။ သူတို့လည်း သူတို့စားချင်သည်ကို စားနိုင်မည်ဖြစ်လေသတည်း။