Chapter 61 : မျှော်လင့်မထားသော မတော်တဆဖြစ်ရပ်
ထိုအချိန်တွင် ကျန်ရှက သူသည် သဘောထားကြီးပြီး ချင့်ချိန်တတ်သူတစ်ယောက်ဖြစ်၍ ဖျန်ဖြေပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ သို့ရာတွင် ယဲ့ချင်းက ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာသည် နီမြန်းနေရာမှ ဖြူဖျော့သွား၏။
သူမသည် ကျင်းယွင်ကျောင်းက ဟင်းအကျန် တစ်ပန်းကန် ပို့လိုက်ခြင်းကြောင့် ဒေါသထွက်ခြင်းမဟုတ်ပေ။ ဟင်းပွဲ၏ စျေးနှုန်းကြောင့်သာ ဒေါသထွက်ခြင်းဖြစ်၏။
ဤဟင်းပွဲတစ်ပွဲသည် သူမ၏ တစ်စားပွဲလုံးစာ တန်ဖိုးနှင့် ညီမျှသည်။ ယခု သူက သူမကို အဲဒီဟင်းနှစ်ပွဲ မှာစေချင်နေတာလား။ ထိုများပြားသော ပိုက်ဆံကို သူမ ဘယ်က ရလိမ့်မည်နည်း။
သူမ၏ မွေးနေ့ဖြစ်တာတောင် သူမသည် မိဘများအား အချိန်အတော်ကြာအောင် တောင်းပန်ပြီးမှ ယွမ်ငါးရာသာရခဲ့သည်။ သို့သော် ထိုပမာဏနှင့် မည်သို့လောက်ငှမည်နည်း။ သူမတွင် ရွေးခြယ်စရာမရှိသောကြောင့် လက်ဝတ်လက်စားများနှင့် ယခင်နှစ်မွေးနေ့များက သူမ၏ မိဘများ လက်ဆောင်ပေးခဲ့သော လက်ဆောင်ပစ္စည်းများကို ရောင်းချခဲ့ရသည်။ သူမသည် ထိုပိုက်ဆံကို သူမအတွက် ဝတ်စုံအလှများဝယ်ရန် သုံးလိုက်ပြီး ထိုမှ ကျန်သော ပိုက်ဆံနှင့်သာ သူမ၏ အတန်းဖော်များကို ထမင်းတစ်နပ် ဧည့်ခံခြင်းဖြစ်၏။
“ကျန်ရှ၊ နင် ဆက်ပြောစရာမလိုဘူး။ ငါတို့က သူတောင်းစားတွေ မဟုတ်ဘူး။ ငါတို့လာခဲ့တာလည်း အစားအသောက်အတွက်မဟုတ်ဘဲ သူ့ကို မျက်နှာသာပေးဖို့ လာခဲ့တာ။ ဒါပေမယ့် သူက ငါတို့ကို ဒီလိုမျိုး စော်ကားမယ်လို့တော့ မထင်လိုက်မိဘူး။ ဒီလိုဖြစ်သွားကတည်းက ဒီမှာ နေစရာအကြောင်းလည်း မရှိတော့ဘူး။ ငါတို့ အရင်ဆုံး ထွက်သွားမယ်”
ဟင်းအနှစ်များနှင့် ပက်ခံရသော မိန်းကလေးက မတ်တပ်ထရပ်လိုက်ပြီး သူမ၏ ဂျာကင်အင်္ကျီကို ဆွဲယူကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
သို့သော် ယဲ့ချင်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ ဤမိန်းကလေးသာ ထွက်သွားပါက အခြားသူများကလည်း အဘယ်ကြောင့် ဆက်ထိုင်နေရပါဦးမည်နည်း။ သူမ ပိုပြီး အရှက်ကွဲသွားမည်မဟုတ်လား။
သူမသည် ထိုမိန်းကလေးအား တားရန် ကမူးရှုးထိုးပြေးသွားလိုက်သည်။
“နင် ထွက်မသွားရဘူး”
“ငါ့ခြေထောက်တွေက ငါ့ခန္ဓာကိုယ်ကလေ။ နင့်မှာ ငါ့ကို တားဖို့ ဘာအခွင့်အရေးရှိလို့လဲ”
ထိုမိန်းကလေးက ယဲ့ချင်း၏ လက်ကို ခါထုတ်ပစ်လိုက်ပြီး သူမအား စိုက်ကြည့်လိုက်၏။
ထိုမိန်းကလေးအမည်မှာ ယန်ထျန်းထျန်းဖြစ်ပြီး ယခင်က သူမသည် ယဲ့ချင်းနှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သို့သော် ယဲ့ချင်းသည် ယခင်က အခြားသူများအပေါ်တွင် ဤသို့မဟုတ်ချေ။ ထို့ကြောင့် ယနေ့ ယဲ့ချင်း၏ မွေးနေ့ကို ဆင်နွှဲရန် သူမသည် အဝတ်အစားအသစ်များကို အထူးဝတ်ဆင်လာခဲ့သည်။ ယဲ့ချင်းအား မျက်နှာပေးရန်သာမက သူမကိုယ်သူမလည်း အရှက်မရစေရန်ဖြစ်၏။ သို့သော် ယခု ယဲ့ချင်းက ဤသို့ပြုမူခဲ့သည်။ သူမသည် ဟင်းအနှစ်တစ်ပန်းကန်လုံးနှင့် အပက်ခံလိုက်ရပြီး သူမ၏ အဝတ်အစားအသစ်များ ပျက်စီးသွား၏။ သူမ အိမ်ပြန်လျှင် သူမ၏ မိဘများက အဘယ်မျှ ဆူပူကြိမ်းမောင်းမည်ဆိုတာ မည်သူသိမည်နည်း။
“နင် မပြန်ရဘူး။ နင် အခု ငါကျွေးတာကို စားထားတာလေ။ အဲဒီတော့ ငါပြောတာကို နားထောင်ရမယ်”
ယဲ့ချင်းသည် မပြီးနိုင်မစီးနိုင် စိတ်အနှောက်အယှက် ပေးနေ၏။
ယန်ထျန်းထျန်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။
“ပိုက်ဆံ ဘယ်လောက်လဲ ပြော။ နင့်ကို တနင်္လာနေ့ကျရင် ပြန်ပေးမယ်၊ အခုတော့ ဖယ်စမ်း”
“မရဘူး၊ နင် မသွားရဘူး။ နင် ပြန်မပေးနိုင်လို့ ဒီလိုတွေပြောနေတာပဲ။ ဘာလို့ ခွေးလို တအားဟောင်နေပြီး အချိန်တွေ ဖြုန်းနေတာလဲ”
ယခုအခါ ယဲ့ချင်းသည် ပို၍ ဒေါသထွက်လာပြီဖြစ်၏။ သူမ ဒေါသထွက်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ကလည်း ယန်ထျန်းထျန်းအား ကိုယ်ထိလက်ရောက် သွားဆွဲတော့သည်။
ယန်ထျန်းထျန်းသည် ထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်၏။ သူမသည် နည်းနည်းမျှပင် မရွေ့ရသေးချေ။ ထို့ကြောင့် တွန်းထိုးထွက်ရန် အားသုံးလိုက်သော်လည်း ယဲ့ချင်း၏ လက်က ရောက်လာပြီး သူမအား ဆောင့်ဆွဲလိုက်ရာ မထင်မှတ်ဘဲ ကုတ်ဆွဲမိသွား၏။ ၎င်းမှာ နာကျင်လွန်းလှသည်။ ယန်ထျန်းထျန်းလည်း ဒေါသထွက်သွားပြီး သူမ၏ လက်ထဲရှိ ဂျာကင်အင်္ကျီကို အဝေးသို့ ပစ်လိုက်ပြီး ယဲ့ချင်းနှင့် စတင်သတ်ပုတ်ကြတော့၏။
ပတ်ဝန်းကျင်ရှိ လူများသည် ကြောင်အ,နေကြသည်။ အချို့က ရန်ပွဲကို ဆွဲရန် ကြိုးစားနေကြ၍ အချို့က ဘေးလူများကို အကူအညီတောင်းရန် ကြိုးစားနေကြ၏။ အခြေအနေများ ရှုပ်ထွေးနေသည်။
ဤသည်ကို မြင်သောအခါ စားပွဲထိုးသည် သူမ ဆိုးဆိုးဝါးဝါး တစ်ခုခုလုပ်လိုက်မိပြီဟု ခံစားလိုက်ရ၍ လုံခြုံရေးကို ခေါ်ရန် အမြန်ပြေးသွားတော့၏။
သို့ရာတွင် စားပွဲထိုး ထွက်သွားပြီးသည်နှင့် ယန်ထျန်းထျန်းသည် အနည်းဟန် ဟန်ချက် မထိန်းနိုင်ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စားပွဲများ၊ ထိုင်ခုံများရှိရာသို့ ပစ်လဲကျသွားတော့၏။
“အား........”
သူမ၏ စူးစူးဝါးဝါးအော်သံကြီးက အခြားသူများကို နှလုံးခုန် ရပ်သွားစေသည်။
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည် သီးသန့်ခန်းလိုက်ကာကို ဖွင့်လိုက်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရ၏။ သူမ၏ နှလုံးသား ဆောင့်ခုန်သွားသည်။
“အိုး...မဟုတ်တော့ဘူး။ အောက်ထပ်မှာ တစ်ခုခုဖြစ်နေပြီ။ သွားကြစို့”
“ဘာဖြစ်တာလဲ။ ယဲ့ချင်း တစ်ခုခု လုပ်ပြန်ပြီလား။ ငါတို့က ဘာလို့ သူ့ကို ဂရုစိုက်နေမှာလဲ”
ရှောင်ဟိုင်ချင်းသည် အခြေအနေကို မမြင်သေးပေ။ သူမ၏ မျက်နှာက ဝိုင်ကြောင့် နီရဲနေ၏။ သူမသည် မျက်နှာကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်သွားတော့သည်။ သူမ၏ စိတ်သည် ချက်ချင်းပင် ကြည်လင်သွားပြီး လှည့်ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်း ထွက်သွားသည်ကို မြင်လိုက်ရ၏၊
အောက်ထပ်၌ ရှုပ်ထွေးနေသည်။ ကျောင်းသားများသည် ကြောက်လွန်း၍ တုန်ယင်နေကြ၏။ စင်စစ် သူတို့သည် ကလေးများသာ ဖြစ်ကြသည်။ သူတို့သည် ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဘာလုပ်ရမှန်း မသိပေ။
သူတို့သည် ယန်ထျန်းထျန်း၏ နဖူးမှ သွေးများစီးကျလာသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်များက ညာဘက်မျက်လုံးကို အုပ်ထား၏။ နဖူးမှ သွေးများက မျက်လုံးဆီသို့ တရဟော စီးကျနေသည့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
“ဖယ်ကြစမ်း”
ကျင်းယွင်ကျောင်းသည် ရှေ့သို့ ခပ်မြန်မြန် တိုးသွား၍ ယန်ထျန်းထျန်း၏ လက်ကို ဖယ်လိုက်၏။ သူမ၏ မျက်လုံးသည် အနည်းငယ် ပေါက်နေ၍ သွေးများ ပန်းထွက်နေသည်။ သွေးပျက်ဖွယ်ရာ မြင်ကွင်းပင်။