Chapter 62 : အရေးပေါ်ကုသမှု
ယန်ထျန်းထျန်း၏ မျက်လုံးဒဏ်ရာက မသေးပေ။ အကယ်၍ ချက်ချင်း ကုသမှုမခံယူပါက သူမသည် နောက်ဆက်တွဲဆိုးကျိုးများကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မည်။
ထို့အပြင်လည်း သူမ၏ မျက်လုံးမှ ဒဏ်ရာအပြင် နှဖူးပေါ်မှ ဒဏ်ရာကလည်း မသေးလှ။ အရေးပေါ်ကား ရောက်လာလျှင်တောင်မှ သူတို့သည် သူမ၏ နဖူးမှ သွေးထွက်နေသည်ကိုသာ အရင်ဆုံး ကုသကြမည်ဖြစ်၍ မျက်လုံးကို မဟုတ်ပေ။
“လူနာတင်ယာဥ် ခေါ်ပြီးပြီလား”
ရှောင်ဟိုင်ချင်းက စိုးရိမ်နေသော အမူအယာဖြင့် ရုတ်တရက် မေးလိုက်သည်။
“ဟိုင်ချင်း၊ ညာဘက်ဘေးကပ်ရက်မှာ ဆေးဆိုင်တစ်ဆိုင် ရှိတယ်။ ဟောလိုဆိုက်ရွှံ့စေးမှုန့်နဲ့ တုန်းကွိုက်နည်းနည်း အမြန်သွားဝယ်ချေ။ မြန်မြန်လေး”
ကျင်းယွင်ကျောင်းက ခပ်သွက်သွက် ညွှန်ကြားလိုက်ပြီးနောက် ပျာယာခတ်နေသည့် စားပွဲထိုးအား လှည့်ကြည့်လိုက်၏။
“ရှင် ကျွန်မကို လတ်လတ်ဆတ်ဆတ် ဝက်သားအစိမ်း နည်းနည်း သွားယူပေးနိုင်မလား။ ကျွန်မ အဲဒါကို အမြန်ဆုံး လိုအပ်တယ်”
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏ လုပ်ရပ်များကို နားမလည်သော်လည်း သူမပြောသည့်အတိုင်းသာ လုပ်ပေးနေဆဲပင်။ ရှန်းဟိုင်စားသောက်ဆိုင်ဘေးတွင် အမှန်ပင် ဆေးဆိုင်တစ်ဆိုင် ရှိ၏။ သူမသည် ထိုသို့ဦးတည်၍ ပြေးသွားသည်။
(T/N : ထျန်းရှန်းလော်ကို ရှန်းဟိုင်စားသောက်ဆိုင်၊ ရှန်းဟိုင်အဆောက်အဦးလို့လည်း ခေါ်ပါတယ်။ သူက စားသောက်ဆိုင်တစ်မျိုးတည်းမဟုတ်ဘဲ အပေါ်မှာ ဟိုတယ်ခန်းတွေဘာတွေရော ပါပါတယ်။)
သို့သော် စားပွဲထိုးသည် တွန့်ဆုတ်နေ၏။
“လူနာတင်ယာဥ်က မကြာခင် လာတော့မယ်”
ဤကျောင်းသူသည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရထားသည်။ ထို့ကြောင့် အလိုအလျောက် သူမတွင် တာဝန်ယူရမည့်ကိစ္စအချို့ရှိ၏။ ဒီသူစိမ်းမိန်းကလေးက လုပ်လိုက်လို့ ဒဏ်ရာက ပိုဆိုးသွားရင်ရော။ သူမ မစွန့်စားနိုင်ပေ။
ကျင်းယွင်ကျောင်းသည် သူမ၏ အတွေးကို ရိပ်မိသဖြင့် ဒေါသထွက်လာ၏။
“မြန်မြန်လုပ်ပါ၊ တကယ်လို့ သူ့မျက်လုံးသာ တစ်ခုခုဖြစ်သွားရင် ရှင် ဒီအတွက် တာဝန်ယူမှာလား”
ကျင်းယွင်ကျောင်းက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။
ထိုနေရာတွင် ရှိနေသူများမှာ သူမ၏ အရှိန်အဝါအား ထိတ်လန့်သွားကြ၏။ ထို့အပြင် ယန်ထျန်းထျန်းသည် ယခုအချိန်တွင် နာကျင်လွန်းသဖြင့် သတိလစ်သွားပြီဖြစ်သည်။
“သူ တောင်းဆိုတဲ့အတိုင်း လုပ်ပေးလိုက်ပါ”
သူတို့ ထိတ်လန့်နေဆဲမှာပင် လူအုပ်ထဲမှ မရင်းနှီးသည့် ဆွဲဆောင်မှုရှိသော အသံတစ်သံ ပေါ်ထွက်လာ၏။
ကျင်းယွင်ကျောင်းက တစ်ချက်လှမ်းကြည့်လိုက်ရာ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။ သို့သော် သူမသည် ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်၏။ မျက်နှာမှတ်မိရန်ပင် ကြာကြာ မကြည့်လိုက်ပေ။
စားပွဲထိုးသည် နားထောင်နေပြီးနောက် အမည်မသိ အမျိုးသား၏ စကားကို နာခံလိုက်၏။ နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ရှောင်ဟိုင်ချင်းသည် အမှန်တကယ်ပင် လျင်မြန်လှ၏။ နှစ်မိနစ်အတွင်း သူမသည် ကျင်းယွင်ကျောင်း လိုချင်သော ပစ္စည်များနှင့် ပြန်ရောက်လာသည်။ စားပွဲထိုးက ဝက်သားအစိမ်းယူလာပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ မှတ်ဥာဏ်ထဲကအတိုင်း တစ်ဆင့်ချင်း လုပ်လိုက်၏။ သူမသည် ဆေးအမယ်နှစ်မျိုးကို ဝက်သားထဲသို့ ပွတ်ထည့်ဖိချေလိုက်ပြီး ထိုဝက်သားဖြင့် ယန်ထျန်းထျန်း၏ မျက်လုံးအိမ်အား ဖိပေးလိုက်သည်။
သူမ၏ မျက်လုံးအိမ်မှာ အပြင်ဘက်သို့ အနည်းငယ် ငေါထွက်နေ၏။ ထို့ကြောင့် ၎င်းကို မျက်လုံးချိုင့်ခွက်ထဲသို့ အသာအယာ ပြန်ဖိပေးရန် လိုအပ်သည်။ ခဏမျှကြာသောအခါ မျက်လုံးနေရာမှာ အဆိပ်ရှိသောသွေးများ စီးကျလာသည်ကို မြင်လိုက်ရပြီး ထိုအခါကျမှ ကျင်းယွင်ကျောင်းလည်း နောက်ဆုံး စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချနိုင်တော့၏။
သို့သော် ကုသနေစဥ်အတွင်း သူမ၏ လုပ်ရပ်များကို ပြန်စဥ်းစားကြည့်သောအခါ ကျင်းယွင်ကျောင်းလည်း အနည်းငယ် အံအားသင့်သွားသည်။
အလျင်လိုလွန်းနေသောကြောင့် သူမသည် ဆေးပညာရပ်ကို မကျွမ်းကျင်သေးသည်အား မေ့သွားခဲ့၏။ ကံကောင်း၍သာ သူမသည် ဤသို့ဆသာအခြေခံများကိုသိခြင်းဖြစ်သည်။ ဤပထမဆင့်အရေးပေါ်ကယ်ဆယ်နည်းကို သူမ ပြည့်ပြည့်စုံစုံ မှတ်မိနေ၏။ ကျောက်စိမ်းအပိုင်းမှ စုပ်ယူထားသည့်အရာများနှင့်အတူ ထိုနည်းလမ်းကို အသုံးပြုခြင်းက စိမ်းသက်နေသည်ဟု မထင်ရပေ။ ထို့ကြောင့် လက်တွေ့တွင် သူမသည် ယခင်က ၎င်းကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးသကဲ့သို့ ထင်ရခြင်းပင်။
၎င်းမှာ သူမထံတွင် အလိုအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယန်ထျန်းထျန်း၏မျက်လုံးမှ အဆိပ်ရှိသော သွေးများအား ဖယ်ရှားရသည်မှာ အတော်လေး လျင်မြန်၍ ရိုးရှင်းလှ၏။ လူနာတင်ယာဥ် ရောက်လာသောအခါ သူမအား ဆေးရုံသို့ ချက်ချင်း ခေါ်ဆောင်သွားသည်။
“မိန်းကလေး၊ မင်း ကိုယ်တို့နဲ့အတူ လိုက်ခဲ့ပေးနိုင်မလား”
အမည်မသိ အမျိုးသားက ရုတ်တရက် သတိပေးလာ၏။
ကျင်းယွင်ကျောင်းက ခဏငြိမ်သွားသော်လည်း သူက ဆက်ပြောလာသည်။
“မင်း အစောတုန်းက သူ့ကို ကုသပေးထားတယ် မဟုတ်လား။ အကယ်၍ တစ်ခုခုမှားသွားရင် မင်း တာဝန်ယူရလိမ့်မယ်”
ကျင်းယွင်းကျောင်းက ပါးစပ်တွန့်လိုက်သော်လည်း သူမသည် သူအား ဆန့်ကျင်ရန် အကြောင်းမရှိပေ။ ယန်ထျန်းထျန်း၏ အခြေအနေမှာ မပြင်းထန်တော့ကြောင်း ကျင်းယွင်ကျောင်း နားလည်သဖြင့် သိပ်မစိုးရိမ်ပေ။ ထို့နောက် သူမသည် အမည်မသိ အမျိုးသားအား စတင် အကဲခတ်လိုက်၏။
သူသည် စားပွဲထိုးအား သူ၏စကားကို မေးခွန်းမထုတ်ဘဲ နာခံစေနိုင်စွမ်း ရှိသည်။ သူသည်လည်း သူတို့နှင့်အတူ လူနာတင်ယာဥ်ပေါ်တွင် လိုက်ပါလာ၏။ သူသည် ထျန်းရှန်းလော်၏ တာဝန်ရှိသော ပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်နိုင်သည်။