Chapter 64
Viewers 14k

Chapter 64 : ယဲ့ချင်းက ဘယ်သူလဲ


လီရှောက်ယွင်၏ စိတ်နေစိတ်ထားသည် မျှတ၍ ဖော်ရွေသည်။ သူက မငြင်းဆန်သော်လည်း အခြားကျောင်းသားများက ထပ်၍ ထိန်းမထားနိုင်တော့ပေ။


“အန်တီယန်၊ ဒါက တကယ်တော့ စားသောက်ဆိုင်ရဲ့အမှား မဟုတ်ပါဘူး။ ဒါတွေအားလုံးက ယဲ့ချင်းကြောင့်ပါ။ ယဲ့ချင်းက ထျန်းထျန်းကို ဟင်းအနှစ်တွေနဲ့ ပက်ခဲ့တာ၊ သူ့ရဲ့သဘောထားကလည်း ဆိုးသေးတယ်။ ထျန်းထျန်းက ထွက်သွားချင်ပေမယ့် ယဲ့ချင်းက သူ့ကို သွားခွင့်မပေးခဲ့ဘူး။ သူတို့အငြင်းပွားကြရင်းနဲ့ကြားမှာ ထျန်းထျန်းက မတော်တဆ ဒဏ်ရာရသွားခဲ့တာ”


ကျန်ရှသည် အခြားကျောင်းသားများက ပြောဟန်ပြင်နေသည်ကို မြင်သောအခါ သူက အရင် ဦးအောင်ပြောလိုက်၏။


အန်တီယန်သည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး ...


“မတော်မဆ ဟုတ်လား။ ဒီလောက် ဒဏ်ရာအများကြီးက ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ။ ငါတို့ ဆရာဝန်တွေကို မေးပြီးသွားပြီ။ သူတို့ပြောတာ သူ့ရဲ့မျက်လုံးက ပျက်ဆီးလုနီးပါးပဲတဲ့။ သူ့ရဲ့ခေါင်းကလည်း သွေးတွေအများကြီး ဆုံးရှုံးထားတယ်တဲ့။ သူ သွေးပြန်သွင်းဖို့ ဘယ်လောက်တောင် ကြာခဲ့သလဲ။ အမာရွတ်ကျန်ခဲ့ရင်ရော။ အို...ဟုတ်သား၊ ယဲ့ချင်းက ဘယ်သူလဲ။ နင်လား”


ကျင်းယွင်ကျောင်းသည် ယန်ထျန်းထျန်းနှင့် အနီးဆုံးတွင် ရပ်နေ၏။ သူသည် လူနာခန်းထဲတွင် အကြာဆုံးရှိနေသူဖြစ်ပြီး စိတ်အပူဆုံးပုံပေါက်နေသူလည်း ဖြစ်သည်။ အမေယန်က ဤမိန်းကလေးသည် သူတို့ပြောသည့် ယဲ့ချင်းပင်ဖြစ်ရမည်ဟု အလိုအလျောက်ပင် ယူဆလိုက်၍ သူမအား စူးရဲစွာ စိုက်ကြည့်လာ၏။


“အန်တီ၊ လူမှားနေပြီ”


သူတို့၏ ဘေးရှိ လီရှောက်ယွင်က ပြောလိုက်သည်။


“သူ့နာမည်က ကျင်းယွင်ကျောင်းပါ။ သူသာ အန်တီ့သမီးရဲ့မျက်လုံးကို ကုမပေးခဲ့ဘူးဆိုရင် အဲဒီမျက်လုံးကို အနာဂတ်မှာ သုံးနိုင်တော့မှာ မဟုတ်ဘူး”


လီရှောက်ယွင်သည် အသက်ငယ်သော်လည်း သူ၏ အရှိန်အဝါက ခြိမ်းခြောက်နိုင်စွမ်း အနည်းငယ်ရှိ၏။ သူ၏ ဆွဲဆောင်မှုရှိသော မျက်နှာကလည်း ပြတ်သားနေပြီး ယခုအချိန်တွင် လူချမ်းသာ သားသမီးဆန်သော ခံစားမှုမျိုးလည်း လျော့ပါးသွားသည်။


သူ၏ အမူအယာသည် အလွန်လေးလေးနက်နက်ဖြစ်နေ၏။


ယန်မိဘများသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။


ဒီမိန်းကလေးက ဒဏ်ရာကို ကုပေးခဲ့တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။


သူတို့ အမြန်ရောက်လာကြစဥ်က ဆရာဝန်အား မေးပြီးသားဖြစ်၏။ ဆရာဝန်က နဖူးမှ ဒဏ်ရာသည် သိပ်မပြင်းထန်ဟု ပြောခဲ့သည်။ အလွန်ဆုံးမှာ အမာရွတ်ကျန်ရုံသာဖြစ်၏။ သို့ရာတွင် သူမ၏ မျက်လုံးအား အချိန်မီကုသခဲ့သောကြောင့် ကောင်းသွားသည်ဟု ဆို၏။ သို့မဟုတ်ပါက သူမသည် အမြင်အာရုံ မဆုံးရှုံးလျှင်တောင် ယခင်ကကဲ့သို့ အရာဝတ္ထုများကို ရှင်းရှင်းလင်းလင်း မြင်ရတော့မည်မဟုတ်ဟု ပြောခဲ့သည်။


ထိုအချိန်က သူတို့သည် စားသောက်ဆိုင်တွင် ဧည့်သည်များစွာရှိသဖြင့် ထိုအထဲမှ ကြင်နာတတ်သော ဆရာဝန်တစ်ယောက်က ကူညီပေးခြင်းဖြစ်ရမည်ဟု ထင်ခဲ့ကြ၏။ သူတို့၏ ကြင်နာတတ်သောသူသည် သူတို့၏ သမီးနှင့် သက်တူရွယ်တူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။ ထို့အပြင် သူမ၏ နာမည်ကိုလည်း ရင်းနှီးနေသည်။ အတန်းတူမို့လို့ မြင်ဖူးနေတာများလား။


ယန်မိဘများသည် ကျင်းယွင်ကျောင်းအား သံသယဖြစ်စွာဖြင့် ကြည့်လိုက်ပြီးနောက် အခြားသူများကို ပြန်ကြည့်လိုက်ရာ သူတို့အား ခေါင်းညိတ်ပြနေကြသည်ကို မြင်လိုက်ရ၏။ ထိုအခါကျမှသာ သူတို့ ယုံနိုင်တော့သည်။


“အန်တီ၊ အန်တီ ကျင်းယွင်ကျောင်းကို အပြစ်တင်လို့ မရဘူး။ ဖြစ်သွားသမျှ ကိစ္စတွေအားလုံးက သူ့ကြောင့်ဆိုပေမယ့် သူလည်း အဲ့ဒီအတွက် လုပ်ပေးပြီးပါပြီ”


ယန်မိဘများက ကျေးဇူးတင်စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ကျန်ရှက ဝင်ပြောလာ၏။


ကျန်ရှသည် အလွန်ရိုးသားပုံပေါ်သော်လည်း သူ၏ ဆိုးရွားလွန်းသော စိတ်နေစိတ်ထားကြောင့် တခြားသူများက သူသည် ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟုသာ တွေးလိုက်ကြတော့သည်။


“ဘာ...သူ့ကြောင့် ဟုတ်လား”


အဖေယန်၏ မျက်နှာထားက အေးစက်သွား၏။


“အိုး...ဒါက ဒီလိုပါ။ ကျွန်တော်တို့အားလုံးက အောက်ထပ်မှာ စားနေကြတာ။ ကျင်းယွင်ကျောင်းနဲ့ သူ့ရဲ့ဘေးက မိန်းကလေးကတော့ ပိုက်ဆံဖြုန်းပြီး အပေါ်ထပ်က သီးသန့်ခန်းတစ်ခုထဲမှာ ရှိနေကြတာ။ ဒါပေမယ့် သူက ဒေါသထွက်ပြီး ကျွန်တော်တို့ဆီကို ဟင်းအကျန်တစ်ပန်းကန်ပို့ပြီး ယဲ့ချင်းကို မပျော်မရွှင်ဖြစ်အောင် လုပ်လိုက်တယ်လေ။ ထျန်းထျန်းက ကျင်းယွင်ကျောင်းဘက်ကနေ ပြောပေးတော့ ယဲ့ချင်းက သူ့ဒေါသတွေကို ထျန်းထျန်းအပေါ် ပုံချပစ်လိုက်တာပါပဲ။”


ကျန်ရှက ရှင်းပြလိုက်၏။


သူ၏စကားအဆုံးတွင် ကျင်းယွင်ကျောင်းသည် ဗီလိန်တစ်ယောက်အဖြစ် ပြောင်းသွားရသည်။


“ကျန်ရှ၊ နင့်ရဲ့နှလုံးသားထဲမှာ ကောင်းတာတွေရော ရှိနေသေးလား ဒါမှမဟုတ် ဘာလဲ။ အဖြူကို အမည်းဖြစ်အောင် ပြောင်းနိုင်တဲ့ နင့်ရဲ့အစွမ်းကတော့ တအားကို အားကြီးလွန်းပါတယ်”


ရှောင်ဟိုင်ချင်းက ဒေါသတကြီး ပြောလိုက်၏။


ကျင်းယွင်ကျောင်း၏ မျက်နှာက အေးစက်သွားသည်။


“အန်တီ၊ ဦးလေး၊ ကျွန်မ ယဲ့ချင်းနဲ့ ပဋိက္ခအချို့ဖြစ်အောင် လုပ်မိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မက စတဲ့သူ မဟုတ်ပါဘူး။ ကျွန်မက အပေါ်ထပ်မှာပဲ ရှိနေတာပါ။ အောက်ထပ်မှာ လူတွေ ဘာလို့ ရန်ဖြစ်နေကြမှန်း ကျွန်မ မသိပါဘူး။ တကယ်လို့ ကျွန်မ အမှားတချို့ရှိတယ်ဆိုရင်လည်း ကျွန်မမှာ တာဝန်ယူဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကျွန်မအပေါ် တာဝန်အားလုံး ပုံချတာမျိုးကိုတော့ ကျွန်မ လက်မခံနိုင်ပါဘူး ရှင်။ ပြီးတော့ ကိစ္စတွေက ကျန်ရှပြောသလို ဖြစ်ခဲ့သလားဆိုတာကို ဒီမှာရှိတဲ့ ကျောင်းသားတွေအားလုံး သိကြမယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်”