Chapter 65 : ဗီလိန်
ကျင်းယွင်ကျောင်းက ထိုသို့ပြောသောအခါ အခြားကျောင်းသားများ၏ မျက်နှာများက မသက်မသာ ဖြစ်သွားကြသည်။
သူတို့၏ ကောင်းမွန်သော အသိစိတ်ဓါတ်နှင့် ပြောရလျှင် ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အမှားမလုပ်ခဲ့ပေ။ ထိုဟင်းပွဲကိစ္စသည်ပင် သူမ၏ အမှား မဟုတ်။
“အန်တီ၊ တကယ်က ဒီလိုဖြစ်ခဲ့တာပါ။ ယဲ့ချင်းက ကျွန်မတို့အားလုံးကို ညစာစားဖို့ ဖိတ်ပေမယ့် သူက ကျင်းယွင်ကျောင်းကိုတော့ အရှက်ခွဲဖို့ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျင်းယွင်ကျောင်းကလည်း ရှန်းဟိုင်စားသောက်ဆိုင်မှာ သီးသန့်ခန်းတစ်ခန်းမှာပြီးသားလို့ ဘယ်သူက ထင်မှာလဲ၊ သီးသန့်ခန်းဖြစ်နေတာကြောင့် ယဲ့ချင်းက အတော်မကျေမနပ်ဖြစ်သွားတာ။ ကျွန်မတို့ ညစာစားနေတဲ့အချိန်ထိ သူက ကျင်းယွင်ကျောင်း ကျွန်မတို့ကို လိမ်နေတယ်လို့ပဲ ဆက်တွေးနေတာပါ။ ဒါကြောင့် သူက စားပွဲထိုးကို ကြက်သွန်နဲ့ တို့ဖူးတွေပဲ ကျန်တဲ့ ဟင်းအကျန်တစ်ပွဲကို သူတို့ဆီ သွားပို့ဖို့ ပြောခဲ့ပါတယ်။ အဲဒီစားပွဲထိုးက ပထမတုန်းကတော့ မလုပ်ချင်ပေမယ့် ယဲ့ချင်းက ခေါင်းမာမာနဲ့ ဆက်ပြီး နှောက်ယှက်နေခဲ့ပါတယ်......”
ထိုစကားပြောနေသော မိန်းကလေးသည် ယဲ့ချင်းနှင့် ယန်ထျန်းထျန်း နှစ်ယောက်စလုံးနှင့် ရင်းနှီးသူဖြစ်၏။ လက်ရှိအချိန်တွင် အသိစိတ်ကင်းမဲ့နေသော ယန်ထျန််းထျန်းကို ကြည့်၍ သူမသည် အနည်းငယ် စိတ်မလုံဖြစ်နေသည်။
ယန်မိဘများသည် ယဲ့ချင်းနှင့် ကျင်းယွင်ကျောင်းကြားရှိ ပဋိပက္ခများကို ဂရုမစိုက်ပေ။ ထိုကျောင်းသူပြောနေသည့် အကြောင်းအရာထဲတွင် သူတို့၏ သမီးဒဏ်ရာရသည့် အပိုင်းသို့ မရောက်မချင်း သူတို့သည် စိတ်မရှည်ဖြစ်နေပုံပေါ်သည်။ သူတို့၏ မျက်နှာများက ပို၍ ပို၍ မသာမယာဖြစ်လာကြ၏။
ယဲ့ချင်း၊ သူတို့သည် ယခင်က ဤမိန်းကလေး၏ အကြောင်းကို သူတို့သမီးထံမှ ကြားဖူးသည်။ သူတို့၏သမီးက ယဲ့ချင်းသည် ရုပ်ချော၍ အဆင့်များမှာလည်း အလွန်ကောင်းကြောင်း တစ်ခါ ချီးကျူးဖူး၏။ အထူးသဖြင့် ယဲ့ချင်း၏ မိသားစုနောက်ခံက ကောင်းပြီး သူမသည် ချမ်းသာသော မမလေးတစ်ယောက်ကဲ့သို့ ဟိတ်ဟန်မရှိကြောင်း ပြောတတ်သည်။ သူတို့သည် သမီးဖြစ်သူအား ထိုကဲ့သို့သော ကလေးမျိုးနှင့် အမြဲတမ်း ပေါင်းသင်းစေချင်ခဲ့၏။
သို့သော် တကယ်တမ်း သိုးရေခြုံ၍ လက်သည်းဖွက်ထားသည့် ဝံပုလွေတစ်ကောင်သာ ဖြစ်ကြောင်း မထင်ထားခဲ့ပေ။
အသက်အရွယ်ငယ်သေးသော်လည်း သူမသည် ဤကဲ့သို့ ပျက်စီးနေပြီဖြစ်၏။ သူမ၏ ကိုယ်ပိုင် မနာလိုစိတ်ကြောင့် သူမသည် တစ်စုံတစ်ယောက်အား ဆိုးဆိုးဝါးဝါး ထိခိုက်နာကျင်စေခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ ဤကဲ့သို့ ဖြစ်ပျက်သွားသော်လည်း ယဲ့ချင်းက ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်၏။
“သူက ရည်ရွယ်ရှိရှိ မလုပ်ခဲ့ဘူးဆိုရင်တောင်မှ ငါ့သမီးက သူ့ကြောင့် ဒဏ်ရာရခဲ့ဆယ်။ ငါ ဒီကိစ္စကို မင်းတို့ကျောင်း ဒါရိုက်တာနဲ့ အသေးစိတ်ဆွေးနွေးရလိမ့်မယ်။ ငါ ဒီယဲ့ချင်း ဒီလိုလုပ်တာနဲ့ပတ်သတ်ပြီးတော့လည်း သူ့ရဲ့မိဘတွေကို မေးရမယ်။ သူတို့က ပိုက်ဆံရှိလို့ သူတို့လုပ်ချင်တိုင်း လုပ်လို့ရလား ဆိုတာ”
“ဦးလေး၊ အန်တီ၊ ကျွန်တော်တို့ တကယ် တောင်းပန်ပါတယ်။”
ကျောင်းသားများသည် စိတ်မသက်မသာ ခံစားလိုက်ရပြီး ခပ်မြန်မြန် တောင်းပန်လိုက်ကြသည်။
“ဒါက မင်းတို့နဲ့ မဆိုင်ပါဘူး”
အဖေယန်က သူ၏ လက်ကို မျှော်လင့်ချက်မဲ့စွာဖြင့် ဝေ့ယမ်းလိုက်ပြီး ကျင်းယွင်ကျောင်းဘက်သို့ လှည့်လိုက်၏။
“ကျင်းယွင်ကျောင်း ... ဟုတ်တယ်မလား။ ဦးလေးရဲ့သမီးအတွက် လုပ်ပေးခဲ့တာတွေကို တကယ် ကျေးဇူးတင်ပါတယ်ကွယ်”
အကယ်၍ သူ၏ သမီးဖြစ်သူ၏မျက်လုံးသာ တစ်ခုခု ဖြစ်သွားခဲ့ပါက သူမနိုးလာသောအခါ မည်သို့ အသက်ဆက်ရှင်ရမည်နည်း။
“ကျင်းယွင်ကျောင်း၊ နင် ဒီဒဏ်ရာကုသနည်းကို ဘယ်လိုသိတာလဲ။ နင့်ရဲ့တုံ့ပြန်ချက်တွေကြောင့် ငါ့ တကယ် ကြောက်ရွံ့ထိတ်လန့်သွားတယ်။ နင်က ပိုင်စိုးပိုင်နင်းဖြစ်လွန်းတယ်လို့ ငါထင်တယ်။ တကယ်လို့များ နောက်တစ်ခါထပ်ပြီး ဒီလိုမျိုး တစ်ခုခုဖြစ်သွားခဲ့ရင် နင်က ဆရာဝန်တစ်ယောက်မဟုတ်တဲ့အတွက် ပိုပြီး ဂရုစိုက်သင့်တယ်။ နင်က ဒဏ်ရာကို ပိုကောင်းအောင် မလုပ်နိုင်ရင်တောင် အဆင်ပြေပေမယ့် ပိုဆိုးသွားရင်ရော”
ဤသို့အရေးကြီးသော အချိန်တွင် ကျန်ရှက ထပ်ပြောလာပြန်သည်။
ရှောင်ဟိုင်ချင်းက အလွန်ဒေါသထွက်သွားပြီး သူမ၏ မျက်လုံးများကို အဖြူရောင်မျက်ဆန်သာ မြင်ရတော့သည်အထိ မျက်လုံးလှန်ပြလိုက်၏။ သူမသည် ဤသို့သော လူစားမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။
အခြားကျောင်းသားများသည်လည်း ထပ်၍ လက်သင့်မခံနိုင်တော့။ သူတို့သည် ငတုံးများ မဟုတ်ကြပေ။
ကျန်ရှ၏ စကားများက အမှန်ကို မဆုံးဖြတ်နိုင်။
“နင် ဘာစကားပြောတာလဲ၊ ကျန်ရှ။ အဲဒီအချိန်တုန်းက ကျင်းယွင်ကျောင်းက အရမ်းမိုက်တယ်။ သူ့ရဲ့အပြုအမူတွေက သဘာဝကျပြီး တွန့်ဆုတ်မှုမရှိဘူး။ သူက ဒါကိုလုပ်ဖူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေတာ အသိသာကြီးလေ”
ကျောင်းသူတစ်ယောက်က စကားဖြတ်ပြောလိုက်သည်။
ကျန်ရှက တုံ့ပြန်လိုက်၏။
“နင် နားမလည်ပါဘူး။ ငါ့ရဲ့ဦးလေးက ဆရာဝန်တစ်ယောက်။ ဆေးပညာရပ်ကို အသုံးပြုတယ်ဆိုတာ အလွန်ရှုပ်ထွေးတယ်။ သူက လူတွေအများကြီး တွေ့ဖူးတယ်။ သူတို့ရဲ့ဆေးကို သံသယမဝင်ဘဲ သူတို့နားလည်သလိုလို၊ သူတို့က လူတွေကို ကယ်နိုင်သလိုလိုနဲ့ ပြုမူနေကြပြီး နောက်ဆုံးမှာတော့ သူတို့ကပဲ အဲဲဒီလူတွေကို သတ်နေကြတာပဲ။ ဒီလိုရမ်းကုတွေနဲ့ တွေ့ရတာ အရမ်းနစ်နာတယ်ကွ”
ကျန်ရှ၏ စကားလုံးများက လူအုပ်ကြီးအား ဖြူဖျော့သွားစေသည်။
“ဦးလေးယန်၊ အခြေအနေက အရမ်းအန္တရာယ်များပါတယ်။ ကိစ္စတွေက ဒီလိုမျိုး ရုတ်တရက်ကြီး ဖြစ်ပျက်သွားတော့ ကျွန်မလည်း အများကြီး မတွေးနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မက ဆေးပညာရပ်ကို ခဏတဖြုတ် လေ့လာဖူးပါတယ်၊ ပြီးတော့ ထျန်းထျန်းလို အခြေအနေမျိုးကို အရင်ကလည်း တွေ့ဖူးပါတယ်။ ဒါကြောင့် ကျွန်မ တွန့်ဆုတ်မနေဘဲ ဆောင်ရွက်ခဲ့တာပါ။ ပြဿနာကို ပိုရှုပ်ထွေးအောင် လုပ်မယ့် ရမ်းကုတွေ အများကြီးရှိတယ်ဆိုရင်တောင်မှ အဲဒီနေရာမှာ စိတ်ကြီးဝင်ပြီး မောက်မာတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အကယ်၍ အဲဒီနေရာမှာ ရှိတဲ့ လူတိုင်းသာ ပါးစပ်အပြောလေးပဲရှိပြီး ဘာမှမလုပ်တတ်တဲ့ စိတ်ကြီးဝင်နေတဲ့သူတွေချည်းသာဆိုရင် ထျန်းထျန်းလည်း သေချာပေါက် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေလောက်ပြီ”
ကျင်းယွင်ကျောင်းက အလျော့မပေးဘဲ ပြောလိုက်၏။