Chapter 66 : အမေယဲ့၏တောင်းပန်မှုများ
ကျန်ရှ၏ အကျင့်စရိုက်နှင့်ပတ်သတ်လျှင် ကျင်းယွင်ကျောင်း အမှန်တကယ်ပင် လက်မြှောက်မိသည်။
ကျန်ရှသည် အားလုံးကို ရည်ရွယ်ရှိရှိဖြင့် လုပ်နေခြင်းဖြစ်နိုင်သည်။ သူသည် အထက်စီးဆန်ပြီး ကိုယ်အတွက်ကိုယ်သာကြည့်သူ တစ်ယောက်အဖြစ် မွေးဖွားလာခြင်းဖြစ်သည်။ သူသည် သူ၏ စကားလုံးများက မည်မျှ မသင့်လျော်ကြောင်း မသိသလို သူ၏ စကားလုံးများက ဘယ်လိုဒုက္ခမျိုးကို ယူဆောင်လာနိုင်မှန်းလည်း သူမသိချေ။ သူက အကြံကြီးသော လူညစ်တစ်ယောက်သည် လူတတ်ကြီးတစ်ယောက်သဖွယ် ပြောဆိုပြီး အခြားသူများက သူ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်မည်မဟုတ် တွေးလိမ့်မည်ဖြစ်ကြောင်း ပြောနေသည်။
အတိတ်ဘဝ၌ ကျင်းယွင်ကျောင်းသည် ကျောင်းမှထွက်ပြီး နှစ်များစွာကြာမှ ကျန်ရှနှင့် ရင်းနှီးခဲ့ခြင်းဖြစ်၏။ ထိုအချိန်တွင် ကျန်ရှသည် ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီဖြစ်သည်။ သူ၏ စကားလုံးများမှာ ယခုအချိန်ကဲ့သို့ ရွံစရာမကောင်းသော်လည်း သူ၏ စိတ်ရင်းကိုတော့ အရိပ်အမြွက် ဖော်ပြနေတုန်းပင်။ အထူးသဖြင့် သူမနှင့် ချောင်ဟုန်ယဲ့ ရန်ဖြစ်သည့်အချိန်များတွင် သူ၏ သဘောထားအစစ်အမှန်က ပို၍ သိသာလာတတ်သည်။
ကျန်ရှသည် အတော်လေး ကြည့်ကောင်း၏။ သူ့တွင် အခြားသူများနှင့် ရင်းနှီးသော ဆက်ဆံရေးလည်း မရှိပေ။ အခြားကျောင်းသားများက သူ့အား တွေ့လိုက်လျှင် ဘတ်စကတ်ဘော တက်တက်ကြွကြွ ကစားနေခြင်း သို့မဟုတ် အခြားအတန်းတာဝန်များ လုပ်ဆောင်နေခြင်းတို့ကိုသာ မြင်ရလေ့ရှိသည်။ တကယ်တမ်း သူသည် စကားကို အလွတ်မဲ့ပြောတတ်သူ တစ်ယောက်သာ ဖြစ်ကြောင်း မည်သူကမှ မထင်မိပေ။
“ကျင်းယွင်ကျောင်း၊ နင် ဘယ်သူ့အကြောင်းပြောနေတာလဲ”
သူသည် ထိန်းမထားနိုင်ဘဲ ကြိမ်းမောင်းရန် ပါးစပ်ဖွင့်လိုက်သည်။
ကျင်းယွင်ကျောင်းက အေးစက်စက် သရော်လိုက်၏။
“အဲဒါ နင်ကိုယ်တိုင်ပဲဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား”
“နင် ဘာလို့ ဒီလိုမျိုးပြောနိုင်ရတာလဲ”
ကျန်ရှသည် ချက်ချင်းပင် အောင့်သက်သက် ဖြစ်သွားသည်။ သူ ဆက်ပြောရန် ပြင်နေဆဲမှာပင် လူနာခန်းဝမှ ဆူဆူညံညံအသံတစ်ခု ထွက်ပေါ်လာ၏။
အထဲရှိ လူအုပ်က လှည့်ကြည့်လိုက်ရာ လင်မယားစုံတွဲတစ်တွဲနှင့် ဆရာမကျင်အား မြင်လိုက်ရသည်။ ထိုလင်မယားစုံတွဲမှာ အတော်လေးရင်းနှီးနေ၏။ ကျန်ရှက သူပြောချင်နေသည့် စကားလုံးများကို မြိုချလိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
“ဦးလေးယဲ့၊ အန်တီယဲ့လား။ အန်တီက ဘာလို့ ဒီလို ဝတ်ထားတာလဲ”
ဝင်လာသောသူများမှာ အမှန်ပင် ယဲ့ချင်း၏ မိဘများ ဖြစ်ကြသည်။
အဖေယဲ့သည် တွန့်ကြေနေသော အနောက်တိုင်းဝတ်စုံ တစ်စုံကို ဝတ်ဆင်ထား၏။ သူသည် ကံဇာတာနိမ့်ပါးနေသည့်ပုံပေါ်ပြီး သူ့ထံမှ စီးကရက်နံ့များလည်း ထွက်နေ၍ ပါးသိုင်းမွေးများလည်း ရှည်နေကာ သူ၏ ဆံပင်များက ဆီများရွှဲနေသည်။ အမေယဲ့သည်လည်း ယခင်သကဲ့သို့ လန်းဆန်း၍ တောက်ပနေပုံမပေါ်ပေ။ သူမသည် စူပါမားကတ်အလုပ်သမား ဝတ်စုံတစ်စုံကို ဝတ်ဆင်ထား၏။
အထက်တန်းကျောင်း၏ ဒုတိယနှစ်ဝက်ပင် စနေပြီဖြစ်သည်။ ကျောင်းသားများသည် အချင်းချင်း နှစ်ဝက်ခန့် သိကျွမ်းခဲ့ကြပြီဖြစ်၏။ သူတို့သည် ယဲ့ချင်း၏ မိသားစုက ချောင်လည်မှန်း သိကြသော်လည်း သူမ၏ မိဘများ၏ အလုပ်အကိုင်နှင့်ပတ်သတ်၍မူ မသိကြချေ။ ကျန်ရှသည်က ချွင်းချက်ဖြစ်၏။
ယဲ့ချင်းက ကျန်ရှအား သူမ၏ဖခင်သည် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး မိခင်သည် အချိန်ပြည့် အိမ်၌နေသော အိမ်ရှင်မကောင်းတစ်ဦးဖြစ်ကြောင်း ယခင်က ပြောပြထားဖူးသည်။ သူတို့သည် ငွေကို ကောင်းကောင်းမွန်မွန် ရှာဖွေသုံးစွဲကြသည်ဟုဆို၏။
သူသည် ယခင်က ယဲ့ချင်း၏ မိဘများအား နှစ်ကြိမ် မြင်ဖူးသည်။ သူမ၏ မိဘများသည် ယွမ်တစ်သန်းကျော်ခန့် တန်ကြေးရှိသော ကားကို စီးနင်းကြ၍ သူမ၏ အဖေသည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လိုပင်။ သူမ၏ မိခင်မှာလည်း ကျက်သရေရှိလှသည်။ သူတို့သည် အခြားမိဘများနှင့် လုံးဝကွာခြား၏။
သို့သော် ယခု သူတို့သည် အဘယ်ကြောင့် သူ၏မှတ်ဉာဏ်ထဲကနှင့် ခြားနားနေရသနည်း။
ကျန်ရှ၏ အလိုက်ကန်းဆိုးမသိသော မေးခွန်းက ယဲ့ချင်း၏ မိဘများအား ရှိုးတိုးရှန့်တန့်ဖြစ်သွားစေသည်။
“ရှင်တို့က ယန်ကော (အစ်ကိုယန်) နဲ့ ယန်ဆောင် (ယောင်းမယန်) ဖြစ်ရမယ်၊ ဟုတ်တယ်မလား ဟင်။ ကျွန်မတို့ တကယ်ကို တောင်းပန်ပါတယ်ရှင်။ ကျွန်မက ယဲ့ချင်းရဲ့အမေပါ။ ဆရာမကျင်က အစောတုန်းက ကျွန်မတို့ကို ဆက်သွယ်ခဲ့ပါတယ်။ ကျွန်မရဲ့သမီးက တကယ်ကို သတိနည်းပြီးတော့ အစ်မတို့ရဲ့ကလေးကို ထိခိုက်စေခဲ့မိပါတယ်”
အမေယဲ့က ခပ်မြန်မြန်ပင် သစ်သီးခြင်းတစ်ခြင်းကို အိပ်ယာဘေးတွင် ထားလိုက်ပြီး ထိုသို့ပြောကာ ခါးကိုင်းဦးညွတ်၍ တောင်းပန်လိုက်သည်။
(T/N : တရုတ်လို ယောင်းမကို ဆောင်ဇစ်လို့ ခေါ်ပါတယ်။ ဆွေမျိုးတော်စပ်မှ ခေါ်တာမျိုးမဟုတ်ဘဲ လက်ထပ်ပြီးသားအမျိုးသမီးကိုလည်း ရိုသေသမှုနဲ့ခေါ်ကြတဲ့နေရာမှာလည်း သုံးပါတယ်။ ယန်ဆောင်ဆိုတာ ယန်ဆောင်ဇစ်ကို အဖျားဆွတ်ခေါ်တာပါ။)
အဖေယန်က သူမနှင့် ဝေးရာသို့ လှည့်ထွက်သွား၏။ အမေယန်၏ မျက်နှာကလည်း မကောင်းပေ။
“ကျုပ်တို့ ခင်ဗျားတို့ရဲ့လက်ဆောင်ကို လက်မခံနိုင်ဘူး။ ကျုပ်ရဲ့ကလေးက ဒဏ်ရာရထားတာ ကြာလှပြီ၊ ယဲ့ချင်းက တစ်ခါလောက်တော့ မျက်နှာလာပြသင့်တယ်”
အဖေယန်က အေးစက်စွာ ပြောလိုက်သည်။
ဤသည်မှာ ကလေးများကြားမှ ရန်ပွဲသာဖြစ်၏။ သူတို့သည် ကျိုးကြောင်းမဆီလျော်သူများ မဟုတ်ကြပေ။ အကယ်၍ သူတို့၏ သမီးသာ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်ဘဲ တစ်ဖက်လူ၏ သဘောထားကလည်း ကောင်းမွန်မည်သာဆိုပါက သူတို့သည် အေးအေးချမ်းချမ်းပင် ဤပြဿနာကို ဗွေယူလိမ့်မည် မဟုတ်ပေ။ သို့သော် ယဲ့ချင်းအား ယခုထိ ဘယ်နေရာမှာမှ မမြင်ရသေးချေ။
ယဲ့ချင်း၏ အဖေသည် အနည်းငယ် နေရခက်ဟန် တောင့်တင်းနေသော်လည်း သူက ဘာမှမပြော။ အမေယဲ့က ဆက်၍ တောင်းပန်လိုက်သည်။
“ကျွန်မရဲ့ကလေးက တကယ်ကို အသိနည်းတာပါ။ သူလည်း ကြောက်လန့်သွားတာ ဖြစ်နိုင်တယ်၊ သူ ခုထိကို အိမ်ပြန်မလာသေးပါဘူး။ သူ့ကို ဒီနေရာကို ခေါ်မလာနိုင်ခဲ့တဲ့အတွက် ကျွန်မ ဝမ်းနည်းပါတယ်။ ပြီးတော့ ရှင်တို့ကို တောင်းပန်ပါတယ်။ ဒါတွေအားလုံးက သူ့ကို ကျွန်မ ကောင်းကောင်း မသင်ကြားခဲ့လို့ပါရှင်။ ကျွန်မ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”