Chapter 67 : လီရှောက်ယွင်
အတိတ်ဘဝ၌ သမီးဖြစ်သူထံမှ သတ်သေရန် တွန်းပို့ခြင်းခံခဲ့ရသော ဤအိမ်ထောင်သည် အမျိုးသမီးကြီးကို ကြည့်၍ ကျင်းယွင်ကျောင်း သနားလာမိသည်။
သူမ၏ အတိတ်ဘဝက ယဲ့ချင်း၏ အမေ သတ်သေသောကိစ္စသည် ခရိုင်မြို့တစ်မြို့လုံး ပြန့်နှံ့ခဲ့၏။ သူမ၏ ယောက်ျားသည် စီးပွားရေးထိုးကျသွားခဲ့ပြီး ထို့နောက်တွင် နာလန်ပြန်မထူနိုင်တော့ပေ။ သူသည် လောင်းကစားကို စွဲလန်းလာခဲ့ပြီး အဆုံးသတ်သွားခဲ့သည်။ ထို့နောက် မိသားစုသည် သူမ၏ တောက်တိုမယ်ရ အလုပ်များစွာ၏ ဝင်ငွေကိုသာ လုံးဝ မှီခိုခဲ့ရ၏။ သူမသည် အကြွေးဆပ်ရန်အတွက် အလုပ်ကြိုးစားခဲ့ရသည်။
ထိုသို့ဖြစ်ခဲ့သော်လည်း သူမသည် သူမ၏ သမီးလေးကို ကျောင်းမထုတ်ခဲ့ပေ။ အကြောင်းမှာ သူမ၏ သမီးဖြစ်သူက သူမအား ကြိမ်ဖန်များစွာ သနားခံခဲ့၍ဖြစ်ပြီး သူမသည် သမီးဖြစ်သူ၏ သိက္ခာကို ဆယ်ပေးနိုင်ရန် အမြဲတမ်း ကြိုးစားခဲ့သည်။
သူမသည် သူမ၏ ဝင်ငွေများဖြင့် မိသားစုကို ထောက်ပံ့နိုင်ခဲ့သော်လည်း သမီးဖြစ်သူ၏ စည်းမရှိ သုံးစွဲခြင်းကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။ အားမကိုးရသော လင်ယောက်ျားတစ်ယောက်နှင့် မယုံကြည်ထိုက်သော သမီးတစ်ယောက်က သူမအား ပျက်ဆီးခြင်းလမ်းမပေါ်သို့ တွန်းပို့ခဲ့သည်။
ထိုအမျိုးသမီးသည် သူမ၏ သမီးအတွက် ခေါင်းငုံ့၍ တောင်းပန်နေသည်ကို ကြည့်ရင်း ကျင်းယွင်ကျောင်းသည် ရှုပ်ထွေးသော ခံစားချက်များစွာကို ခံစားနေရသည်။ ဤကဲ့သို့ မိခင်မျိုးကို လိုချင်သောသူများသည် သည်လိုအမေမျိုး ဘယ်သောအခါမှ မရရှိခဲ့သော်လည်း ရှိသောသူများကမူ ထိုသို့သောအမေမျိုးကို တန်ဖိုးမထားကြပေ။
အမေယဲ့၏ ဆက်တိုက်တောင်းပန်မှုများကြောင့် ယန်မိဘများသည် အနည်းငယ် စိတ်လျှော့သွားကြသော်လည်း သူတို့အား လုံးလုံးလျားလျား ခွင့်မလွှတ်နိုင်သေးပေ။ သူတို့သည် ကလေးတစ်ယောက်အား မည်သို့သင်ကြားရမည်ဆိုသည့် အကြောင်းကို မဆုံးနိုင်အောင် ပြောနေကြပြီး အမေယဲ့က ငြင်းဆန်သည် အရိပ်အယောင်တစ်ချက်ပင်မပြဘဲ ဆက်၍သာ သဘောတူထောက်ခံပေးနေသည်။ ထိုအခါ အဖေယဲ့သည် ရှက်လာပုံရ၍ အခန်းအပြင်သို့ ထွက်သွား၏။
"အိုး...ဟုတ်သားပဲ၊ အန်တီယဲ့၊ ယဲ့ချင်းက ခုထိ စာသောက်ဆိုင်ကို ပိုက်ဆံမရှင်းရသေးဘူး။ ပိုင်ရှင်လည်း ဒီမှာရှိနေတယ်၊ ဒါကြောင့် သူ မပြန်ခင်မှာ အန်တီ ဘာလို့ ပေးလိုက်ပါလား။ ဒါက ယဲ့ချင်း ကျွေးမွေးထားတာတွေလေ"
ကျန်ရှက မသင့်လျော်သောအချိန်တွင် ထ၍ သတိပေးလိုက်သည်။
သူသည် အမေယဲ့အား သိချင်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။ ထို့နောက် သူသည် ကိုယ်ပိုင်တွက်ချက်မှုအချို့ လုပ်လိုက်သည်။
သူသည် ဤသို့ပြောရမည့် အနေအထားမဟုတ်သော်လည်း ယဲ့ချင်း ပြောထားသကဲ့သို့ ယဲ့မိသားစုက ချမ်းသာသလားဆိုသည်ကို မြင်ချင်နေ၏။
အမေယဲ့၏မျက်နှာက ဖြူဖျော့သွားပြီး
"ဒ...ဒါ ဘယ်လောက်ကျလဲ"
"အများကြီး မဟုတ်ပါဘူး။ တစ်ဝက်က ပေးပြီးသွားပါပြီ။ ယွမ်ထောင့်ခြောက်ရာပဲ ကျန်တော့တာ"
ကျန်ရှက ဖြေလိုက်သည်။
အခြားကျောင်းသားများ၏ မျက်နှာများမှာလည်း အနည်းငယ် နီရဲကြ၏။ ထိုစားသောက်ဆိုင်ပိုင်ရှင် လီရှောက်ယွင်သည်ပင် မျက်ခုံးပင့်လိုက်မိသည်။ သူသည် ကျန််ရှအား ယခင်က မတွေ့ဖူးသော နယ်မြေတစ်ခုအား စူးစမ်နေသကဲ့သို့ ကြည့်နေသည်။ သူသည် အတော်လည်း အံ့သြဆွံ့အနေ၏။
"သူ့ရဲ့ ဒီနေရာမှာ တစ်ခုခုများ မှားနေတာလား"
လီရှောက်ယွင်က သူ၏ ခေါင်းကို ညွှန်ပြ၍ ကျင်းယွင်ကျောင်းအား ခပ်တိုးတိုး မေးလိုက်သည်။
ကျင်းယွင်ကျောင်း၏ ပါးစပ်က တွန့်သွားပြီးနောက် မရယ်မိအောင် ထိန်းလိုက်ရင်း ပြန်ဖြေ၏။
"ထင်တာပဲ"
လီရှောက်ယွင်က ရုတ်တရုက် နားလည်သွားသော အမူအယာကို ဖော်ပြလိုက်ရင်း ရွှတ်နောက်နောက် ပြုံးလိုက်သည်။ သူသည် သူ၏ လက်နှစ်ဖက်လုံးအား အိတ်ကပ်များထဲတွင် ထည့်ထားပြီး ထိုပုံစံက မျက်လုံးကို အတော်လေး ဖမ်းစားနိုင်၏။
"ထောင့်ခြောက်ရာ" ဆိုသော စကားလုံးက အမေယဲ့၏ နှလုံးသားကို ကြေမွသွားစေသည်။ သူမ၏ မျက်လုံးများက နီရဲနေ၏။ ထို့နောက် သူမသည် သူမ၏ အိတ်ကပ်များဆီသို့ နှိုက်လိုက်ပြီး ယွမ်ရာဂဏန်းကိုသာ ဆွဲထုတ်လိုက်သည်။ လူအုပ်ကြီးက ကြည့်နေသဖြင့် သူမ ပြိုလဲသွားရန် ခြေတစ်လှမ်းသာ လိုတော့၏။
"အန်တီယဲ့၊ ကျန်ရှက နောက်နေတာပါ။ ကျွန်မ ရှင်းပြီးပါပြီ။ အန်တီ ကျွန်မကို မယုံရင် သူ့ကို မေးကြည့်ပါ"
ကျင်းယွင်ကျောင်းက သူမ၏ ဘေးရှိ အမျိုးသားအား ညွှန်ပြလိုက်ပြီး ခဏရပ်သွားသည်။ ထပ်ပြီး သူ့ကို ဘယ်လိုခေါ်ရမလဲ ...
"ကိုယ့်ရဲ့မျိုးရိုးနာမည်က လီ၊ လီရှောက်ယွင်ပါ"
အမျိုးသား၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး ပြုံးလာသည်။
"ဟုတ်တယ်၊ ဆိုင်ရှင်လီက ကျသင့်ငွေကိုတော့ နှစ်ခါတောင်းမှာ မဟုတ်ပါဘူး"
ကျင်းယွင်ကျောင်းက ထပ်ဖြည့်ပြောလိုက်၏။
သူတို့၏ ဘေးတွင် ရပ်နေသော ရှောင်ဟိုင်ချင်း၏ မျက်ခုံးများက တွန့်ချိုးသွားပြီး ကျင်းယွင်ကျောင်းအား စိတ်ရှုပ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူမ၏ နူးညံ့နေသော မျက်ဝန်းများကို မြင်သောအခါ ရှောင်ဟိုင်ချင်းသည် သူမပြောမည့် စကားလုံးများကို မြိုချလိုက်၏။ ရိုးရိုးသားသား ဝန်ခံရလျှင် သူမသည် ယဲ့ချင်းကို မုန်းသော်လည်း ဤကယောက်ခြောက်ခြားဖြစ်နေသော မိခင်ဖြစ်သူကို မြင်ရခြင်းက သူမအား အပြစ်ရှိသလို ခံစားရစေသည်။
အမေယဲ့သည် မျက်ရည်များ စီးကျလာပြီး ယွမ်ရာတန် အနည်းငယ်ကို ကျင်းယွင်ကျောင်း၏ လက်ထဲသို့ ခပ်မြန်မြန် ထိုးထည့်ပေးလာရှာ၏။
"အာ..အန်တီ မင်းကို ပေးခွင့်မပြုနိုင်ပါဘူး။ ဒီနေ့ အလောတကြီး ထွက်လာရလို့ အဲဒီလောက် အများကြီး မယူခဲ့မိဘူး။ ကျန်တာကို အန်တီ နောက်ကျ ပြန်ပေးပါမယ်၊ ကျေးဇူးတင်ပါတယ်ကွယ်"
ကျင်းယွင်ကျောင်းသည် အမေယဲ့က သူမ၏ မိသားစု စီးပွားပျက်သွားသည်ကို ဝန်မခံသည်မှာ သူမ၏ ကိုယ်ပိုင်သိက္ခာကြောင့် မဟုတ်ဘဲ ယဲ့ချင်း၏ သိက္ခာကြောင့်သာ ဖြစ်ကြောင်း နားလည်လိုက်၏။
"အို...ဟုတ်သားပဲ၊ ဆေးရုံစရိတ်တွေ...."
အမေယဲ့သည် ရုတ်တရက် ထိုစရိတ်ကို သတိရသွားပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သို့ရာတွင် သူမ၏ စကား မဆုံးမီမှာပင် လီရှောက်ယွင်က ပြောလိုက်သည်။
"ဆေးရုံစရိတ်တွေက ရှင်းပြီးသားပါ ခင်ဗျာ"