Chapter 69 : လူရှုပ်လူပွေမျက်နှာ
ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများက လျင်မြန်လှသည်။ အခြားကျောင်းသားများအဖို့ တုံ့ပြန်ဖို့ရန်ပင် အချိန်မရှိလိုက်ဘဲ ကျန်ရှကမူ သူ၏ ဗိုက်ကိုကာ၍ ကိုယ်ကိုကျုံ့ထားပြီး နာကျင်စွာ ညည်းညူနေ၏။
ကျင်းယွင်ကျောင်း၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။ ထိုလက်သီးချက်ပြီးနောက် သူမသည် ခြေဖဝါးကို မြှောက်လိုက်ပြီး ကျန်ရှ၏ နောက်ကျောကို ဆောင့်ကန်လိုက်၏။ ကျန်ရှသည် မြေပေါ်သို့ ချက်ချင်း လဲကျသွားသည်။ ကျင်းယွင်ကျောင်း၏ ခြေဖဝါးအောက်မှ တွားသွားရန် ကြိုးစားနေစဥ်အတွင်း သူသည် ကြောက်ရွံ့တုန်ယင်နေပုံပင်။ ကျန်ရှသည် သူ စိတ်ကစဥ့်ကလျားဖြစ်နေသောအခိုက်၌ မြေပေါ်တွင် အကြိမ်အနည်းငယ်မျှ လှိမ့်နေ၏။ သူ၏ မျက်လုံးများက ပေါက်ထွက်လုမတတ် ပြူးကျယ်နေသည်။
"ကျင်းယွင်ကျောင်း နင် ရူးသွားပြီလား"
ကျန်ရှက နာကျင်မှုကြောင့် ရှုံ့မဲ့နေရင်းမှ ကြိမ်းဝါးလိုက်၏။
"ငါ နင့်ကို အချိန်အကြာကြီး သည်းခံလာခဲ့ပြီးပြီ ကျန်ရှ။ ဒီနေ့တော့ ငါ့ရဲ့သည်းခံမှုက အတိုင်းအတာရှိတယ်ဆိုတာ ပြောပြရတော့မယ်"
ကျင်းယွင်ကျောင်း၏ မျက်လုံးများက စူးရဲနေသည်။ သူမသည် သူ့ဆီသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး ညာဘက် ဝမ်းဗိုက်ကို ကန်လိုက်၏။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများအားလုံး ကြောင်အ,နေကြသည်။
ကျင်းယွင်ကျောင်း၏ အတိုက်အခိုက်စွမ်းရည်နှင့် ဆိုင်သည့် ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်၏။ ယခင်က လုကျားခေါ်လာသော ဝမ်းကွဲသုံးယောက်ပင် သူမအား အနိုင်မယူနိုင်ဟု သူတို့ကြားဖူးထားသည်။
သူမ၏ ဤကဲ့သို့စွမ်းရည်များနှင့်ဆိုလျှင် မည်သူကများ ယှဥ်ရဲမည်နည်း။
အထူးသဖြင့် ကျင်းယွင်ကျောင်း၌ သူမနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆွမ်းကြီးလောင်းပေးမည့် ရှောင်ဟိုင်ချင်းလည်း ရှိသည်။ ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း လုပ်နေသည်အား မြင်သောအခါ သူမလည်း ထိန်းမထားနိုင်တော့ဘဲ ရှေ့သို့တိုးသွား၍ ကျန်ရှ၏ ခြေဖဝါးနှစ်ဖက်အား ကိုင်မြှောက်လိုက်၏။ သူမ၏ အင်အားမှာ အတော်လေး ကြောက်စရာကောင်းသည်။
"သူ့ကို အန်ထွက်အောင် ဒီလိုလုပ်သင့်တာဟ"
ရှောင်ဟိုင်ချင်းက ခပ်ကြမ်းကြမ်း ရယ်မောလိုက်သည်။ သူမသည် အလွန်အမင်း ပျော်ရွှင်နေ၏။
သူတို့နှစ်ယောက်၏ စွမ်းရည်များ ပေါင်းစပ်လိုက်သောအခါ ကျန်ရှသည် လူးလိမ့်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အူထဲတွင်ရှိသော စားထားသမျှ ပြန်အန်ထွက်လာတော့သည်။ သူ၏ ဘေးရှိသူများသည် ရွံရှာစွာဖြင့် နောက်ဆုတ်သွားကြ၏။
ကျင်းယွင်ကျောင်းက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။ သူမ၏ အမူအယာသည် ဤမတိုင်မီက ဘာမှဖြစ်မသွားသကဲ့သို့ ပြန်လည် တည်ငြိမ်သွား၏။
သူမ၏ ဘေးရှိ လီရှောက်ယွင်သည် အံ့သြဆွံ့အ, နေသည်။ သူက သူ၏ ပြောင်လက်နေသော ရှုးဖိနပ်များကို ရှပ်တိုက်လှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းအား အထင်ကြီးလေးစားစွာကြည့်၍ လက်မထောင်ပြလိုက်၏။
"မင်းရဲ့အစွမ်းက မဆိုးဘူးပဲ။ ဘယ်သူဆီကနေ သင်ခဲ့တာလဲ"
လီရှောက်ယွင်က အနားတိုးလာပြီး သိချင်စွာဖြင့် မေးလာသည်။
(T/N : အစွမ်းဆိုတာ ကွန်ဖူးစွမ်းရည်၊ အတိုက်အခိုက်စွမ်းရည်ကို ပြောချင်တာပါ။)
ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ အပေါ်တွင် တင်နေသော ဖုန်မှုန့်များကို ခါချရင်း ပြောလိုက်သည်။
"ဒါက အရမ်းရွံစရာကောင်းတာတစ်ခုကို မြင်လိုက်ရလို့ ဖြစ်လာတဲ့ အလိုအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ၊ များများစားစား မဟုတ်ပါဘူး"
လီရှောက်ယွင်က နှုတ်ခမ်းစေ့လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။ သူတို့၏ ဘေးရှိ မိန်းကလေးများသည် ချက်ချင်း ရှက်သွေးဖြာသွားကြသော်လည်း သူက သတိမပြုမိပေ။ သူက ဆွဲဆောင်မှုရှိရှိ ဆက်ပြုံးနေရင်း ...
"ဒီနေ့ မင်း တုံ့ပြန်တာမြန်ခဲ့လို့ ဒီမိန်းကလေးကိုရော ကိုယ်တို့ရဲ့ ရှန်းဟိုင်စားသောက်ဆိုင်ကိုလည်း ဒုက္ခတွေအများကြီးကနေ ကယ်တင်ခဲ့တာပဲ။ ကိုယ့်ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့ ကိုယ် မင်းကို ထမင်းတစ်နပ်လောက် ဧည့်ခံရင်ရော ဘယ်လိုလဲ"
ကျင်းယွင်ကျောင်း၏ မျက်ခုံးများက ကွေးသွားပြီး ...
"မလိုပါဘူး"
ဤလီရှောက်ယွင်၏ လူရှုပ်လူပွေမျက်နှာကို ကြည့်ရသည်မှာ သူနှင့် အရမ်းမရင်းနှီးသွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အထူးသဖြင့် ယခုအချိန်တွင် ဤနေရာ၌ရှိသော မိန်းကလေးများ၏မျက်လုံးများက လုံးဝ မှင်သက်နေကြ၏။ အသက်မပြည့်သေးသူများကို ဆွဲဆောင်ခြင်းက ရာဇဝတ်မှုမြောက်သည် မဟုတ်လား။
လီရှောက်ယွင်၏ မျက်လုံးများက မည်းမှောင်သွား၏။ ကျင်းယွင်ကျောင်းအား လေ့လာစမ်းစစ်ရင်း ဤမိန်းကလေးသည် အခြားမိန်းကလေးများနှင့် ကွာခြားသည်ဟု သူ ဆက်၍ ခံစားနေရသည်။ သို့မဟုတ် သူမတွင် အတွေ့အကြုံရှိ၍ ရင့်ကျက်သော ခံစားမှုရှိသည်ဟု ပြောနိုင်၏။ ထပ်မံ၍လည်း သူမ၏ အတိုက်အခိုက် စွမ်းရည်များကြောင့် သူမသည် သာမန် ကိုယ်ခံပညာ လေ့ကျင့်နေသူနှင့် မတူပေ။ သူမသည် သူ့အား သူမအကြောင်းကို မစုံစမ်းဘဲ မနေနိုင်အောင် ခံစားရစေသည်။
သို့သော် ကျင်းယွင်ကျောင်း၏ ငြင်းဆန်မှုကြောင့် လီရှောက်ယွင်သည် အသိစိတ်ပြန်ကပ်သွား၏။
သူသည် သူ့ကိုယ်သူပင် မယုံနိုင်အောင် ဖြစ်နေသည်။ သူ၏ အဆင့်အတန်းအရ သူသည် သူများနှင့်မတူ တမူထူးခြားသော လူများစွာကို မြင်ဖူး၏။ သူ၏ ရှေ့တွင်ရှိသော မိန်းကလေးသည် ပြည့်ပြည့်ဝဝ မရင့်ကျက်သေးသည့် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ခန့်သာ ရှိသည်။ သိချင်စရာ အကြောင်းအရာ ဘာတစ်ခုမှ မရှိ၊ ဟုတ်တယ်မလား။
သူသည် ချက်ချင်းပင် သူ၏ ရည်ရွယ်ချက်ကို အဆုံးသတ်လိုက်သည်။
ထိုအခိုက်၌ ကျန်ရှသည် အန်ပြီးသွား၍ ဖြစ်နိုင်သည်။ ကျင်းယွင်ကျောင်းအား မုန်းတီးစွာ စိုက်ကြည့်နေပြီး မတ်တပ်ထရပ်ရန် ကြိုးစားနေ၏။
"အတန်းခေါင်းဆောင်၊ နင် စားထားသမျှ အန်ထုတ်လိုက်ပြီးဆိုတော့ ပိုက်ဆံကိစ္စလည်း ပြီးသွားပြီနော်။ ဟုတ်သားပဲ၊ နင် နေလို့မကောင်းဘူးလို့ ခံစားနေရရင် ဆေးရုံက နင့်ရဲ့နောက်မှာ ရှိတယ်။ ဒါပေမယ့် နင့်ရဲ့မျက်နှာ အရောင်အဆင်းကို ကြည့်ရတာ သိပ်မပြင်းထန်တဲ့ပုံပါပဲ။ တကယ်လို့ နင် မတရားဘူးထင်လို့ ငါ့ကို တိုင်မယ်ဆိုရင်လည်း ငါ လျော်ကြေးပေးဖို့ စိတ်မရှိဘူးနော်။ ဒါပေမယ့် ညဘက်ဆို လမ်းတွေက မှောင်ပြီး အန္တရာယ်များတော့ ဂရုစိုက်ဦးပေါ့။ နင် လူဆိုးတွေနဲ့ တွေ့နိုင်တယ်လေ...ပြီးတော့ အဲဒါက ကြောက်ဖို့ကောင်းတယ်"
ကျင်းယွင်ကျောင်းက အကြောက်အလန့်မရှိ ပြောလိုက်သည်။