Chapter 70 : လုံးဝ ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်မှုတစ်ခု
ကျင်းယွင်ကျောင်းက ကျန်ရှကဲ့သို့သော လူမျိုးနှင့်ပတ်သတ်လျှင် ပို၍ ပွင့်ပွင့်လင်းလင်းရှိသော နည်းလမ်းတစ်ခု လိုအပ်ကြောင်း နားလည်သွား၏။
ကျင်းယွင်ကျောင်းသည် သူမ၏ နက်မှောင်စူးရှသော မျက်ဝန်းများနှင့် ကျန်ရှဆီသို့ တည့်တည့် စိုက်ကြည့်ရင်း ထိုအကြောင်းကို ခပ်ကျယ်ကျယ်နှင့် တိုက်ရိုက် ပြောလိုက်သည်။ ကျန်ရှသည် ချက်ချင်းပင် သူမ၏ ဆိုလိုရင်းကို နားလည်လိုက်၍ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။
ဒါက ခြိမ်းခြောက်မှုတစ်ခုပဲ။ လုံးဝကို ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်မှုတစ်ခုပဲ။
သူ့အား ထိုသို့ပြောခြင်းမှာ အကယ်၍ သူသည် ဆရာ၊ ဆရာမများအား ပြန်တိုင်ခြင်း သို့မဟုတ် သူ၏ ဒဏ်ရာကို ပုံကြီးချဲ့ပြောဆိုခြင်းများလုပ်ပါက ကျင်းယွင်ကျောင်းက သူ့အား ညအမှောင်ထဲတွင် တိုက်ခိုက်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
ကျန်ရှ ဒေါသထွက်သွား၏။ သူသည် ထိုအခိုက်တွင် ကျင်းယွင်ကျောင်းအား ထိပ်တိုက်ရင်ဆိုင်လိုက်ချင်သော်လည်း ခဏမျှ တွေးပြီးနောက် သူ ထိုသို့ မလုပ်ရဲခဲ့ပေ။ စင်စစ် ကျင်းယွင်ကျောင်း၏ အတိုက်အခိုက်စွမ်းရည်မှာ တကယ်ပင် ပထမတန်းစားဖြစ်သည်။ ကျင်းယွင်ကျောင်းနှင့် ပဋိပက္ခဖြစ်ပြီးနောက် ဘဝကို ဟင်းသီးဟင်းရွက်သဖွယ် အဆုံးသတ်သွားရတဲ့ တစ်စုံတစ်ယောက်များ ရှိခဲ့လေသလား။
သူသည် တုန်ယင်သွား၏။ သူသည် နောက်ထပ် ပစ်မှတ်ထားခံရသူ မဖြစ်ချင်ပေ။
ကျန်ရှ၏ ပါးစပ်သည် ကရုဏာတရားကင်းမဲ့သော်လည်း သူသည် သတ္တိမရှိသောသူတစ်ယောက် ဖြစ်သည်။ သူ၏ ဗိုက်ကို ကျုံ့ထား၍ ဂရုမစိုက်သကဲ့သို့ ပြုမူနေ၏။ သူသည် ဤရှက်စရာကောင်းသော အခြေအနေမှ ရုန်းထွက်ဖို့ နည်းလမ်းရှာရန် ကြိုးစားနေ၏။
ကျင်းယွင်ကျောင်းက လှည့်ထွက်မသွားမီတွင် သူ့အား စိုက်ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးပြလိုက်၍ ရှောင်ဟိုင်ချင်းနှင့်အတူ ထွက်သွားတော့သည်။
“ရှောင်ယွင်၊ ဘာဖြစ်လို့လဲ”
ထိုအချိန်တွင် အဖိုး ကန်စုန့်ပိုင်သည် သူမ ဆေးရုံထဲမှ ထွက်လာသည်အား အမှတ်မထင် တွေ့လိုက်သဖြင့် အမြန် မေးလာ၏။ သူသည် သူမ၏ မူမမှန်ဖြစ်နေမှုအချို့ကို သတိထားမိ၍ သူမ နေမကောင်းဖြစ်နေသည်ဟု ယူဆလိုက်သည်။
ကန်စုန့်ပိုင်၏ ဘေးတွင် ရပ်နေသူမှာ ကန်ကျင်းချန်ဖြစ်၏။ သူသည် သူမအား ခပ်မြန်မြန် မျက်လုံးဝေ့ကြည့်လိုက်ပြီး မမြင်ချင်ယောင်ဆောင်နေသည်။
“အဖိုး၊ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မရဲ့အတန်းဖော်တစ်ယောက် ဒဏ်ရာရသွားလို့ သူ့ဆီကို လာကြည့်တာပါ”
ကျင်းယွင်ကျောင်းက ကပျာကယာ ရှင်းပြလိုက်၏။ ထိုသို့ပြောပြီးနောက် သူမသည် ကန်ကျင်းချန်အား ကြည့်၍ သိချင်သွားပြီး စူးစမ်းမေးမြန်းလိုက်သည်။
“စာမေးပွဲဖြေရမယ့်နေ့ မရောက်သေးဘူး မဟုတ်လား”
တကယ်တော့ သူတို့သည် တစ်အိမ်တည်း၌ နေနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်၏။ ကန်ကျင်းချန်သည် စနေ၊ တနင်္ဂနွေရက်များတွင်ပင် အိမ်ပြန်လာခဲကြောင်း စူးချူထံမှ သူမကြားပြီးဖြစ်သည်။ များသောအားဖြင့် သူ့ကိုကြည့်လိုက်သည်နှင့် ဆေးပညာအား လုံးဝ စိတ်ဝင်စားမှုမရှိကြောင်း မြင်နိုင်သည်ဖြစ်ရာ ကန်ကျင်းချန်အား ဆေးရုံတွင် ကန်စုန့်ပိုင်နှင့်အတူ တွေ့ရသည်မှာ အတော်လေး ထူးဆန်းသော ကိစ္စဖြစ်၏။
အထင်သေး စိတ်ပျက်သော အရိပ်အယောင်များက သူမအားကြည့်လိုက်သည့် ကန်ကျင်းချန်၏ မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူမ၏ အကြည့်များကို ခပ်မြန်မြန်ပင် ရှောင်လွှဲသွားသည်။ ၎င်းမှာ ကျင်းယွင်ကျောင်းအား စိတ်ရှုပ်သွားစေကြောင်း သိသာလွန်း၏။
အဖိုးကန်က သူ၏ မြေးအရင်းအား ကြည့်လိုက်ပြီး မျက်နှာပူစွာ ပြောလိုက်သည်။
“ဟုတ်တယ်၊ စာမေးပွဲရက်က ခုထိမရောက်သေးဘူးကွယ့်။ ဒီကလေးက အဖိုးနဲ့ လုပ်စရာလေးတွေ ရှိလို့။ မြေးရဲ့ အတန်းဖော်က မျက်လုံး ဒဏ်ရာရတာလား”
ယနေ့ ဆေးရုံတွင် လူနာများစွာရှိသော်လည်း ထိုအထဲတွင် သူမကဲ့သို့သော အရွယ်မှာ အနည်းငယ်သာရှိ၏။ ယနေ့ ကြားခဲ့ရသော ကောလဟာလကို သတိရသွားရာ အဖိုးကန်သည် အနည်းငယ် သိချင်သွားသည်။
“ဟုတ်ကဲ့”
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၏။
“အဖိုး အငယ်တွေဆီကနေ ကြားခဲ့တာ၊ အဲဒါ ကံကောင်းလို့ မိန်းကလေးငယ်လေးတစ်ယောက်က အချိန်မီ ကူညီပေးလိုက်လို့တဲ့၊ မဟုတ်ရင် သူ့ရဲ့မျက်လုံးကို ဆုံးရှုံးသွားနိုင်တယ်တဲ့။ အဲဒီ ကူညီတဲ့တစ်ယောက်က မဟုတ်မှလွဲ...မြေးများလား”
အဖိုးကန်၏ စိတ်လှုပ်ရှားနေသည့် မျှော်လင့်တကြီး အမူအယာမှာ မြင်သာလှသည်။
အကျိုးသင့် အကြောင်းသင့် ပြောရလျှင် သူသည် ကျင်းယွင်ကျောင်းဟု မထင်သင့်ပေ။ သို့သော် သူသည် ကျင်းယွင်ကျောင်း၏ နောက်ရှိ ထူးခြားဆန်းကြယ်သော ရှစ်ဖူးကို သတိရလိုက်ပြီး ကျင်းယွင်ကျောင်းသာလျှင် ဤကဲသို့ လုပ်နိုင်လိမ့်မည်ဟု တွေးလိုက်သည်။
ဤမိန်းကလေးငယ်လေးဆီမှ သူ ရနေသော ခံစားချက်သည် အမှန်တကယ်ပင် ထူးခြားလှ၏။ သူမသည် ဆေးပညာရပ်တွင် အလွန်အသိဉာဏ်ကြွယ်ဝသလို ကိစ္စများကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်မှုမရှိသေးသည့် အတွေ့အကြုံမရှိသော လူသစ်စစ်စစ်လေး တစ်ယောက်လည်း ဖြစ်သည်။
ကန်ကျင်းချန်သည် အံ့သြသွားသော်လည်း သူမက တုံ့ပြန်မှုမရှိသဖြင့် ၎င်းကို မယုံကြည်ပေ။
သူသည် ကျင်းယွင်ကျောင်း၏ ဂုဏ်သတင်းမှာ မကောင်းလှကြောင်း ကြားသိပြီးဖြစ်သည်။ ထို့ကြောင့် သူမ သူတို့ဆီသို့ ပြောင်းလာကြောင်း သိလိုက်ရသောအခါ သူသည် အလွန် စိတ်အနှောက်အယှက်ဖြစ်သွား၏။ သူ၏ အဖိုးဖြစ်သူသည် ဤမိန်းကလေးထံမှ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း တွေးခဲ့သည်။
ထို့အပြင် သူမ ပြောင်းလာပြီးနောက်တွင်လည်း သူမသည် အပြင်၌ နောက်ကျသည်အထိ နေစပြုလာခဲ့သည်။ သူမသည် ကောလဟာလများအတိုင်း မကောင်းသော ကိစ္စများအား လုပ်နေပုံရသည်မှာ သိသာလှ၏။ သူမက သူ့ရဲ့ဝမ်းကွဲညီမလေး စူးချူကို မကောင်းတဲ့အကျင့်စရိုက်တွေ လွှမ်းမိုးသွားရင်ရော။
ထို့ကြောင့် သူ ယနေ့ လာရသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်း၏။ သူသည် အဖိုးအား သူမကို နှင်ထုတ်ရန် တိုက်တွန်းချင်ခဲ့သည်။ သူသည် အကျင့်စရိုက်မကောင်းသော မိန်းကလေးတစ်ယောက်နှင့် နေစရာအကြောင်း မရှိပေ။
“ဟုတ်ကဲ့၊ အဲဒါ ကျွန်မပါပဲ။ အခြေအနေက သေရေးရှင်ရေးဖြစ်နေတော့ ကျွန်မ ဒီလို လုပ်လိုက်ရပေမယ့် အခုကစပြီး ပိုသတိထားပါ့မယ်။ ကျွန်မရဲ့ ဆေးပညာလေ့လာမှု အရည်အချင်းပြည့်မှီမှု မရှိသေးခင် ကျွန်မ နောက်တစ်ကြိမ် ဒီလိုကိစ္စတွေ ထပ်မလုပ်မိအောင် ကြိုးစားပါ့မယ်”
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၍ သူမ၏ စိတ်ရင်းကို ရိုးသားစွာ ဖော်ပြလိုက်၏။