Chapter 71
Viewers 14k

Chapter 71 : အနာမခံဘဲ အသာစံရန် စောင့်မျှော်ခြင်း


ကန်စုန့်ပိုင်သည် တာဝန်ယူမှုရှိသော သမားတော်တစ်ယောက် ဖြစ်သည်။ ဤတစ်ကြိမ် အခြေအနေသည် အရေးကြီးလွန်း၍သာ သူသည် သူမအား ချွင်းချက်တစ်ကြိမ် ပေးလိုက်ခြင်းဖြစ်သော်လည်း သူမ၌ အရည်အချင်းမပြည့်မီသေးသရွေ့ အနာဂတ်၌ သူမအား ဤကဲ့သို့ တစ်စုံတစ်ယောက်အား ကုသခွင့်ပေးလိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။ အကယ်၍ ကိစ္စများသာ လွဲချော်သွားပါက မည်သူကမှ တာဝန်ခံပေးနိုင်မည်မဟုတ်။ သူမ၏ ဘဝအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်၏။


ကျင်းယွင်ကျောင်းက သူမ၏ စိတ်ရင်းကို ရိုးရိုးသားသား ထုတ်ဖော်ပြလိုက်သည်ကို မြင်သောအခါ ကန်စုန့်ပိုင်းက စိတ်သက်သာရာရသွားပြီး သူမအား မဆူတော့ပေ။


သို့ရာတွင် သူတို့၏ ဘေး၌ ရပ်နေသော ကန်ကျင်းချန်ကမူ မယုံနိုင်သေးချေ။


“နင်က တကယ်ပဲ တစ်ယောက်ယောက်ကို ကယ်ခဲ့တာလား”


စူးချူနှင့် သူသည် ငယ်စဥ်ကတည်းက ဆေးပညာကို သဘောတူညီမှုဖြင့် သင်ယူလေ့လာခဲ့ရပြီး ယခုအချိန်ထိတိုင်အောင် သူတို့သည် လူနာများကို ကုသနိုင်ရန် အရည်အချင်း မပြည့်မီသေးပေ။ အများဆုံးအနေဖြင့် သူတို့သည် ဆေးပစ္စည်းအချို့ကို ရွေးခြယ်ခွဲထုတ်နိုင်ရုံသာဖြစ်ပြီး ဆေးဝါးများအကြောင်းကို အနည်းငယ် နားလည်ရုံသာ ဖြစ်သော်လည်း သူတို့သည် ထိုဆေးညွှန်းများနှင့် ကုသနည်းများကို တစ်ခါမှ မဆင်မခြင် အသုံးမပြုရဲပေ။ ဒါကို ကျင်းယွင်ကျောင်း၊ ဒီလုံးဝ အတွေ့အကြုံမရှိတဲ့ လူသစ်လေးက တကယ် လုပ်ရဲတာလား။


ကျင်းယွင်ကျောင်းသည် ကန်ကျင်းချန်၏ မလိုမုန်းထားသောစိတ်ကို မြင်နိုင်သည်။ အကယ်၍ အခြားသူသာ ဖြစ်ပါက သူမသည် သူတို့ကို လုံးဝ လျစ်လျူရှုထားမည်ဖြစ်သော်လည်း အဖိုးကန်က သူမအား အကြိမ်များစွာ အကူအညီပေးခဲ့သည်ကို ထောက်၍ ကျင်းယွင်ကျောင်းသည် သူ့ကို အနှောက်အယှက် မဖြစ်စေချင်ပေ။


“ဘာလို့ တကယ် မဟုတ်ရမှာလဲ”


ရှောင်ဟိုင်ချင်းက ဂုဏ်ယူနေသော အမူအယာဖြင့် ပြောလိုက်သည်။ 


“ငါ နင့်ကို သိတယ်။ နင်က ကန်ကျင်းချန်၊ ငါတို့ကျောင်းရဲ့ အချောဆုံးယောကျာ်းလေး ဆယ်ယောက်ထဲက တစ်ယောက်ပဲ။ ငါကြားဖူးတာ နင်က သိမ်မွေ့ပြီးတော့ ဆေးပညာတတ်တယ်ဆို၊ ဒါပေမယ့် အခု နင့်ကို ကြည့်ရတာ ကောလဟာလတွေက မမှန်တဲ့ပုံပဲနော်”


အနည်းငယ် စိတ်ကသိကအောက်ဖြစ်ခြင်းနှင့် ရှက်ရွံ့ခြင်းကို ခံစားလိုက်ရသဖြင့် ကန်ကျင်းချန်၏ မျက်နှာက ဗလာဖြစ်သွားသည်။


ရှောင်ဟိုင်ချင်း၏ စကားဆုံးသောအခါ ကျင်းယွင်ကျောင်းက သူမကို ဆွဲလိုက်ပြီး ပြောလိုက်၏။


“သူ့ကို စိတ်ထဲမထားနဲ့နော်။ ဟိုင်ချင်းက တအားပွင့်လင်းလို့ပါ......ဒါဆို ကျွန်မတို့ အရင် သွားနှင့်မယ်နော်၊ အဖိုး”


ကျန်ကျင်းချန် ပို၍ စိတ်ရှုပ်သွားသည်။ ပွင့်လင်းတယ် ဟုတ်လား။ အဲဒီ အခြားမိန်းကလေး ပြောတာတွေကို အမှန်တွေလို့ ကျင်းယွင်ကျောင်းက ယုံကြည်တယ်လို့ ဆိုလိုတာလား။


ကျင်းယွင်ကျောင်းက သူ့ကို ဂရုမစိုက်တော့ဘဲ ကန်စုန့်ပိုင်အား နှုတ်ဆက်စကားဆိုပြီးနောက် ရှောင်ဟိုင်ချင်းနှင့်အတူ ထွက်သွားတော့သည်။


“အဖိုး သူက လူနာကို ကယ်ဖို့ ဘာကုသနည်းကို သုံးခဲ့တာလဲ”


ကန်ကျင်းချန်က အနည်းငယ် စိတ်ထိခိုက်သွားပုံရပြီး နှုတ်ခမ်းစူ၍ မေးလိုက်၏။


ဤသို့ဖြစ်နေသော သူ၏ မြေးဖြစ်သူအား ကြည့်၍ ကန်စုန့်ပိုင်သည် တည်ငြိမ်မှုကို ထိန်းထားရန်အတွက် ဒုက္ခတွေ့နေသည်။ ကန်ကျင်းချန်၏ ကံဆိုးမှုကြောင့် အနည်းငယ် ပျော်သလို ဖြစ်နေသည့် ခံစားချက်ကြောင့်ပင်။ သူ၏ ဤမြေးသည် အများအားဖြင့် လူပေါင်းများစွာနှင့် လိုက်လျောညီထွေနေရန် ငြင်းဆန်ခဲ့သည်။ သူသည် အပေါ်ယံအားဖြင့် ကြင်နာတတ်ပုံရပြီး ပေါင်းသင်းရန် လွယ်ကူသည့်ပုံပေါ်သော်လည်း အမှန်တကယ်မှာ သူသည် မောက်မာ၍ အထက်စီးဆန်သော ဖြူးတစ်ကောင်ဖြစ်၏။


တစ်ဖက်လူက သူ့အား အနှောက်အယှက်မပေးလိုသော်လည်း သူ့တွင်မူ ကျင်းယွင်ကျောင်းနှင့် ပတ်သတ်၍ မကျေနပ်ချက်များ ရှိနေပြီဖြစ်သည်။ ၎င်းက သူ့အား ညအနည်းငယ် အိပ်မပျော်ဖြစ်စေလိမ့်မည်။


ကန်စုန့်ပိုင်က ချောင်းဟန့်လိုက်ပြီး သူ၏ မုတ်ဆိတ်မွေးကို ပွတ်ရင်း ပြောလာသည်။


“ဒီကုသမှုနည်းလမ်းက.....တကယ်တော့ အတော်လေး ရိုးရှင်းပါတယ်၊ ဒါပေမယ့် ဒီလိုမျိုး သေရေးရှင်ရေး အခြေအနေတွေမှာတော့ ဒါကို စဥ်းစားမိဖို့က ဖြစ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဲဒီမိန်းကလေးရဲ့ခေါင်းကလည်း သွေးတွေအဆက်မပြတ် စီးကျနေတာ။ ဆရာဝန်အများစုက မျက်လုံးဒဏ်ရာတွေကို သတိမထားမိကြဘူး”


“ကျင်းယွင်ကျောင်းက သမားတော်ကောင်းတစ်ယောက်ပါ။ ချန်အာ၊ မင်းက သူနဲ့ တစ်အိမ်ထဲမှာ နေတာဆိုတော့ သူနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေးပိုများတာပဲ။ အနာဂတ်ကျရင် မင်း သူ့ဆီကနေ လမ်းညွှန်မှုယူရလိမ့်မယ်”


ကန်စုန့်ပိုင်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။


ဤသည်ကို ကြားသောအခါ ကန်ကျင်းချန်၏ မျက်နှာသည် လုံးဝ နီရဲသွား၏။ ထို့နောက် သူ လှည့်ထွက်သွားတော့သည်။


ကန်စုန့်ပိုင်က စိတ်မဆိုးသည့်အပြင် သူ၏ နောက်မှ ရယ်ရင်း လိုက်ပါသွား၏။ သူ၏ မြေးဖြစ်သူသည် အခြားသူများကိုသာ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လေ့ရှိသူ ဖြစ်သောကြောင့် ယနေ့ကဲ့သို့ အခြေအနေမျိုးမှာ တကယ်ပင် ရှားပါးလွန်းလှသည်။


ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် ဝေးဝေးမသွားကြပေ။ သူတို့သည် ဆေးရုံအနီးတွင်ရှိသော ကော်ဖီဆိုင်တစ်ဆိုင်ကို ရှာလိုက်၍ ခဏ အနားယူလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာမှ မှန်ပြတင်းပေါက်များကို ဖြတ်၍ ဆေးရုံ၏ ဝင်ပေါက်အား မြင်နေရ၏။


ရှောင်ဟိုင်ချင်းသည် ပထမက ဘာလုပ်နေမှန်း နားမလည်သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ချက်ချင်း နားလည်သွားသည်။ ကျင်းယွင်ကျောင်းသည် ယဲ့ချင်းကို စောင့်နေခြင်းပင်။


ယဲ့ချင်းသည် လွတ်မြောက်သွားသော်လည်း သူမတွင် ပြဿနာတစ်ခုကို လုပ်ထားပြီးသားဖြစ်သည်။ သူမသည် ဆေးရုံအနီးနားတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပေါ်လာလိမ့်မည်မှာ ဖြစ်နိုင်ချေအရှိဆုံးပင်။


“တကယ်လို့ သူ မလာရင်ရော”


ရှောင်ဟိုင်ချင်းက အနည်းငယ် စိုးရိမ်နေ၏။


သူမသည် ယဲ့ချင်းထက် ပို၍ တစ်ကိုယ်ကောင်းဆန်သောသူကို တစ်ခါမှ မမြင်ဖူးပေ။ ကိုယ်တိုင်က ပုန်းနေ၍ အမေအရင်းဖြစ်သူအား တာဝန်များ၊အပြစ်တင်မှုများအားလုံးကို ခံယူခိုင်းသောသူဖြစ်သည်။ အခုအချိန်၌ သူမသည် အသက်ဆယ့်ငါးနှစ်သာ ရှိသေး၏။ နောက်နှစ်အနည်းငယ်ကြာလျှင် သူမ၏ အကျင့်စရိုက်က ပို၍ ဆိုးလာလိမ့်မည်လား။


“ယဲ့မိသားစုက စီးပွားပျက်သွားပြီ။ သူ့ဆီမှာ စားသောက်ဆိုင်ကနေ ကျန်တဲ့ ပိုက်ဆံပဲ ရှိတော့တာ။ အဲဒီပမာဏနည်းနည်းလေးက သူ့အတွက် သေချာပေါက် လောက်မှာ မဟုတ်ဘူး။ သူ ထပ်လိုချင်ရင် အန်တီယဲ့ကို လာမရှာဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။ အခု ငါတို့မှာ အခြားနည်းလမ်းမရှိဘူး၊ ဒါကြောင့် စောင့်ကြည့်ကြတာပေါ့”


ကျင်းယွင်ကျောင်းက သူမ၏ ကော်ဖီခွက်ကို မွှေလိုက်၍ ခါးသက်သော ကော်ဖီအနံ့မွှေးမွှေးက ပျံ့တက်လာလေသည်။