Chapter 72 : ပေါ်ထွက်လာခြင်း
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းဆီမှ ထွက်လာသော အရှိန်အဝါများသည် လေးနက်တည်ကြည်လွန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ မည်သည့်အချိန်တွင်မဆို သူမသည် သူမ၏ စိတ်ခံစားချက်များကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်။
ယနေ့ အခြေအနေကို ဥပမာတစ်ခုအနေနှင့် ယူရလျှင် လူတိုင်း ပျာယာခတ်နေကြချိန်တွင် ကျင်းယွင်ကျောင်း တစ်ဦးတည်းသာ တည်ငြိမ်မှုကို ထိန်းထားနိုင်၏။
ယခုချက်ချင်းပင် သူမသည် ကျန်ရှကိုလည်း ဆုံးမခဲ့သေးသည်။ သူမသည် ဒေါသပြင်းစွာထွက်နေပုံရသော်လည်း ကိစ္စများစွာကို ထည့်သွင်းစဥ်းစားခဲ့သေး၏။ အကယ်၍ သူမသာ ကျန်ရှအပေါ်တွင် အမှန်တကယ် ဒေါသထွက်နေပါက သူမသည် သူ့အား မသန်မစွမ်းဖြစ်အောင်အထိ လုပ်နိုင်သည်။ သူမသည် အတိအကျ ခန့်မှန်းထားကြသော အခြေအနေထိဖြစ်အောင် မလုပ်ခဲ့ဘဲ ကျန်ရှအား ရိုက်နှက်ပြီးသည့် နောက်တွင်လည်း သူ၏ ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားပေးခဲ့သေးသည်။
“အိုး...ဒါနဲ့ စကားမစပ်၊ နင့်ရဲ့ဆေးပညာစွမ်းရည်တွေကို ဘယ်သူ့ဆီက သင်ထားတာလဲ။ ခုနက အဖိုးဆီကလား”
ရှောင်ဟိုင်ချင်းက ရုတ်တရက် သတိရသွား၏။
သူတို့သည် အချင်းချင်း ထိတွေ့ဆက်ဆံမှု သိပ်မရှိသော်လည်း ကျင်းယွင်ကျောင်းက သူမတွင် ဆေးပညာကျွမ်းကျင်မှုရှိသည်ဆိုသော အချက်ကို တစ်ခါမှ ထုတ်မပြခဲ့ဖူးပေ။ ယနေ့ သူမ၏ နည်းလမ်းများသည် အံသြထိတ်လန့်ဖွယ်် ကောင်းလွန်းလှ၏။
“မဟုတ်ဘူး။ ငါ ဆေးပညာကို ငါနဲ့သိတဲ့ လူထူးလူဆန်း အဖိုးတစ်ယောက်ဆီကနေ သင်ခဲ့တာ”
ကျင်းယွင်ကျောင်း၏ စကားလုံးများသည် အလိမ်အညာဟု မယူဆနိုင်ပေ။ နေရာလွတ်နယ်မြေထဲရှိ ဆေးပညာဗဟုသုတများနှင့် သူမ၏ကျောက်စိမ်း အားလုံးမှာ ဘိုးဘေး ကျင်းဟယ်မှ ချန်ထားပေးခဲ့သော အရာများဖြစ်သည်။ သူသည် လက်ရှိအချိန်တွင် မရှိတော့သော်လည်း သူမသည် သူ၏ အမွေအနှစ်များကို ဆက်ခံခဲ့၏။ သူမသည် အခြားသူကို အသိအမှတ်ပြုမှု မပေးနိုင်ပေ။
ရှောင်ဟိုင်ချင်းက သူမပြောသည်အား ကြားသောအခါ သောက်လက်စ ကော်ဖီပင် သီးလုနီးပါး ဖြစ်သွားသည်။
“လူထူးလူဆန်းအဖိုး ဟုတ်လား။ ဒဏ္ဍာရီတွေထဲက ထူးခြားဆန်းပြားတဲ့ ဆရာသခင်က ဒီခေတ်မှာ ရှိနေသေးတာ ဖြစ်နိုင်လို့လား။ ငါက ဉာဏ်ရည်မထက်မြက်ဘူး၊ ငါ့ကို မလိမ်နဲ့”
ရှောင်ဟိုင်ချင်းက တစ်လုံးမှ မယုံပေ။ ဒီကမ္ဘာပေါ်မှာ ဒီလိုမယုံနိုင်ဖွယ်ရာ လူတစ်ယောက် ရှိနေသေးလို့လား။
ကျင်းယွင်ကျောင်းက ပခုံးတွန့်ပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ ငါပြောတာ အမှန်တွေပဲ။ ငါ့ရဲ့ ကိုယ်ခံပညာတွေရော၊ ဆေးပညာရပ်တွေရော အားလုံး သူသင်ပေးထားတာ”
ရှောင်ဟိုင်ချင်းက သံသယဝင်နေသော်လည်း ကျင်းယွင်ကျောင်းက သူမအား ဘယ်တော့မှ လိမ်ပြောလိမ့်မည်မဟုတ်ဟု ခံစားနေရ၏။ သူမသည် ကျင်းယွင်ကျောင်းအား စိုက်ကြည့်လိုက်ရင်း သူမအား အချိန်အတော်ကြာအောင် မှန်းဆတိုင်းတာနေသည်။
“ဒါကြောင့် နင့်ရဲ့ဆေးပညာစွမ်းရည်က အရမ်းမြင့်နေတာလား”
ရှောင်ဟိုင်ချင်းက မေးလာ၏။
ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်သည်။
“သူ ငါ့ကို သင်ပေးခဲ့တာတွေက အများကြီးပဲ၊ ငါ သူတို့ကို မှတ်မိဖို့ နေ့တိုင်း အချိန်အကြာကြီး ယူရတယ်။ အခုအချိန်မှာ ငါ အခြေခံနည်းနည်းလေးကိုပဲ မှတ်နိုင်သေးတယ်။ ဒါပေမယ့် အရမ်းမရှုပ်ထွေးတဲ့ အခြေအနေနဲ့သာ ကြုံရမယ်ဆိုရင်တော့ ငါ တစ်ချို့နည်းလမ်းတွေကို မှတ်မိတယ်”
ကျောက်စိမ်းစာလိပ်မှာ စုစုပေါင်း ကိုးဆယ့်ကိုးပိုင်းရှိသည်။ ဤအချိန်တွင် သူမသည် တစ်ပိုင်းကိုသာ စုပ်ယူပြီးစီးသေး၏။ အပိုင်းတစ်ပိုင်းအတွင်းတွင် စာအုပ်ပေါင်းထောင်ချီပါဝင်သည်။ ကျောက်စိမ်းစာလိပ်က သူမ၏ စိတ်အတွင်းမှာ ရှိနေခြင်းကြောင့် သူမသည် ပြန်စဥ်းစားလိုက်ရုံနှင့် သူမကျက်မှတ်ထားသည်များကို ဆွဲထုတ်ပြီး အကြောင်းအရာကို စေ့စပ်ပိုင်နိုင်စွာ တတ်မြောက်နိုင်သည်။ ထို့အပြင် သူမ၏ နေရာလွတ်နယ်မြေထဲရှိ အချိန်သည် ငါးဆ ပို၍နှေး၏။ နေ့စဥ် သူမ၏ တိုးတက်မှုနှုန်းသည် အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းလှသည်။ အပြင်လူများအတွက်မူ သူမသည် အချိန်တိုလေးအတွင်း၌ တိုးတက်လာသကဲ့သို့ပင်။
သို့ရာတွင် သူမ မသိသေးသည့် အရာများစွာရှိသေးသည်။ ထို့ကြောင့် သူမသည် သူမ၏ ဗဟုသုတကို ချဲ့ကားမပြောရဲပေ။
ရှောင်ဟိုင်ချင်း၏ မျက်လုံးများက တောက်ပသွားသည်။
“ယွင်ကျောင်း၊ နင်က တကယ်ကို ငါ့ရဲ့အိုင်ဒေါပဲ။ အနာဂတ်မှာ ငါ ဘယ်လိုရောဂါပဲဖြစ်ဖြစ် နင့်ကိုပဲ အားကိုးမယ်”
ရှောင်ဟိုင်ချင်းက သူမ၏ ကော်ဖီခွက်ကို မြှောက်၍ ကျင်းယွင်ကျောင်းနှင့် ခွက်ချင်းတိုက်လိုက်၏။
ကျင်းယွင်ကျောင်းသည် စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်သည်။ အကယ်၍ သူတို့သာ အိုင်ဒေါများအကြောင်း ပြောကြေးဆိုပါက အတိတ်ဘဝမှ ရှောင်ဟိုင်ချင်းသည် သူမ အလေးစားဆုံးနှင့် အကြည်ညိုဆုံးသူ ဖြစ်၏။
ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းပေါ်သို့ ဝင်ခါနီးနေရောင်က ဖြာကျနေချိန်တွင် သူတို့နှစ်ယောက်သည် အချင်းချင်း တွတ်ထိုးနေကြသည်။
အပြင်ဘက်တွင် အန်တီယဲ့သည် ဆေးရုံအပြင်သို့ ပြေးထွက်လာသည်ကို မြင်လိုက်သဖြင့် သူတို့၏ အကြည့်များက သူမပြေးသွားရာအတိုင်း လိုက်ကြည့်လိုက်ကြရာ ဆေးရုံ၏ ထောင့်တစ်ထောင့်၌ ကျီးကန်းတောင်းမှောက် ကြည့်ရင်း ပုန်းနေသော ယဲ့ချင်းအား တွေ့လိုက်ရသည်။ သူမသည် အမေဖြစ်သူအား မြင်သောအခါ သူမသည် သူမ၏ ဘေးပတ်ဝန်းကျင်သို့ အထိတ်တလန့် လိုက်ကြည့်လိုက်၏။ သို့သော် သူမ ဘာပြောနေမှန်း သူတို့မသိပေ။
ယဲ့ချင်းသည် အမေဖြစ်သူနှင့် စကားများနေရခြင်းကြောင့် အနည်းငယ် ဝမ်းနည်းနေပုံရသည်။ မကြာမီမှာပင် ယဲ့ချင်းသည် သူမ၏ အမေဆီသို့ စတင် လက်လှမ်းလိုက်ပြီးနောက် ကပျာကယာ လိုက်လံရှာဖွေတော့၏။ အန်တီယဲ့၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်ဝဲလာပြီး ရုတ်တရက် ဒေါသပေါက်ကွဲသွားပုံရကာ သူမ၏ သမီးဖြစ်သူအား ပါးရိုက်လိုက်တော့သည်။
ထိုအဖြစ်အပျက်အား မြင်သောအခါ မိန်းကလေးနှစ်ယောက်သည် ခပ်မြန်မြန်ပင် ငွေရှင်း၍ ထိုအမေနှင့် သမီးနောက်သို့ အပြေးလိုက်တော့၏။
ကျင်းယွင်ကျောင်းသည် ယဲ့ချင်း၏ မိသားစု အရေးကိစ္စများကို ဝင်ရှုပ်ရန် ပျင်းလွန်းလှသည်။ သို့ရာတွင် ဤတစ်ကြိမ်၌ ယဲ့ချင်းသည် ယန်ထျန်းထျန်းအား နာကျင်စေခဲ့၍ သူမသည်လည်း ဤဖြစ်ရပ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ ထို့ကြောင့် ဤအချိန်တွင် သူမ ဂရုမစိုက်နိုင်တော့ပေ။
“အမေ၊ ကျွန်မကို ဘယ်လိုများရိုက်ရက်တာလဲ။ အဖေဆို ကျွန်မရဲ့ဆံပင်တစ်ချောင်းကိုတောင် တစ်ခါမှ မထိဖူးဘူး”
ယဲ့ချင်း၏ အသံက တုန်ယင်နေသော်လည်း ထိုအသံတွင် ဒေါသများနှင့် စိတ်ရှုပ်ခြင်းများက အများဆုံး ပါဝင်နေ၏။
အန်တီယဲ့က အသံမထွက်ဘဲ ငိုကြွေးနေသည်။
“သမီးရယ်၊ အမေနဲ့ လိုက်ခဲ့ပြီးတော့ သမီးရဲ့အမှားတွေကို တောင်းပန်လိုက်ပါ။ အဲဒီကလေး ထျန်းထျန်းကလည်း အခြေအနေမဆိုးပါဘူး။ သမီး တောင်းပန်ပြီးတော့ အမှားတွေကို ဝန်ခံသရွေ့ သူတို့က သမီးကို အပြစ်တင်မှာ မဟုတ်ပါဘူး။ အများဆုံး အမေတို့က လျော်ကြေးငွေနည်းနည်းပေးဖို့ပဲ လိုတာ၊ အမေ အလုပ်လုပ်ပြီး မောလွန်းလို့ သေရမယ်ဆိုရင်တောင် ဒီ လိုတဲ့ပိုက်ဆံကို အမေ ပေးမှာပါ”
“အမေက အခြားသူကိုတောင် ပိုက်ဆံတွေကို လျော်ကြေးပေးဖို့ ဆန္ဒရှိသေးရင် ဘာလို့ ကျွန်မကိုကျတော့ ပိုက်ဆံပေးဖို့ ငြင်းတာလဲ”
ယဲ့ချင်းက သူမ၏ မျက်နှာအုပ်၍ ငိုကြွေးလိုက်သည်။