Chapter 73 : အရှက်ကွဲခြင်း
ယဲ့ချင်းက ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ သူမသည် အမှားမလုပ်ထားဘဲ မှားယွင်းစွပ်စွဲခံရသူ ဖြစ်နေသကဲ့သို့ပင်။
“ကျွန်မတို့ မိသားစု စီးပွားပျက်သွားပြီဆိုတာ ကျွန်မရဲ့ အတန်းဖော်တွေက သေချာပေါက် သိသွားပြီ။ တကယ်လို့ ကျွန်မသာ ပြန်သွားပြီး တောင်းပန်လို့ သူတို့က ဘာမှမလုပ်ဘူးဆိုရင်တောင် ကျွန်မ ဒီဒုက္ခကို ခံနိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာ ကျွန်မ ကျောင်းခန်းမတွေကို ဖြတ်လျှောက်သွားရင် သူတို့က ကျွန်မကို သေချာပေါက် လက်ညိုးထိုးပြီး ကဲ့ရဲ့ကြလိမ့်မယ်။ ဆင်းရဲတဲ့မိသားစုက လာတဲ့သူတွေထက်ကို ကျွန်မက ပိုဆိုးသွားလိမ့်မယ်။ အမေ၊ ကျွန်မ အရှက်မကွဲချင်ဘူး။ ကျွန်မကို ပိုက်ဆံနည်းနည်းပေးပါ၊ အတတ်နိုင်ဆုံး ကျွန်မ အဝေးကို သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလေ။ အကယ်လို့ အမေ သမီးကို လွမ်းတယ်ဆိုရင်လည်း သမီးကို တခြားကျောင်းကို ပြောင်းပေးလိုက်လို့လည်း ဖြစ်တာပဲ။ ဒီလောက်အကြွေးတွေ အများကြီးကို သမီးတို့က နောက်ဆုံးကျရင် တကယ်ရော ပြန်ဆပ်နိုင်မှာလား။ ထွက်ပြေးကြမလားဟင်။ ကျွန်မတို့ ထွက်ပြေးနိုင်သရွေ့ အကြွေးလည်း ပြန်ဆပ်စရာ မလိုတော့ဘူးလေ”
ယဲ့ချင်းက ငိုရင်း ပြောလိုက်သည်။
သူမ၏ မွေးနေ့ပွဲ ပျက်ဆီးသွားသည့် အကြောင်းကို တွေးလိုက်မိသည်နှင့် သူမသည် ကောင်းကင်ကြီးပြိုကျသွားသကဲ့သို့ ခံစားနေရ၏။ ဤအခြေအနေ ဖြစ်သွားသော ယန်ထျန်းထျန်းရောသာဆိုလျှင် အခြားကျောင်းသားများက သူမအား မည်သို့ ကြည့်ကြလိမ့်မည်နည်း။
အန်တီယဲ့သည် သူမ၏ သမီးရင်းဖြစ်သူအား မျက်ရည်အပြည့်ဖြင့် ကြည့်လိုက်ရင်း စိမ်းသက်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။
အတိတ်တုန်းက သူမ၏ သမီးက ဒီလိုပဲလား။ အမြဲတစေ နူးညံ့သိမ်မွေ့၍ အသိဉာဏ်ရှိသော အိမ်၏ မင်းသမီးလေးသည် ဘယ်အချိန်ကပင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြောင်းသွားခဲ့သနည်း။
မကောင်းဆိုးဝါးတဲ့လား။ အန်တီယဲ့သည် အထိတ်တလန့် ဖြစ်သွား၏။ သူမ၏ သမီးအရင်းဖြစ်သူအား အဘယ်ကြောင့် ဤသို့တွေးမိသွားမှန်း သူမကိုယ်တိုင် မသိတော့ပေ။
အန်တီယဲ့၏ အမူအယာသည် တဖြည်းဖြည်း အေးစက်သွား၏။
“နင် ဘာလို့ ဒီလိုမျိုးပြောထွက်ရတာလဲ။ နင် ငယ်ငယ်တုန်းက ငါ နင့်ကို ဘယ်လိုသင်ပေးထားခဲ့တာလဲ။ နင် အမှားတစ်ခုလုပ်ထားရင် အဲဒါကို မှားကြောင်း ဝန်ခံဖို့လိုတယ်။ ငါတို့မှာ အကြွေးအများကြီး ရှိတော့ရော ဘာဖြစ်လဲ။ အမေက နင့်ကို အပြင်ထွက်ပြီး အကြွေးဆပ်ဖို့ ပိုက်ဆံရှာပါလို့ ဘယ်တုန်းကမှ မတိုက်တွန်းခဲ့ဖူးဘူး။ နင် ပညာဆက်သင်နေသရွေ့ အနာဂတ်မှာ တက္ကသိုလ်ကောင်းတစ်ခုမှာတက်ရပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို ရမယ်၊ အရာအားလုံး အဆင်ပြေသွားမယ်။ အကြွေးက နင်နဲ့ ဘာမှ မဆိုင်ဘူး”
“ဘာလို့ ကျွန်မနဲ့ ဘာမှမဆိုင်ရမှာလဲ”
ယဲ့ချင်းက အော်ဟစ်လိုက်သည်။
“အရင်တုန်းက လူတိုင်းက ကျွန်မကို အထင်ကြီးတဲ့အကြည့်တွေနဲ့ပဲ ကြည့်ခဲ့တာ။ အခုကျတော့ရော။ သူတို့က ကျွန်မကို သနားကြတော့မယ်။ ကျွန်မ ဒီလိုသနားတာမျိုးကို မုန်းတယ်။ အဲဒါက ရှက်စရာကောင်းတယ်”
အန်တီယဲ့၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး ရုတ်တရက် အားအင်များ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ဘာအတွက် အလုပ်ကြိုးစားနေခဲ့သနည်း။ သူမ၏ ခင်ပွန်းဖြစ်သူသည် အားမကိုးရပေ၊ သူသည် သတင်းဆိုးများကို ကြားသိပြီးနောက် လွယ်လွယ်ကူကူပင် အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့သည်။ သူမ၏ သမီးဖြစ်သူကပင် ဤသို့ဖြစ်လာခဲ့ပြီ မဟုတ်လား။ ထို့ကြောင့် သူမ အလုပ်ကြိုးစားနေရသည့် အကြောင်းရင်းက ဘာများလဲ။
သူမ၏ ခန္ဓာကိုယ်သည် ပြိုလဲကျလုဆဲဆဲဖြစ်သည်။ ယဲ့ချင်းသည် စိတ်ရိုင်းဝင်နေသေးသည်ဖြစ်ရာ သူမ အမေဖြစ်သူ၏ အဝတ်အစားများအား ဆောင့်ဆွဲလိုက်၏။
“အမေ၊ ကျွန်မကို ပြောပါ။ ကျွန်မတို့ မိသားစုရဲ့ ပိုက်ဆံတွေ ဘယ်မှာဖွက်ထားတာလဲ။ အမေ ဘယ်နေရာမှာ ဖွက်ထားတာလဲလို့”
သူတို့သည် ယခင်က အလွန်ချမ်းသာခဲ့သည်၊ သူတို့တွင် ပိုက်ဆံလုံးဝ မရှိတော့သည်မှာ မဖြစ်နိုင်ချေ။ အခြားသူများ သိသွားမည်ကို စိုးရိမ်သဖြင့် တစ်နေရာရာတွင် ဖွက်ထားသည်မှာ ကျိန်းသေ၏။
အန်တီယဲ့သည် မူးနောက်နောက် ခံစားလိုက်ရပြီး သူမ၏ အမြင်အာရုံက ကျဥ်းမြောင်းသွားသည်။ သူမသမီး၏ အမူအရာက သူမအား ထိတ်လန့်ကြောက်ရွံ့စေ၏။
သူမ လဲကျသွားချိန်တွင် ကျင်းယွင်ကျောင်းက အလိုက်သင့် လှမ်းထိန်းလိုက်နိုင်ပြီး သူမအား တွဲထားပေးလိုက်သည်။
“ကျင်းယွင်ကျောင်း၊ နင်က ဘာလို့ ဒီရောက်နေတာလဲ။ နင့်ကို ဘယ်သူက လာဖို့ ပြောလို့လဲ”
ယဲ့ချင်းသည် ကျင်းယွင်ကျောင်းအား မြင်မြင်ချင်း သူမအမေ၏ အခြေအနေကို သတိမပြုမိရုံသာမက သူမသည် ပို၍ပင် စိတ်အားပြင်းပြလာခဲ့၏။
နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် အန်တီယဲ့ကဲ့သို့ သန်မာသောသူတစ်ယောက်က အဘယ်ကြောင့် သူမ၏ အတိတ်ဘဝတွင် သတ်သေရန် ဖိအားပေးခံခဲ့ရသနည်း ဆိုသည်အား နားလည်သွားခဲ့သည်။ ယဲ့ချင်းသည် တစ်နေ့ပြီးတစ်နေ့ နူးညံ့သိမ်မွေ့၍ စဥ်းစားဉာဏ်ရှိသယောင် ဟန်ဆောင်နေခဲ့သော်လည်း လက်တွေ့တွင်တော့ သူမသည် သူမအဖေ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စိတ်သဘောကို အမွေရထားခဲ့လေ၏။ အထူးသဖြင့် နှစ်ပေါင်းများစွာ အလိုလိုက်အကြိုက်ဆောင်ခံလာရပြီးသည့်နောက်တွင် သူမသည် ပို၍ တစ်ကိုယ်ကောင်းဆန်လာပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်လာသည်။
“နင့်ဟာနင် အိမ်က ထွက်ပြေးပြေး၊ မပြေးပြေး ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် နင် အန်တီယဲ့ကိုတော့ ဒီလိုဆက်ဆံလို့ မရဘူး”
ကျင်းယွင်ကျောင်းက အေးစက်စွာ တုံ့ပြန်လာ၏။
“နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလို့လဲ”
“အများကြီးတော့ မဟုတ်ပါဘူး။ သူက ငါ့ဆီကနေ ပိုက်ဆံချေးထားတုန်း ရှိသေးတယ်လေ။ ငါ့ကို အကြွေးပေးစရာရှိတဲ့သူဖြစ်နေတော့ သူ အခြားတစ်ယောက်ရဲ့ညှင်းပန်းမှုကြောင့် ထိခိုက်အနာတရမဖြစ်သွားစေဖို့ လိုအပ်တယ်။ အကြွေး ပြန်မဆပ်နိုင်ဘဲ ဖြစ်သွားမှာ စိုးလို့လေ။ ဒါက ပြဿနာရှိလို့လား”
စင်စစ် ပြဿနာသည် အမေနှင့် သမီး၏ ကြားတွင်သာ ဖြစ်သည်။ ထို့ကြောင့် သူမက ကြားဝင်စွက်ဖက်၍ မကောင်းလေရာ ဖြေရှင်းချက်တစ်ခုကို အလွယ်ပင် ပေးလိုက်၏။
အကြွေးဟု ခေါင်းစဥ်တပ်လိုက်သော်လည်း လက်တွေ့တွင် အန်တီယဲ့ သူမအား ပေးစရာရှိသည်မှာ ယွမ်တစ်ထောင်ဝန်းကျင်သာ ဖြစ်သည်။
သူမသည် ထိုငွေပမာဏကို အရေးတကြီး လိုအပ်မနေချေ။
သို့ရာတွင် ယဲ့ချင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခိုက် သူမ၏ မျက်နှာက ဖြူဖျော့သွား၏။ သူမ၏ မိသားစုသည် အကြွေးများစွာရှိနေပြီးဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် ထိုအကြွေးရှင်များထဲမှ တစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့ပေ။