Chapter 74 : ပြိုလဲကျပြီးနောက် တဖန် ပြန်ထခြင်း
အထူးသဖြင့် ယဲ့ချင်းသည် သူမ မုန်းတီးသောသူတစ်ယောက်၏ ရှေ့တွင် လုံးဝ အရှက်ကွဲသွားသလို ခံစားနေရသည်။ သူမ၏ မာနတရားကို ဖွင့်ချ၍ မြင်သာအောင် ပြသခံလိုက်ရပြီး နေရာအနှံ့ပြန့်ကျဲကာ တဖြည်းဖြည်း ဘာတစ်ခုမှ မကြွင်းကျန်ရစ်တော့သည့်တိုင်အောင် ပျောက်ကွယ်သွားသကဲ့သို့ပင် ခံစားနေရ၏။
အန်တီယဲ့သည် အနည်းငယ်မူးဝေနေပြီးနောက် တဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာသည်။ သူမ၏ မျက်ဝန်းအကြည့်များတွင် စိတ်ထိခိုက်ခြင်း၊ စိတ်အားငယ်ခြင်းများ ရောယှက်နေပြီး စိတ်အားထက်သန်မှုများ ပျောက်ကွယ်လုနီးပါးပင်။
ငွေကြေးချမ်းသာသူတစ်ယောက်မှ အကြွေးပေါ် အကြွေးဆင့်နေသော သူတစ်ယောက်အဖြစ် ပြောင်းလဲသွားသောအခါ သူမကိုယ်သူမ လက်မခံနိုင်ခဲ့သော်လည်း ယခင်က သူမတွင် ထိုဆင်းရဲဒုက္ခများကို သည်းခံကြိုးပမ်းနိုင်ရန်အတွက် အကြောင်းပြချက်လေးတစ်ခု ရှိနေခဲ့သည်။ သို့သော် ယခုအခါတွင်တော့ အနည်းငယ် အလှမ်းကွာနေပုံပင်။
“နင့်ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ။ ကျင်းယွင်ကျောင်း၊ နင် ဘာလို့ ငါ့လမ်းကို ခေါင်းမာမာနဲ့ လာပိတ်နေတာလဲ”
ယဲ့ချင်းက ကြိမ်းမောင်းလိုက်သည်။
ကျင်းယွင်ကျောင်းက သူမအား ရန်စသလို ကြည့်လာ၏။
“နင့်ရဲ့စကားတွေက နင့်ရဲ့အသိစိတ်နဲ့ ဆန့်ကျင်နေတယ်လို့ နင် နည်းနည်းလေးတောင် မခံစားရဘူးလား။ ငါ တစ်ခါမှ နင့်အပေါ် အမှားမလုပ်ခဲ့ဘူး။ နင်ပဲ ငါ့ကို နင့်ရဲ့စိတ်ကူးယဥ် ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ငါ့ကို ကဏ္ဍပေါင်းစုံကနေ လိုက်တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ငါက နင့်ကို သက်ညှာပေးမယ်လို့ ဆုံးဖြတ်ပြီးသားကို နင်က ငါ့ရဲ့ရည်ရွယ်ချက်တွေကို မေးနေတယ်လား။ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား”
“နင်က နင့်ရဲ့မိဘတွေကို ပိုက်ဆံပဲ ဆက်တောင်းနေတယ်။ ဒါပေမယ့် နင် သူတို့အပေါ်မှာ ဘယ်လောက် အကြွေးတင်နေတယ်ဆိုတာကိုရော နင်တွေးဖူးလား။ နင်က အဲဒါကို သိက္ခာကျစရာလို့ တွေးနေပေမယ့် ငါမြင်တာကတော့ နင့်လိုမျိုး သမီးတစ်ယောက်ရှိနေတာကမှ နင့်မိဘတွေရဲ့တစ်သက်တာမှာ သိက္ခာအကျဆုံးကိစ္စပဲ”
ကျင်းယွင်ကျောင်းသည် သူတော်စင်တစ်ယောက် မဟုတ်ပေ၊ ကိုယ်ကျင့်သိက္ခာဖြင့် အကျပ်ကိုင်သောနည်းကို သုံးရန်လည်း သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူမက သူတို့ကြားတွင် အခြေခံ အသိတရား အများစုရှိသင့်သည်ဟု ခံစားမိရုံသာ။
ချောင်မိသားစုနှင့် နေထိုင်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း ယဲ့ချင်၏ သူမအပေါ်စိတ်ထားမှာ ယဥ်ကျေး၍ ခပ်တန်းတန်းသာဖြစ်သည်။ ယခု ယဲ့ချင်း လုပ်ခဲ့သမျှမှာမူ ကျင်းယွင်ကျောင်း တစ်ခါမှ စိတ်မကူးနိုင်သည့်အရာများဟုပင် ပြောနိုင်၏။ ထို့ကြောင့် သူမ အလွန်ဒေါသထွက်သွားခြင်းဖြစ်သည်။
(T/N : ယဲ့ချင်က ကျင်းယွင်ကျောင်းရဲ့အမေ၊ ယဲ့ချင်းက ဒီပြဿနာရှာတဲ့ ယဲ့ချင်းပါနော်၊ နာမည်က ဆင်နေလို့။)
အန်တီယဲ့က သူမ၏လက်များကို ယမ်းလိုက်ပြီး ...
“ငါ သဘောထားမပြည့်ဝတဲ့ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့မိတာ၊ ဒါက ငါနဲ့ထိုက်တန်ပါတယ်လေ”
“ဘယ်သူကမှ ဒါနဲ့ မထိုက်တန်ပါဘူး။ အန်တီယဲ့၊ အခုအချိန်မှာ သူက လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေရုံပဲ ရှိသေးတယ်။ လူသတ်မိတဲ့ အဆင့်ထိ မရောက်သေးဘူး။ ဒါပေမယ့် အန်တီ သူ့ကို ဒီလိုသာ ဆက်ခွင့်ပြုထားမယ်ဆို အနာဂတ်မှာ သူ ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာ စိတ်မကူးရဲလောက်အောင်ပဲ။ အန်တီက သူ့ရဲ့ အမေအရင်းပါ၊ သူ့ရဲ့ကလေးထိန်း၊ အစေအပါး မဟုတ်ဘူး။ တကယ်လို့ အန်တီ သူ့ကို ဒီနေ့ လွှတ်ပေးလိုက်မယ်၊ အန်တီ့အပေါ် ဆက်နိုင်စားခွင့်ပြုလိုက်မယ်ဆိုရင် အနာဂတ်မှာလည်း သူ အမှားတွေလုပ်ပြီး အန်တီ့ကို နိုင်စားဦးမယ့်အချိန်တွေအတွက် အန်တီ ကြိုပြီး ပြင်ဆင်ထားလိုက်တာ ပိုကောင်းမယ်။ ဒီလောက် အများကြီးပြောပြီးတာတောင် အန်တီက သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆက်တွေးနေဦးမယ်ဆိုတော့ ဒီနေ့ အန်တီရဲ့သမီး ဒီလိုလူစားမျိုးဖြစ်လာတာ မထူးဆန်းတော့ပါဘူး”
ကျင်းယွင်ကျောင်း၏ အသံသည် အေးစက်ပြတ်သားနေပြီး အကြည့်များက သူမအား သာမန်လျှံကာပင် ကြည့်နေသည်။
မိဘများ သူတို့၏ သားသမီးများအား ပေးသမျှအရာတိုင်းသည် သူတို့ပြန်ရမည့်အရာများသာ ဖြစ်၏။
အန်တီယဲ့သည် ယဲ့ချင်း သင်တင့်လျောက်ပတ်သော အသိပညာမရှိခြင်းမှာ သူမ၏ ကိုယ်ပိုင်အမှားကြောင့်ဟုသာ အမြဲတမ်း ယုံကြည်ခဲ့သည်။ ထိုအချက်မှာ ယဲ့ချင်းက သူ့ကိုယ်သူ အစွပ်စွဲခံရသလို ယုံကြည်နေစေသည့် အဓိက အကြောင်းအရာပင်ဖြစ်၏။
ကျင်းယွင်ကျောင်း၏ အသံ၊ စကားလုံးတိုင်းနှင့် စကားတိုင်းက အန်တီယဲ့၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း သံမှိုစွဲသွားစေသည်။
ယခင်ကသာ ဆိုပါက သူမသည် နားထောင်ရုံသာ နားထောင်၍ မေ့ပစ်လိုက်မည်ဖြစ်၏။ သို့ရာတွင် မကြာသေးမီက သူမ လက်ခံရရှိခဲ့သော ဆုတ်ယုတ်မှုများမှာ အလွန်များပြားလွန်းလှသည်၊ အထူးသဖြင့် ယခုအချိန်တွင် ဖြစ်၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းဆီမှ ရိုးရိုးရှင်းရှင်း စကားအနည်းငယ်ကပင် သူမ၏ စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသည်။
သူမ၏ အမူအယာသည် တဖြည်းဖြည်း ကြည်လင်လာ၏။ ယဲ့ချင်းသည် ဆယ့်ငါးနှစ်အရွယ်သာ ရှိသေးသည်၊ သက်တမ်းတစ်ဝက်ပင် မကုန်သေးချေ။ သူမသည် ယဲ့ချင်းအား နောက်အနှစ်ငါးဆယ်ကြာသည်အထိ ဆက်လက် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ကိုယ်သာကြည့်ခွင့်မပြုနိုင်တော့ပေ။
အန်တီယဲ့၏ မျက်နှာက အနည်းငယ် တည်ငြိမ်လာပြီး ကျင်းယွင်ကျောင်း၏ လက်မောင်းကို အသာတွန်းဖယ်လိုက်သည်။
“နင် ငါနဲ့အတူ တောင်းပန်ဖို့ လိုက်ခဲ့ရမယ်”
ယဲ့ချင်းက သူမအား စိုက်ကြည့်လာပြီး ...
“ကျွန်မ မသွားနိုင်ဘူး”
ဖြန်း ...
အန်တီယဲ့က သူမအား ပါးတစ်ချက်ထပ်ရိုက်လိုက်၏။
“အမေ၊ အမေ့ကို မုန်းတယ်။ ကျွန်မ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ထွက်သွားချင်တယ်၊ အမေ ကျွန်မကို ထပ်တွေ့ရမယ်လို့ တွေးတောင် မတွေးနဲ့”
ယဲ့ချင်းက အော်ဟစ်ခြိမ်းခြောက်လိုက်သည်။
“ဒါဆို ထွက်သွား၊ နင် ထွက်သွားရင် ပြည့်စုံသွားပြီ။ ငါလည်း နင့်အဖေကို ချက်ချင်း ကွာရှင်းမယ်။ အနာဂတ်က တောက်ပနေတုန်းပဲ။ နင့်လိုမျိုး အမှိုက်တစ်ယောက်ထက်စာရင် အမေက အများကြီး ပိုပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်တယ်။ နင် အိမ်က ပိုက်ဆံခိုးရင်လည်း နင်ထွက်သွားတာနဲ့ ငါ ရဲကို ဖုန်းဆက်မယ်။ ပြီးရင် နင့်ကိုယ်နင် ဘယ်လိုပြုမူရမလဲဆိုတာ သူတို့ကို သင်ခန်းစာတစ်ခု ပေးခိုင်းမယ်”
အန်တီယဲ့က အသံအက်သည်အထိ အော်ဟစ်လိုက်၏။ အစပိုင်း၌ သူမသည် စကားပြောရင်း အကြည့်များက ထိတ်ထိတ်ပျာပျာ ဖြစ်နေသေးသော်လည်း အမြန်ပင် ဖုံးကွယ်လိုက်သည်။ အထူးသဖြင့် ယဲ့ချင်း၏ ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာကို မြင်သောအခါ အန်တီယဲ့က သူမသည် ပို၌ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်နိုင်ပြီဖြစ်ကြောင်း ယုံကြည်သွားခဲ့၏။
ကျင်းယွင်ကျောင်းသည်လည်း အံအားသင့်စွာ ကြည့်နေသည်။ သူမက အန်တီယဲ့၏ နှလုံးသားသည် အလွန် လျင်လျင်မြန်မြန် မာကျောသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ သို့သော် ၎င်းက မှန်ကန်ပေသည်၊ လဲကျသွားလျှင် တဖန်ပြန်၍ ထရမည်။ အကယ်၍ သူမကဲ့သို့ သန်မာသော အမျိုးသမီးတစ်ယောက်ဖြစ်ရန် အကြောင်းပြချက်တစ်ခုပေးရမည်ဆိုပါက ထိုသူသည် အခြားအရာများကို အမှုမထားဘဲ ရှင်သန်နေထိုင်နိုင်ရမည် ဖြစ်ချေသည်။