Chapter 75 : အမြင်မှန်ရရန် ဖိအားပေးခြင်း
အန်တီယဲ့သည် စကားဆုံးသည်နှင့် နဂိုက အားပျော့နေသည့် ခြေလှမ်းများက မာန်ပါသွားတော့၏။ ခြေလှမ်း ခပ်ကျယ်ကျယ်တစ်လှမ်းနှင့်ပင် သူမသည် ယဲ့ချင်းဆီသို့ လက်လှမ်းလိုက်ပြီး လက်ထဲမှ ပိုက်ဆံအိတ်ကို ဆွဲလုလိုက်တော့သည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမသည် အိတ်ထဲရှိ ပိုက်ဆံများအားလုံးကို ဆွဲထုတ်လိုက်သည်။
ယွမ်တစ်ထောင်၊ ယခုအချိန်တွင် သူတို့မိသားစုအတွက် ၎င်းသည် သေးငယ်သော ပမာဏမဟုတ်ပေ။
“ကျောင်းသူလေး၊ ဒီနေ့ ဆေးရုံမှာ အန်တီတို့ကို ဒုက္ခမရောက်အောင် မင်းက ကူညီပေးခဲ့တာအားလုံးကို ကျေးဇူးတင်ပါတယ်ကွယ်။ ဒီငွေက အန်တီ မင်းဆီက ချေးထားတာပါ။ အန်တီ မင်းကို အကုန်ပြန်ပေးပါ့မယ်”
အန်တီယဲ့က ယွမ်တစ်ထောင်အား ထုတ်ယူလိုက်ပြီး ကျင်းယွင်ကျောင်း၏ အိတ်ကပ်များထဲသို့ သေချာ ထိုးသိပ်ထည့်ပေးလိုက်သည်။
ယဲ့ချင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမ မြင်နေရသည်ကို မယုံနိုင်ဖြစ်နေ၏။
“အမေ၊ အမေ ရူးနေတာလား။ ဘာလို့ သူ့ကို ပိုက်ဆံတွေ ပေးနေတာလဲ”
ဖြန်း ...
ဤတစ်ကြိမ်၌ အန်တီယဲ့၏ ပါးရိုက်သံက ပို၍ ကျယ်လောင်လာသည်။
၎င်းက ဘေးတွင် မျက်နှာမဲ့၍ ရပ်နေသော ရှောင်ဟိုင်ချင်းပင် တစ္ဆေသရဲမြင်လိုက်ရသကဲ့သို့ ခံစားသွားရ၏။ သို့သော် နာကျင်မှုထက် သူမသည် အလွန်အမင်း လန်းဆန်းတက်ကြွသွားမှုကို ခံစားလိုက်ရခြင်းဖြစ်သည်။
အကြောင်းမှာ ယဲ့ချင်းသည် အလွန်အမင်း ပျက်စီးနေသောကြောင့် သူမသည် သူမ၏ အမေအရင်းနှင့်ပင် ထပ်တူထပ်မျှ မျှဝေခံစားပေးရန် မကြိုးစားဘဲ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ယခုအချိန်တွင် အန်တီယဲ့သည် အလွန်အားအင်ပြည့်ဝနေပြီဖြစ်ရာ ယဲ့ချင်းသည် အနာဂတ်တွင် အရှုပ်အထွေးများကို ဖန်တီးနိုင်တော့မည် မဟုတ်ပေ။
သို့ရာတွင် အန်တီယဲ့သည် သူမ၏ သမီးဖြစ်သူကို အလွန်ချစ်မြတ်နိုးနေဆဲပင်ဖြစ်ရာ ဤကဲ့သို့ မျက်နှာမပေးဘဲ သူမသည် အတင်းအကျပ် လုပ်ခိုင်းရန် ဖိအားပေးနိုင်ပါမည်လား။
သူမ၏ နှလုံးသားထဲတွင် အနာဂတ်၌ ယဲ့ချင်းသည် ကျင်းယွင်ကျောင်း ပြောသကဲ့သို့ ပြောင်းလဲသွားကာ ပို၍ ဆိုးဝါးလာပြီး အခြားသူများထံမှ အနင်းခြေခံရမည်ကို စိုးရိမ်မိသည်။
အန်တီယဲ့သည် ပါးရိုက်ပြီးသောအခါ ယဲ့ချင်း၏ မျက်လုံးများ နီရဲလာသည်ကို မြင်သည်နှင့် ချက်ချင်း အော်ငေါက်လိုက်တော့၏၊
“နင့်မျက်နှာက ခုထိ ငိုချင်နေတုန်လား။ ငါနဲ့အတူ ဆေးရုံကို တောင်းပန်ဖို့ လိုက်ခဲ့။ တကယ်လို့ နင် စိတ်ရင်းနဲ့ မတောင်းပန်ဘူးဆိုရင် အိမ်ကို ညစာလာမစားနဲ့။ ဒူးထောက်ပြီး အပြစ်ကို ပြန်သုံးသပ်နေ”
အန်တီယဲ့၏ စိတ်ခံစားချက်များသည် အခြားသူများထက် ပို၍ ရှုပ်ထွေးသည်။ သူမ ရင်နာနေသည်လား။ အမှန်ပင်။ သို့သော် သူမ မုန်းလည်းမုန်းသည်၊ သူမ သမီး၏ မသိတတ်နားမလည်မှုကို မုန်းသည်၊ သူမ ခင်ပွန်း၏ သူရဲဘောကြောင်မှုနှင့် အဆင့်အတန်းမရှိခြင်းကိုလည်း မုန်းသည်၊ ထို့ကြောင့် သူမသည် ပြောင်းလဲရန် ဆုံးဖြတ်ချက်ချခဲ့၏။
သူမသည် ယဲ့ချင်း၏ နားရွက်ကို ဆွဲ၍ သူမ၏ ဘေးသို့ ဆွဲခေါ်လိုက်ရင်း လမ်းတလျှောက်လုံး တစ်လှမ်းချင်း ဆွဲခေါ်သွားတော့သည်။
ယဲ့ချင်းသည် အိမ်မှထွက်ပြေးချင်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့သော်လည်း တကယ်တမ်း လက်တွေ့တွင်မူ သူမသည် လက်ထဲတွင် ယွမ်တစ်သောင်းခန့်မရှိပါက သေချာပေါက် လုပ်ရဲမည်မဟုတ်။ သို့ရာတွင် ယခုအခါ သူမတွင် ရှိသမျှငွေများအားလုံး လုယူသွားခံလိုက်ရပြီဖြစ်ရာ သူမတွင် သတ္တိတစ်စက်မှ မကျန်တော့ပေ။ ရုတ်တရက် သူမသည် သူမ၏ ဘဝကြီးတစ်ခုလုံး ပြီးဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
အန်တီယဲ့၏ အတင်းအကြပ်စီမံမှုအောက်တွင် ယဲ့ချင်းသည် ယန်ထျန်းထျန်း၏ ဆေးရုံကုတင်ရှိရာသို့ အားဖြင့် ဆွဲခေါ်ခံလာရသည်။ ထိုအချိန်တွင် ယန်ထျန်းထျန်းသည် နိုးနေပြီဖြစ်၏။ သူမသည် ယဲ့ချင်းအား မြင်သည်နှင့် ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။
ထိုအစား သူမသည် ကျင်းယွင်ကျောင်းအား ပြောလိုက်၏။
“ငါ တကယ်တောင်းပန်ပါတယ်။ အရင်က ငါ ယဲ့ချင်း နင့်ကို ဆန့်ကျင်တာကို ကူညီပေးခဲ့ဖူးတယ်။ ပြီးတော့ ငါ့ကို ကူညီပေးတာကိုလည်း ကျေးဇူးတင်ချင်ပါတယ်”
ကျင်းယွင်ကျောင်းက ဤအဖြစ်အပျက်သည် ပြီးသွားပြီဟုသာ ယူဆထားသဖြင့် အနည်းငယ် ပြုံးရုံသာ ပြုံးပြလိုက်သည်။
“တောင်းပန်လိုက်စမ်း”
အန်တီယဲ့က ယဲ့ချင်း၏ နောက်တွင်ရပ်နေပြီး သူမ ဒူးထောက်ကျသွားစေရန် ခြေသလုံးကို ကန်လိုက်၏။ ယဲ့ချင်းသည် သူမ၏ အမေက ထိုသို့လုပ်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ ဘာမှမစဥ်းစားနိုင်ခင်မှာပင် သူမသည် ဘုန်းခနဲ အသံမြည်အောင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်၊ ချက်ချင်း နာကျင်သွားမှုက သူမအား ငိုချင်လုနီးပါး ဖြစ်သွားစေ၏။ သူမ၏ အသားအရေသည် စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြစ်နေပြီး သူမ၏ ဂုဏ်သိက္ခာသည် လုံးဝဆုံးရှုံးသွားပြီဟု ခံစားလိုက်ရသည်။
သူမ အမှန်တကယ်ပင် ယန်ထျန်းထျန်းအား ဒူးထောက်နေရသည်လား။
စောင့်ကြည့်နေသော လူများစွာလည်း ရှိ၏။ သူတို့သည် သူမအား သူတို့၏ စိတ်ထဲမှာ လှောင်ပြောင်ရယ်မောနေကြမည်ဖြစ်သည်။
ယဲ့ချင်းသည် မတ်တပ်ပြန်ထရန် ရုန်းကန်လိုက်သော်လည်း သနားစရာကောင်းစွာပင် သူမ၏နောက်မှ အန်တီယဲ့က သူမ၏ လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖိဆုပ်ထား၏။
“မြန်မြန် တောင်းပန်စမ်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် အန်တီယဲ့ ဖိဆုပ်ထားသည့်အောက်မှ အသားအရေသည် သူမ၏ တင်းကြပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် အနီရောင်ပြောင်းသွားသည်။
“အမေ၊ လွှတ်ပါတော့၊ တအားနာနေပြီ”
ယဲ့ချင်သည် နာကျင်မှုကြောင့် စတင်ငိုကြွေးလိုက်ပြီး နာကျင်စွာ သံရှည်စွဲ ညည်းညူလိုက်၏။
သို့သော် သူမ နာကျင်မှုကြောင့် ပိုအော်လေ အန်တီယဲ့က သူမဆုပ်ကိုင်ထားသည်အား ပို၍အားထည့်လေပင်။
“နင် အမှားလုပ်ထားပြီးရင် တောင်းပန်ဖို့ လိုတယ်။ တကယ်လို့ နင့်ရဲ့ပါးစပ်ကို တောင်းပန်ဖို့ မဖွင့်ဘူးဆိုရင် နင် တစ်သက်လုံး ဒီနေရာမှာပဲ ဒူးထောက်နေရမယ်”
သူတို့၏ ဘေးတွင် ယန်မိဘများက ရပ်နေပြီး ထိုစကားများအားကြားသောအခါ သူတို့သည်ပင် အံ့သြထိတ်လန့်သွားကြသည်။
သူတို့သည် ဤယဲ့အမျိုးသမီး အပြင်သို့ ခဏထွက်သွားပြီးနောက် ပြန်လာသောအခါ အနည်းငယ် ပြောင်းလဲသွားကြောင်း ခံစားနေရ၏။ သူမသည် ပို၍ ပြတ်သားလာပုံရသည်၊ အထူးသဖြင့် ယခင်က သူမသည် သမီးဖြစ်သူအကြောင်းပြောလျှင် ကူကယ်ရာမဲ့ဖြစ်နေတတ်သည်က အချိန်အများစုပင်။ သို့သော် ယခုအခါ သူမသည် ရက်စက်၍ စည်းကမ်းတင်းကြပ်လှသည်။
အန်တီယဲ့သည် သူမ၏ နှလုံးသားအား ပြင်ဆင်ထားပြီးဖြစ်၏။ သိပ်မကြာမီမှာပင် ယဲ့ချင်းသည် ထပ်၍ တင်းမထားနိုင်တော့ချေ။
“ငါ မှားသွားခဲ့ပါတယ်။ ငါက အမှားလုပ်မိတဲ့သူပါ၊ ဟုတ်ပါတယ်”