Chapter 76 : အထူးပညာရေး
ယန်ထျန်းထျန်းသည် ကရုဏာတရားကင်းမဲ့သော မိန်းကလေးတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ ယခုအခါ ယဲ့ချင်း ပါးစပ်ဖွင့်၍ တောင်းပန်လိုက်သည်ကို မြင်သည်နှင့် သူမ၏ စိတ်ရင်း ဟုတ်မဟုတ် ဂရုမစိုက်တော့ဘဲ ယန်ထျန်းထျန်းသည် အန်တီယဲ့၏ ကိုယ်စား ထိုအကြောင်းအရာ ထပ်၍ အာရုံများများစားစား မထားတော့ရန် ဆုံးဖြတ်လိုက်သည်။
ယန်ထျန်းထျန်း၏ အခြေအနေ တည်ငြိမ်သွားပြီးနောက် ကျင်းယွင်ကျောင်းသည်လည်း အိမ်ပြန်ရန် ထွက်လာခဲ့၏။ သို့သော် သူမသည် အိမ်မပြန်မီ အစားအသောက်များအတွက် ကျသင့်ငွေကို ရှင်းရန် စားသောက်ဆိုင်သို့ ပြန်သွားခဲ့သည်။
အခြားတစ်ဖက်တွင် ဤအန်တီယဲ့သည်လည်း အတော်လေး တာဝန်ယူတာဝန်ခံမှုရှိသော လူတစ်ယောက်ဖြစ်၏။ သူမသည် ကျန်ရှိသော ငွေများကို ဆေးပစ္စည်းအချို့ဝယ်၍ ယန်မိသားစုအား ပို့ပေးခဲ့သည်။ ယဲ့ချင်းက သိတတ်မှုမရှိသည့် တစ်ခုခုအား ပြောလိုက်တိုင်း သူမက ယဲ့ချင်းအား ဆူငေါက်၍ ရိုက်နှက်မည်မှာ အသေအချာပင်။ ထို့နောက် ညဥ့်နက်သောအခါ သူတို့သည် အိမ်ပြန်သွားကြပြီး ယဲ့ချင်း၏ မျက်နှာသည်လည်း ဝက်တစ်ကောင်ကဲ့သို့ ဖူးယောင်နေသည်။
“နင် တနင်္လာနေ့ကျရင် ကျောင်းပြန်သွားရမယ်၊ ပြီးတော့ အပြုအမူတွေကို သတိထားဖို့ မမေ့နဲ့။ ဘာကိုမှ သွေးထိုးလှုံ့ဆော်တာ မလုပ်နဲ့၊ ဘယ်သူ့ကိုမှ ရန်မစနဲ့။ တကယ်လို့ နင် ဒီလိုမလုပ်နိုင်ရင် အိမ်ကို ပြန်လာဖို့ စဥ်းတောင် မစဥ်းစားနဲ့၊ လမ်းပေါ်မှာပဲ ငတ်သေ”
အန်တီယဲ့က ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူမသည် သူတို့၏ အိမ်ဟုခေါ်သည့် ရှုပ်ပွနေသောနေရာအား ကြည့်လိုက်၏။
“အခုကစပြီး ငါအပြင်ကို အလုပ််ထွက်လုပ်ရင် နင် အိမ်မှုကိစ္စတွေအားလုံး လုပ်ရမယ်။ ချက်ပြုတ်တာ မဟုတ်ရင် လျှော်ဖွပ်တာ လုပ်ရမယ်။ နင် နောက်မှာ တစ်ခုမှ ချန်ထားခဲ့လို့ မရဘူး”
ယဲ့ချင်း၏ အံ့အားသင့်၍ ဒေါသထွက်နေသော အမူအယာအောက်မှာပင် အန်တီယဲ့သည် အိမ်ထဲသို့ ပြေးဝင်သွားပြီးနောက် သူတို့၏ အိပ်ရာထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ညစ်တီးညစ်ပတ်လူအား ဆွဲထုတ်လာသည်။
“ရှင် အပြင်မထွက်ချင်ဘူးလား၊ ပြီးတော့ အလုပ်မရှာချင်ဘူးလား ... ဟမ်။ ဒါဆို ရှင် ထမင်းလည်း များများစားစရာမလိုဘူး။ တနင်္ဂနွေနေ့ပြီးရင် ကျွန်မတို့ ကွာရှင်းမယ်”
(T/N : ဒီနေ့ ယဲ့ချင်းမွေးနေ့က စနေပါ၊ တရားရုံးက စနေတနင်္ဂနွေပိတ်တော့ ချက်ချင်း မကွာရှင်းနိုင်တာပါ။)
ယခင်က အန်တီယဲ့သည် အထူးယဥ်ကျေးသိမ်မွေ့သည်ဟု မပြောနိုင်သော်လည်း သူမ၏ စကားလုံးများသည် ယဥ်ကျေး၍ ရဲရင့်နေဆဲသာဖြစ်၏။ အိမ်၌ သူမသည် ဖြူစင်အေးချမ်း၍ လိုက်လျောမှုရှိသော ဇနီးတစ်ယောက်ပုံစံ ဖြစ်သည်။
ထိုအစား ယခုအချိန်တွင် သူမသည် အပေါက်ဆိုးသော မိန်းမကြီးတစ်ယောက်နှင့် တူနေ၏။
မည်သို့ပင်ဆိုစေကာမူ သူမ၏ လက်ရှိ ပုံပန်းသွင်ပြင်သည် ယခင်က သူမ၏ နွေးထွေး၍ အားပေးတိုက်တွန်းတတ်သော ပုံစံနှင့် ယှဥ်ပါက ပို၍ ထိရောက်သည်။
အမှန်ပင်၊ သူသည် ကွာရှင်းရန် ဆန္ဒမရှိပေ။ ယခု သူတို့နေသော အိမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အန်တီယဲ့၏ မိဘများက သူတို့အား သူမ၏ ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဗီလာက အကြွေးဆပ်ရန်အတွက် ရောင်းလိုက်သည်မှာ ကြာပြီဖြစ်ရာ ယခုအချိန်တွင် သူတို့မိသားစုသုံးယောက် နေထိုင်နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်၏။ အကယ်၍ သူတို့ ကွာရှင်းလိုက်ပါက သူသည် သေချာပေါက် လမ်းပေါ်တွင်သာ နေရလိမ့်မည်။
အန်တီယဲ့သည် ဤလူအား အမှန်တကယ် အလုပ်ရှာရန် မျှော်လင့်မထားသော်လည်း သူမသည် သူ့အား တစ်ချိန်လုံး အရက်အမူးလွန်၍ အသိစိတ်မကပ်ဖြစ်နေသည်ကို မမြင်လိုပေ။
ယဲ့ချင်းသည် သူမ အထင်အကြီးဆုံးဖြစ်သည့် ဖခင်၏ ကျဆုံးခန်းကို မြင်သောအခါ သူမ၏ သတ္တိများ ပို၍ပင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမအမေ၏ အပြစ်ဒဏ်သတ်မှတ်ပေးမှုအောက်တွင် ယဲ့ချင်းသည် သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်မှုကိစ္စများကို စတင်လုပ်ကိုင်ခဲ့ရ၏။ သူမ မသိခဲ့သည်မှာ ဤသည်က အစပဲရှိသေးသည် ဆိုတာကိုပင်။
ထိုအချိန်မှစ၍ သူမ၏ ယခင်က နူးညံ့သိမ်မွေ့ခဲ့သော မိခင်ဖြစ်သူသည် လုံးဝပျောက်ကွယ်သွားတော့သည်။ သူမ အစား သန်မာ၍ အားကြီးသော အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့၏။ ယဲ့ချင်း ပို၍ကြောက်သည့်အရာမှာ သူမ ကျောင်းတွင် သိက္ခာကျမည်ကိုဖြစ်သည်။ ပို၍ခက်ခဲသည်မှာ ထိုအမျိုးသမီးက သူမအား ကျောင်းသွားရန် အတင်းအကြပ် ဖိအားပေးမည်သာပင်။
သူမ၏ လှပ၍ ချစ်စဖွယ်ကောင်းသော အဝတ်အစားများလည်း ထပ်မံ၍ မရှိတော့ဘဲ ထိုအစား ယခုအချိန်တွင် သူမ၌ လမ်းဘေးဆိုင်မှ အလွန်အမင်း ရိုးရှင်း ပုံတုံးသည့် အဝတ်အစားများသာ ရှိတော့သည်။ အပြင်သွားသောအခါ သူမ၏ ဂုဏ်ကို မြှင့်တင်ပေးမည့် ကားလည်း မရှိတော့ပေ။ ထိုအစား အလွန်အိုမင်းနေသော စက်ဘီးတစ်စီးသာ ရှိ၏။ ထိုစက်ဘီးအို၏ တဂျောင်းဂျောင်းမြည်သံသည် သူမအား ညဘက်တွင်ပင် အိပ်မရဖြစ်စေသည်။
ကျင်းယွင်ကျောင်းသည် ယခုအချိန်၌ ယဲ့ချင်း၏ ဘဝ မည်သို့ဖြစ်နေသည်အား စိတ်မဝင်စားမိ။ သူမသည် တနင်္လာနေ့တွင် ကျောင်းပြန်တက်သောအခါ အခြားကျောင်းသားများက ယဲ့ချင်းနှင့် အကွာအဝေးတစ်ခုခြား၍ နေကြသည်အား တွေ့လိုက်ရသည်၊ ယဲ့ချင်းသည် ထိုကျောင်းသားများ၏ သဘောထားကို ကြံ့ကြံ့ခံရင်း တိတ်ဆိတ်စွာပင် နေ,နေ၏။ ထိုအချက်ကသာ ကျင်းယွင်ကျောင်းအား အချိန်ခဏမျှ အံ့သြဆွံ့အသွားစေသည်။
အထူးသဖြင့် ယဲ့ချင်းသည် အန်တီယဲ့၏ အထူးပညာပေးခြင်းကို ကြုံတွေ့ပြီးနောက် ကျင်းယွင်ကျောင်းအား မြင်တိုင်း မြွေတစ်ကောင်ကဲ့သို့ ရှောင်ရှားနေလေ့ရှိ၏။
ထို့နောက် သူမ၏ ဘဝသည် အနည်းငယ် ပို၍အေးချမ်းသွားခဲ့သည်။ သူမသည် နေ့တိုင်း အိမ်နှင့်ကျောင်း အသွားအပြန်လုပ်၍ စနေနေ့ရောက်တိုင်း အဖိုးရှုအား သွားရှာရလိမ့်မည်။ ပြီးလျှင် တနင်္ဂနွေနေ့များ၌ ပို၍ လုပ်စရာများပြားလိမ့်မည်။
မတူညီသည့် တစ်ခုတည်းသောအချက်မှာ ကန်ကျင်းချန်ဖြစ်သည်။ သူတို့ ဆေးရုံတွင် တွေ့ပြီးသည့် အချိန်မှစ၍ သူမအား ကြည့်သည့် သူ၏ အကြည့်များမှာ သံသယများ ပို၍တိုးပွားလာခဲ့၏။ စူးချူနှင့် သူမအား အတူတကွမြင်သည့်အခါတိုင်း သူသည် စူးချူအား အလျင်အမြန်ပင် ဆွဲခေါ်သွား၍ ကြက်ပေါက်ကလေးအား ကာကွယ်စောင့်ရှောက်ပေးနေသည့် ကြက်မကြီးတစ်ကောင်ကဲ့သို့ ပြုမူတတ်သည်။ ကျင်းယွင်ကျောင်း၏ အမြင်အရ ၎င်းမှာ အလွန်ရယ်စရာကောင်းလေသည်။
ဆယ်ရက်ကြာပြီးနောက် သုံးယောက်သား နေထိုင်ကြသော တိုက်ခန်းအား သန့်ရှင်းရေးလုပ်ပြီး စာမေးပွဲစစ်ရန်လာသည့် အဖိုးကန်အား ကြိုဆိုကြ၏။
ဆေးပညာဆိုင်ရာ လစဥ်စာမေးပွဲစစ်ဆေးမှု ရောက်ရှိလာပြီဖြစ်လေသည်။