Chapter 77 : အသိဥာဏ်နည်း၍ မထီမဲ့မြင်ပြုခြင်း
များသောအားဖြင့် ကန်စုန့်ပိုင်သည် သူတို့နေထိုင်သော တိုက်ခန်းသို့ လာလည်လေ့မရှိပေ။ ယခုရက်သို့ရောက်သောအခါ သူသည် စူးချူနှင့် ကန်ကျင်းချန်တို့၏ တုန်လှုပ်နေသော အမူအယာများကို မြင်လိုက်ရသည်။ သူတို့သည် ရက်စက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရမည့်အလားပင်။
ကန်စုန်ပိုင်သည် ဝင်ပေါက်ကို ခြေချလိုက်ပြီးနောက် သူ၏မျက်လုံးများက ဧည့်ခန်းသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူသည် ဆေးစာအုပ်အချို့ကို စားပွဲတွင် သပ်သပ်ရပ်ရပ် စီထားသည်အား မြင်လိုက်ရသောအခါ ခေါင်းကို ယမ်းလိုက်၏။
သပ်ရပ်လွန်းတယ်။
ဆေးစာအုပ်များကို ကြုံသလိုစီစဥ်ထားသည်က သိသာလွန်းလှသည်။ အကယ်၍ နေ့တိုင်း ဖတ်ရှုလေ့လာသူသာဆိုပါက စာအုပ်ပုံသည် သေချာပေါက် အမျိုးအစားတူရာအတိုင်း အစဥ်လိုက်ရှိနေရမည်ဖြစ်၏။ ထို့အပြင် ဤမြေးမနှင့် မြေး နှစ်ယောက်စလုံး၏ မျက်နှာများမှာ ဖျော့တော့နေကြသည်။ သူတို့သည် သွေးလည်ပတ်မှု ကောင်းပုံမရဘဲ အနည်းငယ် ထိတ်လန့်နေကြပုံပေါ်၏။
တစ်စုံတစ်ယောက်သည် စာအုပ်ပေါင်းများစွာအား ဖတ်ရှုလေ့လာပြီးသောအခါ သူတို့၏ နှလုံးသားသည် စိတ်မလုံခြုံမှုဟာပေါက်များနှင့် ပြည့်နေလိမ့်မည်။ အကယ်၍ သူတို့တွင်သာ စွမ်းရည်နှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါက သူတို့သည် အနှောက်အယှက် ဖြစ်နေမည်မဟုတ်ပေ။ ကျင်းယွင်ကျောင်း၏ ပုံစံကဲ့သို့ပင်။
ကန်ကျင်းချန်၏ အကြည့်များက ကျင်းယွင်ကျောင်းဆီသို့ ကျော်၍ရောက်သွားသည်၊ သို့သော် သူသည် အနည်းငယ် အထင်သေးနေဆဲပင်။ ဤမိန်းကလေးသည် အမှန်ပင် အသိဉာဏ်နည်း၍ မထီမဲ့မြင်ရှိလှသည်။ သူမက ဤစာမေးပွဲအား ကြောက်ပုံမရသည်မှာ သူမသည် အဖိုး၏ မြေးမအရင်း မဟုတ်သောကြောင့်ပင်။ သို့သော် စာမေးပွဲပြီး၍ သုညရသောအခါတွင်မှ သူမ ဘာမှန်း သိသွားပေလိမ့်မည်။ ဆေးပညာနှင့်ပတ်သတ်လျှင် သူ၏ ဤအဖိုးဖြစ်သူသည် မည်သူ့ကိုမှ အရူးလုပ်ခွင့်ပြုမည် မဟုတ်ပေ။
“မင်းတို့တွေ ထိုင်လို့ရပြီ”
ကန်စုန့်ပိုင်က သူတို့သုံးယောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး စကားပြောရင်း သူ၏ လက်ထဲမှ ဖောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ကျင်းယွင်ကျောင်းက မျက်လုံးဝေ့၍ ၎င်းကို အကျဥ်းချုပ် ဖတ်ကြည့်လိုက်၏။ ၎င်းကို သူတို့သုံးယောက်၏ရ မှတ်များကို မှတ်တမ်းတင်ရန် သုံးမည့်ပုံပင်။
“အဖိုး၊ အခုတလော ကျွန်မတို့ရဲ့ ကျောင်းစာတွေက တကယ်ကို များလွန်းတယ်။ တအားကြီး မခက်ပါနဲ့နော်။ ပြီးတော့ ဒါက ပြောင်ကျဲရဲ့ ပထမဆုံးစာမေးပွဲလည်း ဟုတ်တယ်လေ။ သူက ဆေးပညာနဲ့ပတ်သတ်ပြီး တစ်ခါမှ မလေ့လာဖူးဘူး။ အဖိုး သူ့ကို မျက်နှာသာပေးဖို့ လိုတယ်လေ၊ ဟုတ်တယ်မလား။”
စူးချူက သူမ၏အဖိုးဆီသို့ ပြေးသွားပြီး မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်ပြ၍ တောင်းဆိုလိုက်သည်။
ကန်စုန့်ပိုင်၏ အိုမင်းနေသော မျက်နှာသည် အနည်းငယ် မသိမသာ လှုပ်ရှားသွားပြီး နှုတ်ခမ်းအနည်းငယ်တွန့်သွားသော်လည်း သူက သူ၏ အတွေးများကို မဖော်ပြခဲ့ပေ။
ဆေးပညာ တစ်ခါမှ မသင်ဖူးဘူးဟုတ်လား။ ကျင်းယွင်ကျောင်း၏ နောက်တွင် သူ့ထက် ပို၍တော်သော ရှစ်ဖူးတစ်ယောက်လုံး ရှိသည်လေ။
တဖန် ကျင်းယွင်ကျောင်းအပေါ် အထင်သေးနေပုံရသော သူ့မြေးဖြစ်သူ၏ အမူအရာကို ကြည့်ရင်း သူသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းမိသွားသည်။ မည်သူက စစ်မှန်သော အရည်အချင်းနှင့် အသိပညာရှိသည်ဆိုသည်အား သူတို့မသိသွားခင် သူတို့သည် စာမေးပွဲဖြေရန် လိုသေး၏။
“ငါ ယွင်ကျောင်းရဲ့စွမ်းရည်ကို ယုံကြည်တယ်။ ဒါကြောင့် ဒီတစ်ကြိမ် စာမေးပွဲက ဆေးတွေ၊ ဆေးတွေရဲ့စွမ်းရည်တွေနဲ့ ရောဂါစစ်ဆေးမှုတွေပဲ”
ကန်စုန့်ပိုင်က သူတို့အား မျက်နှာသာပေးရန် ရည်ရွယ်ချက််မရှိပေ။
ကန်ကျင်းချန်နှင့် စူးချူသည် ဤသည်အား ကြားသောအခါ သူတို့သည် ပို၍ နေမထိထိုင်မသာဖြစ်သွားကြ၏။
“အဖိုး၊ အရင်က ကျွန်တော်တို့ရဲ့ ဆေးပညာဗဟုသုတကို စစ်ဆေးရုံပဲ မဟုတ်လား။ ဒီတစ်ကြိမ် စာမေးပွဲက ဘာလို့ ဒီလောက် ခက်ရတာလဲ”
ကန်မိသားစုသည် ဆေးပညာသမိုင်းကို အမွေဆက်ခံထားသည်ဟုပင် ပြော၍ရသည်။ သို့သော် ဤလူငယ်လေးနှစ်ယောက်သည် ဆေးပညာကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူတို့သည် ဤခေါင်းစဥ်အတွက် အမှန်တကယ်ပင် အင်အားများစွာ မစိုက်ထုတ်ကြပေ။ ဆယ်နှစ်ခန့် လေ့လာခဲ့ပြီးနောက်တွင်လည်း သူတို့သည် ရိုးရှင်းသော ဆေးပညာဗဟုသုတအချို့ကိုသာ သိကြသည်။ စာမေးပွဲဖြေသည့်အခါတိုင်းလည်း သူတို့သည် အဖိုးကန်၏စိတ်အခြေအနေအပေါ် မူတည်၍ မေးခွန်းကို ခန့်မှန်းကြ၏။
ဤအကြိမ်တွင်တော့ သူတို့ဖြေရမည်များက ကျယ်ပြန့်လွန်းနေသည် မဟုတ်လား။ အထူးသဖြင့် ရောဂါလေ့လာခြင်း၊ ၎င်းသည် အလွန်များပြားလှသည်။ အဖိုးအိုသည် မည်သည်ကို ရွေးခြယ်မည်မှန်း မည်သူသိလိမ့်မည်နည်း။
“ငါ မင်းတို့အရွယ်တုန်းက ငါ့လက်နဲ့ ကုသမှုဆေးညွှန်းတွေ ရေးဖို့ ကြိုးစားနေပြီ။ အခုချိန်ထိ အခြေခံတွေတောင် သင်မပြီးသေးတဲ့ မင်းတို့နဲ့ လုံးဝမတူဘူး”
အဖိုးအိုက အေးစက်စက် တုံ့ပြန်လိုက်၏။
“ဒီလောက်ဆို လုံလောက်ပြီ။ အခု စာမေးပွဲစတော့မယ်။ စကားပြောခွင့် မပြုတော့ဘူး”
ကျင်းယွင်ကျောင်းက နှုတ်ခမ်းလေးများတွန့်၍ ပြုံးလိုက်သည်။ သူမသည် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို ကိုင်ထားပြီး မေးခွန်းများကို အချိန်မရွေးဖြေဆိုရန် ပြင်ဆင်ထားလိုက်၏။
သူမသည် မနေ့က ကျောက်စိမ်း၏ ပထမအပိုင်းကို နောက်ဆုံး ရွတ်ဆိုပြီးစီးသွားခဲ့သည်။ ထို့ကြောင့် သူမသည် အခြေခံများနှင့်ပတ်သတ်၍ လုံးဝပြဿနာမရှိမည်မှာ သေချာ၏။ ထို့အပြင် ကျောက်စိမ်း၏ ဒုတိယအပိုင်းအားလည်း သူမ၏ စိတ်ထဲတွင် ထပ်ပေါင်းထည့်ထားပြီဖြစ်ရာ သူမ၏ အသိပညာများကို အလုံအလောက် တည်ဆောက်ပြီးစီးသွားပြီပင်။
ကိုးဆယ့်ကိုးပိုင်းသာ ရှိသော်လည်း ကျောက်စိမ်းစာလိပ်အား အထင်သေး၍ မရပေ။ အကြောင်းမှာ တကယ်တမ်း အကြောင်းအရာ ခေါင်းစဥ်များ အားလုံးကို ခြုံငုံထားသောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေသည့် အချက်အလက်များ၊ အချက်အပြုတ်ဟင်းလျာဖြင့် ကုသနည်းများအပြင် ကိုယ်ခံပညာများပင် ပါဝင်၏။ တကယ်တမ်း ၎င်းမှာ သူမ ဘိုးဘေး၏ နှစ်ပေါင်းသုံးရာကျော် မှတ်ဥာဏ်များနှင့် ဗဟုသုတများပင် ဖြစ်သည်။ သူမသည် ၎င်းတို့အား တစ်ခုချင်းစီ စုပ်ယူနေသည်ဟု ထင်ရသော်လည်း ထိုအကြောင်းအရာများသည် တိုက်ရိုက်ပင် ဖြတ််သန်းသွားသ၍ သူမ၏ ဦးနှောက်ထဲတွင် အားသုံး၍ စွဲထင်စေ၏။
ထို့အပြင် ကျောက်စိမ််းအပိုင်းတစ်ပိုင်း၏ အကြောင်းအရာ ခေါင်းစဥ်များမှာ သာမန်အဆင့် သမားတော် အသစ်စက်စက်တစ်ယောက် သိထားသည်ထက်ပင် ပိုသေးသည်။ ကျင်းယွင်ကျောင်းသည် ဆေးပညာရပ်များကို လုံးဝမသင်ကြားဖူးသည့်အပြင် ယခင်ကလည်း မည်သူနှင့်မှ မပတ်သတ်ခဲ့ဖူးပေ။ ထို့ကြောင့် သူမသည် ယခုအချိန်တွင် ဘာသာရပ်ကို မိတ်ဆက်အဆင့်သာ ပြီးသေးသည်ဟု ခန့်မှန်းတွေးထင်မိဆဲပင်။