Chapter 78 : အမှန်ကို ခန့်မှန်းပါ
သို့သော် နိုင်ငံအတွင်း၌ တိုင်းရင်းဆေးသမားတော်များစွာရှိ၍ အများစုမှာ ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာပြီးသား ဖြစ်နိုင်၏။ ကျင်းယွင်ကျောင်း၌ ကိုယ့်ကိုကိုယ် နှိမ်ချတတ်သော စိတ်ထားရှိနေသည်မှာ သဘာဝပင်။
ကျောက်စိမ်းစာလိပ်မှ အချက်အလက်များကို အထင်သေး၍ မရပေ။ အကယ်၍ သူမသာ သူမ၏ စိတ်ထဲမှ စကားလုံးများကို ဆွဲထုတ်ပြီး အလွတ်ဆိုပြပါက ကျောက်စိမ်းအပိုင်းတစ်ပိုင်းကို အချိန် ဆယ်နှစ်ကျော်ခန့် ကြာကောင်းကြာနိုင်၏။
ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ကံကောင်းလှသည်။ သူမသည် သူမ၏ ဘိုးဘေးဖြစ်သူမှ သူမအား ပေးခဲ့သောအရာများကို တိုက်ရိုက် စုပ်ယူနိုင်၍ သူမ၏ ကိုယ်ပိုင်ဘဝကို ပြောင်းလဲနိုင်သည်။
“ပထမဆုံး မင်းတို့ရဲ့အကဲဖြတ်မှုကို စစ်ဆေးမယ်”
ကန်စုန့်ပိုင်က လိုရင်းတိုရှင်းပြောလိုက်ပြီး သူတို့၏ရှေ့တွင် မတူညီသော ပုံသုံးပုံကို နေရာချလိုက်၏။
ကျင်းယွင်ကျောင်း၏ ရှေ့ရှိပုံမှာ အသက်လေးဆယ်ကျော်ခန့်ရှိသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ရှိနေပြီး သူမ၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး အသက်မဲ့နေ၏။ ဆေးပညာရှုထောင့်ကနေ သူမကို အကဲဖြတ်ရမည်ဆိုပါက......
ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စိတ်ထဲရှိ သူမ စုပ်ယူပြီးသား အကြောင်းအရာများမှာ မျက်နှာပေါ်တွင် အလိုအလျောက်ပေါ်နေပြီးဖြစ်၏။ သူမက ပြန်မမေးတော့ဘဲ ပြောလိုက်သည်။
“ဒီအသက်ကြီးကြီး အမျိုးသမီးရဲ့မျက်ဝန်းတွေက အသက်မဲ့နေပြီးတော့ သူ့ရဲ့မျက်ဆန်အိမ်တွေက ဝါဖန့်ဖန့်ဖြစ်နေတယ်။ အဝါရောင်ရှိတဲ့ တစ်ခုခုက သူရဲ့မျက်ဆန်အိမ်တွေကို အလိုအလျောက် ဖုံးအုပ်နေသလိုမျိုးပဲ။ သည်းခြေအချဥ်ပေါက်တဲ့ရောဂါ ဒါမှမဟုတ် သည်းခြေရည်ခန်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ဒါကို များသောအားဖြင့် နာတာရှည် အသည်းရောင် အသားဝါရောဂါ၊ သည်းခြေအိတ်ကျောက်တည်တာ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းတာ၊ ဗေလုံးတွေ၊ သန်ကောင်ရောဂါတွေနဲ့ ရောင်ရမ်းတဲ့ရောဂါတွေမှာ အတွေ့များပါတယ်။ ဒါပေမယ့် နိဂုံးချုပ်ထင်မြင်ချက်ပေးရရင် ပုံတစ်ပုံကို အခြေခံပြီး ပြောဖို့က ပိုပြီး ခက်ခဲတယ်”
“ဒီအမျိုးသမီးက မငယ်တော့ဘူး။ သတ်လတ်ပိုင်းအရွယ်ရောက်ရင် မျက်လုံးတွေက အဝါရောင်အစက်တွေက တွေ့ရနည်းတာတော့ မဟုတ်ပါဘူး”
ကန်စုန့်ပိုင်က စဥ်းစားချင့်ချိန်နေ ဟန်ဆောင်၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
သို့သော် ကျင်းယွင်ကျောင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။
“တကယ်လို့ အဲဒါတွေက သူရဲ့အသက်အရွယ်အရ အဆီတွေရဲ့ဖိအားကြောင့်ဖြစ်လာတဲ့ အဝါစက်တွေသာဆိုရင် အစက်တွေက သူ့ရဲ့မျက်လုံးအစပ်တွေနားမှာပဲ ပိုပြီး ရှိနေရမှာပါ။ ဒါပေမယ့် ဒီအမျိုးသမီးရဲ့အဝါစက်တွေက ပြန့်နေတာ သိသိသာသာပဲ။ အဲဒီအပြင် သူ့ရဲ့အသားအရောင်ကလည်း သာမန်လူတွေနဲ့ သိသိသာသာကြီး ကွာခြားနေတယ်”
သည်းခြေရည်ခန်းခြောက်ခြင်းသည် အရေပြားထိ ထိုးဖောက်နိုင်၍ အသားအရေကို အဝါရောင်ပြောင်းသွားစေသည်။ ၎င်းမှာ အတော်လေး ပြောရလွယ်၏။
ဤသည်ကို ကြားသောအခါ ကန်စုန့်ပိုင်သည် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ သူသည် သူ၏ စာရွက်ပေါ်တွင် ကျင်းယွင်ကျောင်းအား အမှတ်တစ်ခုပေးလိုက်သည်။
သို့ရာတွင် ကန်ကျင်းချန်၏ မျက်ဝန်းများက ပြူးကျယ်သွား၏။
ဒါ လိမ်နေတာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား။ သူမက ဖြီးဖြန်းနေသည်မှာ အသေအချာပင်။ သို့မဟုတ်ပါက သူမ၏ သူငယ်ချင်း သို့မဟုတ် ဆွေမျိုးတစ်ယောက်ယောက် ဤအခြေအနေမျိုးဖြစ်ခဲ့သည်ကို မြင်ဖူး၍ ဖြစ်ရမည်။ ထိုအရာက သေချာ၏။ ဒါ အမှန်ပင်။
ကန်ကျင်းချန်သည် ချက်ချင်းပင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူသည် သူ၏လက်ထဲရှိ ပုံကို ငုံ့ကြည့်လိုက်ရာ မိန်းမလှလေးတစ်ယောက်အား မြင်လိုက်ရ၏။ သူမ၏ မျက်နှာက နီရဲနေပြီး အလွန်ချိုသာလှသည်။ ဒါပေမယ့် သူ ဘာဖြစ်လို့ သူမနဲ့ပတ်သတ်ပြီး ဘာအမှားမှ မမြင်ရတာလဲ။
ထိုရုပ်ပုံအား စိုက်ကြည့်ရင်း ကန်ကျင်းချန် ရှက်သွေးဖြာလာသည်။ အဖိုးက ဒီရုပ်ပုံထဲက မိန်းမလှလေးနဲ့ သူ့ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတာများ ဖြစ်နိုင်မလား။
မဟုတ်ဘူး၊ မဟုတ်ဘူး။ အဖိုးက အရမ်းဖြောင့်မတ်တာ၊ ဒါပေမယ့် ဒါက ဘာလဲ။
ကန်ကျင်းချန်၏ မျက်ခုံးများက စုကြုံ့သွား၏။ သူသည် ထိုအကြောင်း ခဏကြာအောင် စဥ်းစားနေသည်။ သို့သော် သူက ရုတ်တရက် ခေါင်းမော့၍ ပြောလိုက်သည်။
“အဖိုး၊ သူက အဖျားရှိနေတာ မ...မဟုတ်လား”
ကန်စု့န်ပိုင်က ခေါင်းယမ်းလိုက်ပြ၏။
“မင်းက ဘယ်လိုများပြောနိုင်ရတာလဲ”
ခေါင်းမာသော အဖိုးအိုတစ်ယောက်ဖြစ်သည့်အလျောက် ကန်စုန့်ပိုင်၏ စကားလုံးများသည် အမြဲတမ်း အထက်တန်းကျသော်လည်း လူများနှင့် လူ့အဖွဲ့အစည်းကို အကူအညီပေးနေသည့် ကရုဏာရှင်တစ်ဦး၏ အရှိန်အဝါကိုလည်း သယ်ဆောင်ထားနိုင်သည်။ သူသည် တိုင်းရင်းဆေးသမားတော်တစ်ဦးလည်း ဖြစ်၏။ အခြားသူများသည် သူ၏ စကားလုံးများထဲမှ မသင့်လျော်မှုကို မရှာဖွေနိုင်ပေ၊ ထိုအစား သူတို့သည် သူ့အား လေးစားကြသည်။
“ဒီလူရဲ့မျက်နှာက နီမြန်းနေတယ်။ သူက အဝတ်အစားတွေအများကြီးလည်း ဝတ်ထားသေးတယ်။ နာတာရှည်ရောဂါတစ်ခုနဲ့တူတယ်၊ ဒါပေမယ့် ဖြစ်နိုင်တာက သူက တီဘီရောဂါဖြစ်နေတာပဲ။ ဟုတ်တယ်မလား”
ကန်ကျင်းချန်က အနည်းငယ် မသေချာဟန်ဖြင့် မသက်မသာ ပြောလိုက်သည်။
သူသည် ငယ်စဥ်ကတည်းက ဆေးပညာမှာ အလွန်ရှုပ်ထွေးဆန်းကြယ်သည်ဟု အမြဲတမ်း တွေးခဲ့၏။ သူသည် သမားတော်တစ်ယောက် ဖြစ်ချင်သော်လည်း ထိုထူးခြားလှသော ဆေးပညာရပ်များကို လေ့လာတိုင်း အိပ်ချင်လာစိတ်ကို ဖျောက်မရပေ
ကန်စုန့်ပိုင်က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်၍ သူ၏ စာရွက်ပေါ်တွင် အနီရောင်အမှားခြစ်တစ်ခု ခြစ်လိုက်သည်။
ယခုအချိန်တွင် ကန်ကျင်းချန်၏ မျက်နှာမှာ ပို၍ နီရဲလာတော့၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါဆို ဘာလဲ”
“ယွင်ကျောင်း မိန်းကလေး၊ မင်း ဖြေကြည့်”
ကန်စုန့်ပိုင်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၍ ရုပ်ပုံကို ကျင်းယွင်ကျောင်းအား လှမ်းပေးလိုက်၏။
ကျင်းယွင်ကျောင်းသည် ကန်ကျင်းချန်၏ မယုံနိုင်ဖြစ်နေသော မျက်လုံးများနှင့် မျက်နှာချင်းဆိုင်မိသောအခါ တုံ့ဆိုင်းသွားသော်လည်း သူမ စိတ်ထဲ၌မူ အဖြေပေးရန် ဆုံးဖြတ်လိုက်မိ၏။
သူမသည် ရုပ်ပုံကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ဖြေလိုက်သည်။
“သူ့မှာ နာတာရှည်အဖျားတစ်ခုခုရှိနေတဲ့ပုံပါပဲ။ အဖျားလို့ ခေါ်ရင် မမှားပေမယ့် တီဘီရောဂါနဲ့တော့ ဘာမှမဆိုင်တဲ့ပုံပါ”