Chapter 79 : ညီမကိုပင် အနိုင်မယူနိုင်ခြင်း
ကျင်းယွင်ကျောင်းသည် သူမ၏ အတိတ်ဘဝက အနှစ်နှစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သူဖြစ်သည်။ ဆယ့်ခြောက်နှစ်အရွယ် ကလေးငယ်သာ ဖြစ်သည့် ကန်ကျင်းချန်၏ အတွေးများကို ခန့်မှန်းရန် မခက်ခဲပေ။
သူမ၏ လက်ထဲရှိ ရုပ်ပုံထဲမှ အမျိုးသမီးတွင် အတော်လေး ဆိုးရွာသော အခြေအနေရှိသည်ဟု ထင်ရသောကြောင့် ဖြစ်ရမည်။ ထို့နောက် အဖိုး၏ မေးခွန်းများ အားလုံးက မရိုးရှင်းသည်ကို ထည့်ပေါင်းလိုက်သောအခါ သူ့ဆီမှ “တီဘီရောဂါ” ဟုသော အဖြေထွက်ပေါ်လာခြင်း ဖြစ်နိုင်၏။
“မင်း ဘယ်လိုကြောင့် သေချာနေတာလဲ။ ဒါဆိုရင် ဘာလဲ”
“သာမန်လူတစ်ယောက်ရဲ့ မျက်နှာက အနည်းငယ် အဝါရောင်သမ်းပြီးတော့ နီမြန်းပြီး တောက်ပနေတာပဲ ဖြစ်သင့်ပါတယ်။ ဒီအမျိုးသမီးရဲ့ မျက်နှာက အနည်းငယ် နီရဲနေတာ၊ ဒါက တစ်ခုခုမှားနေတယ်ဆိုတာ သိသာပါတယ်။ သူ့ရဲ့ဆံပင်ကို ကြည့်ပါ၊ သပ်သပ်ရပ်ရပ် စည်းနှောင်ထားတယ်။ သူ့ရဲ့ အဝတ်အစားတွေက ထူပြီးတော့ လေးလွန်းနေပေမယ့် သူတို့က အရမ်း လိုက်ဖက်နေတယ်။ ဒီအမျိုးသမီးက သူ့ရဲ့ ပုံပန်းသွင်ပြင်ကို အရမ်းဂရုစိုက်တာလည်း သိသာတယ်၊ ဒါကြောင့် သူ့ရဲ့ နှုတ်ခမ်းနားမှာ ရှိတဲ့ အနာတွေကို အမှန်တကယ်ပဲ မိတ်ကပ်နဲ့ ဖုံးထားတယ်၊ ဒါပေမယ့် ဒါတွေက အဲဒီမှာ မရှိဘူးလို့ မဆိုလိုဘူး။ တကယ်လို့ သူ့ရဲ့ နှုတ်ခမ်းနားက အသားရောင်ကို အနီးကပ်ကြည့်ရင် နည်းနည်းလေး ကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ဒီလိုအဝတ်အစားတွေ ဝတ်ထားတာကလည်း သူက သူ့ရဲ့ကိုယ်ပေါ်မှာရှိတဲ့ အဖုအပိန့်တွေကို ဖုံးထားချင်လို့ပါ။ သူရဲ့ကုပ်ပိုးအောက်ကို ကြည့်ရင်လည်း အဖုအပိန့်နည်းနည်းကို မြင်နိုင်ပါသေးတယ်”
ကန်ကျင်းချန်၏ မျက်နှာက နီရဲသွားသည်။ သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်၏။ အဘယ်ကြောင့် ထိုအစိတ်အပိုင်းကို ကြည့်မိလိမ့်မည်နည်း။ ထိုဆွေးနွေးခံရသောသူသည် ရှေးရိုးဆန်ဆန်ဟန်ပန်ကိုသာ ဝတ်စားဆင်ယင်ထားလျှင်တောင်မှ သူသည် ထိုပေါ်နေသော အသားအရေကို သိသိသာသာ ကြည့်ရန်မှာ မဖြစ်နိုင်ပေ။
“ထပ်ပြီးပြောရရင် ပါးနှစ်ဖက်လုံး နီရဲနေတာက တီဘီရောဂါသယ်တွေမှာ တွေ့ရများပါတယ်။ အထူးသဖြင့် နေ့လယ်ဘက် ပိုပြီး ပူတဲ့အချိန်တွေမှာပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကို အတိအကျ ရောဂါရှာဖွေဖော်ထုတ်ချင်တယ်ဆိုရင် တစ်ဖက်လူကို သူတို့ရဲ့ခန္ဓာကိုယ်မှာ အခြား နေရတာ မသက်သာတဲ့ နေရာတွေ ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာကို မေးဖို့ လိုပါသေးတယ်”
ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်သည်။
ကျင်ယွင်ကျောင်း ဖြေပြီးသွားသောအခါ ကန်ကျင်းချန်သည် တွင်းတစ်တွင်းရှာ၍ သူ့ကိုယ်သူ ဝင်ပုန်းချင်နေစိတ် ဖြစ်သွားမိ၏။
သို့ရာတွင် သူသည် သူ့ကိုယ်သူ အရှက်မခွဲချင်ပေ။ ထို့ကြောင့် သူသည် စိတ်ထဲတွင် လုံးဝမထားသယောင် ပြုမူနေပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
“ကျွန်တော် ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး အတွေး အရမ်းလွန်သွားတယ်။ ချူချူ၊ နင့်အလှည့်”
စူးချူက သူမ၏ ပြောင်ကောအား စိုက်ကြည့်လိုက်၏။ ထို့နောက် အဖိုးအိုအား ကြည့်၍ သူမ၏ လက်ထဲက ရုပ်ပုံအား ညွှန်ပြ၍ ဖြေလိုက်သည်။
“ဒီလူမှာ ထုလုံးရှည်ပုံသဏ္ဍာန် ရင်အုပ်ရှိတယ်။ သူ့ရဲ့နံရိုးတွေရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်မှာရှိတဲ့ လျှောဇောက်တွေက နံရိုးတွေကြားက ကျယ်ပြန့်နေတဲ့နေရာလွတ်နဲ့ အတူတူ မြင့်တက်နေတယ်။ ဒါကို ပန်းနာရင်ကြပ်၊ နာတာရှည် လေပြွန်ရောင်ရမ်းပြီးတော့ လေအိတ်ရောင်ရောဂါကို ဦးတည်နေတဲ့ လူနာတွေမှာ အများဆုံးတွေ့ရပါတယ်”
သူမ ပြောပြီးသည်နှင့် စူးချူသည် သူမအဖိုးဖြစ်သူ၏ အမူအယာအား ငိုချတော့မည့် ဟန်ပန်ဖြင့် ချောင်းကြည့်လိုက်သည်။
သူမ မှားသွားတာများ ဖြစ်နိုင်မလား။ သူမ၏အဖိုးသည် ဤကဲ့သို့ အလွန်ကြောက်စရာကောင်း၏။
အဖိုးအို၏ မျက်ဝန်းထဲမှ ခံစားမှုများ မှေးမှိန်သွားသည်က စူးချူအား နေမထိထိုင်မသာ ဖြစ်လာစေသည်။ သူမသည် စာရွက်ပေါ်မှ ဖောင်တိန်ကို ကြည့်နေ၍ သတိအနေအထားဖြင့် နေနေ၏။ ဖောင်တိန်၏ အမှတ်ပေးမှုပြီးဆုံးသွားသော အခိုက်တွင် စူးချူသည် ချက်ချင်း ထခုန်လိုက်တော့သည်။
“အရမ်းကောင်းတယ်။ ငါဖြေတာ မှန်တယ်။ ဝူး..ဝူး..ဒါ တအားခက်လွန်းတယ်၊ ကံကောင်းလို့ ငါ....”
ပြောရင်းတန်းလန်းဖြင့် သူမသည် တစ်ခုခုမှားနေသည် ရုတ်တရက် သတိထားမိသွားပြီး စာကြောင်းကို ချက်ချင်း ပြောင်းလိုက်၏။
“ကံကောင်းလို့ ကျွန်မ အလုပ်ကို ပုံမှန်ကြိုးစားပြီး စာကို ပြင်းပြင်းထန်ထန် လေ့လာလို့သာပေါ့”
သူမသည် မနေ့က ဤမေးခွန်းအား သူမ၏ စာအုပ်ထဲတွင် အပေါ်ယံ ဖတ်ကြည့်ခဲ့သည်။ ထိုအချိန်က သူမသည် အလွန်ပျင်းရိနေ၍ ထုလုံးရှည်ပုံ ရင်အုပ်ကို ကြည့်နေခဲ့၏။
ထို့နောက် သူမသည် ခဏမျှ စိတ်ကူးယဥ်မိသွားခဲ့သည်။ သို့မဟုတ်ပါက မည်သူက ဤသည်ကို ရည်ရွယ်ချက်ရှိရှိ ကျက်ထားလိမ့်မည်နည်း။
ဘာပဲဖြစ်ဖြစ် သူမသည် ဤမေးခွန်းကို မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့သည်။ အဖိုးလည်း ကျေနပ်ပျော်ရွှင်သွား၏။
သို့ရာတွင် သူ၏ မြေးဖြစ်သူနှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ သူသည် စိတ်ရှည်မှုမရှိတော့ပေ။ ကန်ကျင်းချန် ကိုယ်တိုင်သည်ပင် ဆက်၍ ထိုင်မနေနိုင်တော့ပေ။ စင်စစ် သူ့ထက် ပိုငယ်သော မိန်းကလေးနှစ်ယောက်လုံးသည် သူ့ထက် ပို၍ ကောင်းအောင် လုပ်နိုင်သည်။ သူသည် ဤအရှက်ကွဲမှုကို ဘယ်တော့မှ ဖြတ်ကျော်ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
“ဒုတိယမေးခွန်း။ ဒီဆေးအမျိုးအစားပေါင်း တစ်ရာရဲ့ ဆေးစွမ်းတွေကို ချရေးရမယ်”
အဖိုးအိုက စာမေးပွဲစာရွက်အထပ်လိုက် သုံးထပ်ကို ထုတ်ယူရင်း ပြောလိုက်သည်။
ဆေးပင်တွေကို နှိုင်ယှဥ်ရမည်လား။ ကန်ကျင်းချန်၏ မျက်လုံးများက တောက်ပသွားသည်။ ဤအပိုင်းသည် သူ အကျွမ်းကျင်ဆုံးဖြစ်၏။
စာမေးပွဲစာရွက်များကို အူယားဖားယား လက်ခံလိုက်ရင်း သူသည် ပို၍ စိတ်အားတက်ကြွလာခဲ့သည်။ ကျင်းယွင်ကျောင်းသည်လည်း စာရွက်များကို ယူရန် အချိန်ဖြုန်းမနေတော့ပဲ လှမ်းယူလိုက်၏။ သူမသည် စာရွက်ကို တစ်ချက်ကြည့်လိုက်ရင်း သူမ၏ နှလုံးသားထဲတွင် သေချာမှုအချို့ ရရှိလာ၏။
ကျောက်စိမ်းစာလိပ်ကို မဆိုထားနှင့်၊ မကောင်းဆိုးဝါးအိုကြီးဖြစ်သည့် အဖိုးရှု သူမကို ပေးသည့် အပတ်စဥ်အိမ်စာများသည်ပင် ဤသည်ထက် ပို၍ ရှုပ်ထွေးသည်။ အဖိုးရှု၏ စကားအရ ဆိုရပါလျှင် ဆေးပင်များ၏ ပုံပန်းသဏ္ဍာန်၊ အသက်အရွယ်နှင့်၊ အစွမ်းသတ္တိများကို မသိလျှင် ကိစ္စများကိုဆောင်ရွက်ရန် အဘယ်ကဲ့သို့ ယုံကြည်စိတ်ချရပါမည်နည်း။