Chapter 80
Viewers 14k

Chapter 80 : အရှုံးကို ဝန်ခံခြင်း


ပထမစာမေးပွဲနှင့် ယှဥ်ပါက ဤဒုတိယစာမေးပွဲသည် ကန်ကျင်းချန်နှင့် စူးချူအတွက် ပို၍ လွယ်ကူပေသည်။ သို့ရာတွင် ကန်စုန့်ပိုင်က ရည်ရွယ်ချက်ရှိရှိပင် ခက်ခဲမှုကို တိုးမြှင့်ထားလိုက်၏။ ထို့ကြောင့် မရင်းနှီးသော ဆေးပင်ပေါင်းတစ်ရာ ပါဝင်သော မေးခွန်းစာရွက်က သူတို့နှစ်ယောက်အား ဦးနှောက် အရည်ခမ်းအောင် ညှစ်ထုတ်နေသကဲ့သို့ပင်။


သို့သော် နှစ်ဦးသား အဖြေလွှာတစ်ဝက်ခန့် ဖြေဆိုပြီးစီးချိန်၌ ကျင်းယွင်ကျောင်းသည် ဘောပင်ကို ချထားလိုက်ပြီး ကန်စုန့်ပိုင်ဆီသို့ အဖြေလွှာစာရွက် ပြန်သွားအပ်သည်ကို မြင်လိုက်ရသည်။


ကန်ကျင်းချန်သည် အံ့သြဆွံ့အသွားရ၏။ ထပ်ပြီးတော့ သူမက ပြီးသွားပြန်ပြီလား။


သူမသည် ဘာကိုမှ မဖြေနိုင်တော့၍ အဖြေလွှာစာရွက်အလွတ်ကို သွားအပ်လိုက်သည်ရော မဖြစ်နိုင်ဘူးလား။


ထိုသို့ တွေးလိုက်ပြီးနောက် ကန်ကျင်းချန်သည် အနည်းငယ် စိတ်အေးသွားပြီး စာမေးပွဲ ဆက်ဖြေနေလိုက်သည်။ နောက်ဆုံး နာရီဝက်ခန့်ကြာပြီးနောက် သူ ဖြေဆိုပြီးစီးသွားသည်။ သို့သော် ကန်စုန့်ပိုင်သည်လည်း ကျင်းယွင်ကျောင်း၏ အဖြေလွှာကို စစ်ဆေးပြီးသွားပြီဖြစ်၏။ သူသည် သူမ၏ လက်ရေးလက်သားများမှာ လှပ၍ သပ်ရပ်လှသည်ကို တွေ့လိုက်ရသည်။ အဖိုးကန်သည် ကျင်းယွင်ကျောင်း၏ အဖြေလွှာပေါ်တွင် မည်သည့်အမှတ်ကိုမှ ချန်မထားခဲ့သော်လည်း ထိုအစား သူမ၏ ကိုယ်ပိုင် အမှတ်စာရင်းစာရွက်ထဲတွင် သူမအား အမှတ်တစ်ရာပေးလိုက်၏။


ကန်ကျင်းချန်၏ မျက်ဆန်အိမ်များမှာ ထွက်ကျလုမတက် ပြူးကျယ်သွားသည်။ သူသည် ချက်ချင်းပင် ကျင်းယွင်ကျောင်း၏ စာရွက်အား ဆွဲယူလိုက်၏။ ရေးသားထားသော အကြောင်းအရာများမှာ အလွန်ရှင်းလင်းလှသည်။


“နင် ဒါတွေကို ဘ...ဘယ်လိုများ ဖြေနိုင်တာလဲ။ ဒီဆေးပင်တွေအားလုံးက တွေ့ရခဲတယ်လေ”


ကန်ကျင်းချန်သည် သူ၏ မာနကိုပင် ဂရုမထားနိုင်တော့ပဲ အံအားသင့်နေသော အမူအယာဖြင့် မေးလာ၏။


ကျင်းယွင်ကျောင်းက အမှုမထားသကဲ့သို့ ဖြေလိုက်သည်။


“အရင်က လေ့လာဖူးတာပါ”


သူမတွင် နေရာလွတ်နယ်မြေရှိခြင်းသည် ဝှက်ဖဲနည်းလမ်းတစ်ခုပင်ဖြစ်၏။ ထိုအထဲသည် အပြင်ဘက်ထက် အချိန်ငါးဆပို၍ နှေးသည်။ သူမသည် များသောအားဖြင့် ညဘက်များတွင် နေရာလွတ်နယ်မြေထဲ၌ အနားယူလေ့ရှိ၏။ အပြင်ဘက်ရှိ တစ်ညက ထိုအထဲတွင် နှစ်ည အချိန်ဖြုန်းသည်နှင့် ညီမျှသည်။ အချိန်ကြာပုံမပေါ်သော်လည်း သူမသည် စာများကို မှတ်မိရန်ကြိုးစားနေသရွေ့ သူမ၏ မှတ်နိုင်စွမ်း ဥာဏ်ရည်ဥာဏ်သွေးသည်လည်း အမြင့်ဆုံးထက် ပို၍ မြင့်မားလာမည်ဖြစ်၏။


ကျင်းယွင်ကျောင်း၏ လက်ရေးမှာ သပ်ရပ်၍ ခံ့ညားသည်။ သူမ၏ စကားလုံးများမှာ ထင်ထင်ရှားရှား ကျက်သရေရှိရှိရေးသားထားပြီး မှန်ကန်တည်ငြိမ်မှုရှိသည်။ ၎င်းကို ကြည့်ရသည်မှာ နှစ်လိုဖွယ်ရှိ၏။


အတိတ်ဘဝတွင် သူမ၏ လက်ရေးသည် ယခုလောက် မကောင်း။ သို့ရာတွင် သူမ ကျောင်းထွက်ပြီးသည့်နောက် ညဘက် အိမ်သို့ ပြန်လာသည့်အခါတိုင်း ဘာမှလုပ်စရာမရှိပေ။ ထိုအခါ သူမသည် သူမ၏ နှလုံးသားထဲမှ မကျေနပ်ချက်များ သက်သာစေရန် လျှို့ဝှက်၍ လက်ရေးလှ လေ့ကျင့်တတ်သည်။ သူမ ထောင်ကျနေသော အချိန်အတောအတွင်းတွင်လည်း သူမသည် အချိန်အများစုကို လက်ရေးလှရေးခြင်း၌သာ အာရုံစိုက်ထား၍ ကုန်ဆုံးလေ့ရှိ၏။ ထို့ကြောင့် သူမ၏ လက်ရေးမှာ အနည်းငယ် အရိုင်းဆန်သော ခံစားချက်ကို ပေးသည်။ သူမ၏ ကိုယ်ပိုင်အလေ့အကျင့်များ၏ အလိုအလျောက် ရလဒ်တစ်ခုပင်။


အကယ်၍ ကန်ကျင်းချန်သည် ယခင်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့ပါက ယခုအချိန်တွင်တော့ သူသည် စိတ်ဓါတ်ကျနေပြီဖြစ်သည်။


သူသည် ဆေးပညာကို ငယ်စဥ်ကတည်းကပင် သင်ကြားခဲ့သော်လည်း မတောက်တခေါက် အဆင့်တွင်သာ ရှိသေး၏။ သူသည် ကျင်းယွင်ကျောင်းနှင့် မယှဥ်နိုင်ကြောင်းကို တွေးမိရန်မှာ...


“အဖိုး၊ အဖိုး ဆက်ပြီးတော့ စစ်ဆေးစရာ မလိုတော့ဘူး။ ကျွန်တော် ရှုံးတာ ဝန်ခံပါပြီ”


ထိုသို့ပြောပြီးနောက် သူသည် ထထွက်သွား၍ အခန်းထဲသို့ ပြန်ဝင်သွားကာ အခန်းတံခါးအား “ဘမ်း” ခနဲ အသံကျယ်ကျယ် မြည်အောင် ပိတ်လိုက်သည်။


“ဒီကလေးက တကယ်ကို စိတ်ထားတစ်မျိုးပဲ”


ကန်စုန့်ပိုင်က သူ၏ မုတ်ဆုတ်မွေးကို လိမ်လိုက်၏။ သူသည် ထိုသို့ ပြောလိုက်သော်လည်း သူသည် ယခင်ကထက်ပင် ပို၍ လန်းဆန်းတက်ကြွစွာ ခံစားနေရသည်။


“ယွင်ကျောင်း မိန်းကလေး၊ မင်း ဒီတနင်္ဂနွေနေ့မှာ အဖိုးနဲ့အတူ လူနာတစ်ယောက်ကို လိုက်ကြည့်ရမယ်။ အခြေခံတွေက အရေးကြီးပေမယ့် အတွေ့အကြုံက ပိုပြီး အရေးကြီးတယ်။ မင်းက ငယ်သေးတယ်။ ပြီးတော့ မင်းက အချိန်တိုင်း လေ့လာသင်ယူနေသင့်တယ်။ ဒါဆို မင်းရဲ့စွမ်းရည်တွေလည်း တိုးတက်လာလိမ့်မယ်”


“ကျွန်မ နားလည်ပါပြီ၊ အဖိုး”


ကျင်းယွင်ကျောင်းက တက်တက်ကြွကြွပင် ပူးပေါင်းလိုက်၏။


သူမသည် ဆေးပညာရပ်အား လေ့လာရသည်ကို အလွန်စိတ်ဝင်စားသည်။ အဖိုးက သူမအား အခွင့်အရေးတစ်ခု ပေးနေသည်ဖြစ်ရာ သူမက တန်ဖိုးထားရမည်မှာ သဘာဝပင်။


ဤတစ်ကြိမ် စာမေးပွဲ၏ ရည်ရွယ်ချက်မှာ သူ၏ မြေးအရင်းအား အံ့သြထိတ်လန့်သွားစေရန် ဖြစ်သည်။ ထို့ကြောင့် သူ၏ ရည်ရွယ်ချက် ပြီးမြောက်သွားပြီးနောက် ကန်ကျင်းချန်အား စကားအနည်းငယ်ပြောပြီး သွားခွင့်ပြုလိုက်ခြင်း ဖြစ်၏။


ထိုညတွင် ကန်ကျင်းချန်သည် အိပ်မပျော်ပေ။ ကျင်းယွင်ကျောင်းအပေါ် ထားရှိမိသည့် သူ၏ နိမ့်ကျသော စိတ်ထားကို တွေးလိုက်သောအခါ သူ၏ မျက်နှာသည် လောင်ကျွမ်းသွားလုမတတ် ပူလောင်သွားသည်ကို ခံစားလိုက်ရပြီး အနည်းငယ်လည်း နာကျင်နေ၏။ ထိုခံစားချက်ကို သူ နားမလည်နိုင်တော့ပေ။


ညီမဝမ်းကွဲဖြစ်သူ စူးချူသည် ပို၍ပင် ပုံကြီးချဲ့လိုက်သေးသည်။ သူမသည် ကျင်းယွင်ကျောင်းအား အိုင်ဒေါတစ်ယောက် အဆင့်သို့ပင် အများကြီး အဆင့်မြှင့်တင်ပစ်လိုက်တော့၏။


မနက်ခင်း တံခါးဖွင့်လိုက်သောအခါ ကျင်းယွင်ကျောင်းတစ်ယောက် ပုံမှန်ဆို အစောကြီးထွက်သွားလေ့ရှိသူ ကန်ကျင်းချန်က လုပ်စရာရှိသည်များအား ခပ်ဖြည်းဖြည်း လုပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများသည် ပုံမှန်အတိုင်းပင်၊ သူမအား အသိအမှတ်ပြုပုံမပေါ်သော်လည်း သူ၏ အမူအယာကမူ အနည်းငယ် ထူးခြားနေ၏။


“အမ်း...ကျောင်းကို အတူသွားကြရအောင်။ ငါတို့ လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် အိမ်စာတွေ စစ်ပေးလို့ရတယ်လေ”


ကန်ကျင်းချန်က အရေထူထူနှင့်ပင် ပြောလိုက်သည်။ သူ၏ အမူအယာမှာ မာနတရားများပြည့်ဝနေ၍ မျက်လုံးများက ဟိုဟိုဒီဒီ လျှောက်ကြည့်နေ၏။ သူသည် သူမအား မျက်နှာသာ ပေးနေသကဲ့သို့ပင် ပုံပေါ်နေသည်။


ကျင်းယွင်ကျောင်း၏ ပါးစပ်သည် တွန့်သွား၏။ သူမသည် တစ်ကျောင်းလုံး၏ အဆင့်တစ်ဖြစ်သည်။ သူမ၏ ပြီးစီးသွားသော အိမ်စာများသည် ဖတ်စာ,စာအုပ်များနှင့်ပင် နှိုင်းယှဥ်၍ရ၏။ ဆရာ၊ ဆရာမများသည် သူမ၏ အိမ်စာကို စစ်ရန် အချိန်သိပ်ယူလေ့မရှိဘဲ အတန်းထဲ၌ ဥပမာပြရန် သူမ၏ အိမ်စာကို မကြာခဏ သုံးလေ့ရှိသည်။ ဒါက တကယ်ပဲ စစ်ဆေးဖို့ လိုအပ်လို့လား။


သို့သော် ထိုမလောက်လေးမလောက်စားက ထိုသို့ပြောသည်နှင့် ကျင်းယွင်ကျောင်းသည်လည်း သူ့အား မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။


“ရတယ်လေ”


ထိုအခိုက်၌ ကန်ကျင်းချန်သည် သူ့ကိုယ်သူ ကိုယ့်ဒုက္ခကိုယ််ရှာမိသွားကြောင်း မသိခဲ့ပါချေ။


(T/N: 找虐 ဆိုတာ တရုတ်ဗန်းစကားတစ်ခုပါ၊ အခြားသူတွေက ကိုယ့်ကို အလွယ်တကူ ရိုက်သွား၊ ဆဲဆိုသွားနိုင်အောင် ကိုယ့်ကိုကိုယ် နေရာချထားမိတယ်လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာဆိုရိုးစကားအရဆို ကိုယ့်ဒုက္ခကိုယ််ရှာမိတယ်၊ ကိုယ့်သေတွင်းကိုယ်တူးမိသွားတယ်ဆိုတာမျိုးပါ။)