Chapter 81 : ကပ်ဘေးဒုက္ခသယ်ဆောင်သူ
ကျင်းယွင်ကျောင်း၏ အိမ်စာမှာ သပ်သပ်ရပ်ရပ် ရေးသားထားသောကြောင့် ၎င်းမှာ ပုံနှိပ်ထားသည်နှင့်ပင် တူနေသေး၏။ အစမှ အဆုံးထိလည်း အမှားတစ်လုံးမှ မရှိပေ။
ကန်ကျင်းချန်သည် ဆွံ့အသွား၏။ သူ၏ အဆင့်များမှာ တစ်ကျောင်းလုံးတွင် အတော်လေးမြင့်သော်လည်း ကျင်းယွင်ကျောင်း၏ အိမ်စာထဲမှ မေးခွန်းများကို နားမလည်ပေ။
အခြားတစ်ဖက်တွင်တော့ သူတို့သည် ကျောင်းဝင်ပေါက်ကိုပင် မရောက်သေးသော်လည်း ကျင်းယွင်ကျောင်းက သူ၏ အိမ်စာထဲမှ အမှားသုံးခုကို ရှာတွေ့ပြီးဖြစ်သည်။ သူသည် ရှက်စိတ်မွှန်ထူသွားခဲ့ပြီး သူ့ကိုယ်သူ ပြန်ရှင်းပြရန်ပင် ကြိုးစားနေခဲ့၏။ သူ၏ မျက်နှာနှင့် နားရွက်များသည် လောင်ကျွမ်းတော့မတတ် နီရဲတောက်လာ၏။
သူသည် ကျင်းယွင်ကျောင်း၏ တစ်ကျောင်းလုံး နံပါတ်တစ်ဆိုသော အဆင့်မှာ မထိုက်တန်သောအဆင့်ဟူ၍ အမြဲတမ်း ယုံကြည်ခဲ့သည်။ အထက်တန်း ပထမနှစ်၏ ပထမနှစ်ဝက် ဖြေဆိုအောင်မြင်ခဲ့စဥ်က သူတို့သည် အခြေခံများကိုသာ ဖြေဆိုယှဥ်ပြိုင်ခဲ့ရခြင်း ဖြစ်၏။ ယခင်က ဆရာဆရာမများက ကျင်းယွင်ကျောင်းအား သီးသန့်ချီးကျူးသောအခါများတွင် သူသည် အနည်းငယ် အထင်သေးသလို ခံစားခဲ့ရသည်။ သို့သော် မနေ့ညမှ ဒီနေ့မနက်အထိတိုင်အောင် သူမ၏ ရမှတ်များသည် မည်သူကိုမှ၊ မည်သည့်အရာကိုမှ ငြင်းဆိုခွင့်မပေးခဲ့ချေ။
(T/N : အမှတ်တွေက ယွင်ကျောင်း တကယ်တော်တယ်ဆိုတာကို မငြင်းနိုင်တော့လောက်အောင် ကောင်းလွန်းလို့ပါ။)
ကန်ကျင်းချန် စိတ်ဒုက္ခရောက်နေသည်ကို ခံစားမိသဖြင့် ကျင်းယွင်ကျောင်းသည် ကျေနပ်စွာပြုံးလိုက်၏။ သို့ရာတွင် သူမသည် ထုတ်ဖော်ပြသရန် စိတ်ကူးမရှိချေ။
သူမသည် သင်ခန်းစာများကို လေ့လာသည့်နေရာတွင် ဘယ်တုန်းကမှ ဥာဏ်ကြီးရှင်တစ်ယောက် မဟုတ်ခဲ့။ အတိတ်ဘဝ၌ သူမသည် သူမ၏ မိဘများထံမှ အသိအမှတ်ပြုခံရရန် ကြိုးစားခဲ့ပြီး နေ့စဥ် နေ့တိုင်း ညဘက် နောက်ကျသည်အထိ စာလေ့လာခဲ့သည်။ သူမ အိပ်လေ့ရှိသော နာရီအရေအတွက်ကို အလွယ်တကူပင် လက်ချိုးရေတွက်၍ရ၏။ ထို့အပြင် သူမ၏ အတန်းဖော် မည်သူတစ်ဦးတစ်ယောက်ကမှ သူမနှင့် အပေါင်းအသင်းမလုပ်သောကြောင့် သူမတွင် စာလေ့လာရန်အတွက် အားလပ်ချိန်များစွာရှိခဲ့သည်။ ထိုအခြေအနေများအောက်တွင် မျှော်လင့်ထားကဲ့သို့ပင် အဆင့်တစ်ရရှိခြင်း ဖြစ်၏။
ယခုဘဝ၌လည်း ထပ်တူပင်ဖြစ်သည်။ ပြန်လည်မွေးဖွားလာပြီးနောက်၌ပင် သူမ၌ အနားယူချိန်မရှိပေ။
ကျင်းယွင်ကျောင်း၏ ပုံပန်းသွင်ပြင်သည် အရပ်ရှည်၍ သွယ်လျသည်။ ကန်ကျင်းချန်သည်လည်း ကျောင်း၏ အချောဆုံး ယောက်ျားလေးများထဲမှ တစ်ယောက်ဖြစ်၏။ သူသည် သန့်ရှင်း တက်ကြွ၍ ရှက်သွေးဖြာသော အပြုံးတစ်ခုရှိသည်။ သူတို့နှင့်အတူ ချစ်စရာကလေးမလေး စူးချူလည်း ပါသည်ဖြစ်ရာ သူတို့သုံးယောက်တွဲသည် စိတ်ဝင်စားမှုများစွာ ရရှိနေတော့၏။
သူတို့သည် လမ်းခွဲရမည့်နေရာသို့ ရောက်သောအခါ ကန်ကျင်းချန်က ထိန်းမထားနိုင်တော့ပဲ မေးလာသည်။
"ကျင်းယွင်ကျောင်း၊ အရင်က ငါ နင့်ကို အထင်သေးခဲ့မိတယ်။ အဲဒီအတွက် ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် ငါ နင့်ကို အခြားသူတွေ နင့်အကြောင်းပြောကြတာနဲ့ ပတ်သတ်ပြီး မေးချင်တယ်။ သူတို့က နင်က အပြင်မှာ ရည်းစားတွေအများကြီး ရှိတယ်လို့ ပြောကြတယ်။ အဲဒါ အမှန်ပဲလား"
သူ ကျင်းယွင်ကျောင်းအပေါ် အကောင်းမမြင်ရသည့် အကြောင်းအရင်းမှာလည်း ဤကောလဟာလကြောင့်ပင်။ စူးချူ၏ အကျင့်စရိုက်မှာ နုံအ၍ အပြစ်ကင်းစင်သည်။ အကယ်၍ သူမသာ ကျင်းယွင်ကျောင်းနှင့် ပေါင်းပြီး ထိုအပြင်မှ အရူးကောင်များနှင့်ပါ ပတ်သတ်မိလျှင်ရော။ သူသည် ကျင်းယွင်ကျောင်းက သူ၏ ဝမ်းကွဲညီမလေး စူးချူအား မကောင်းသည့် လွှမ်းမိုးမှုဖြစ်မည်ကို ကြောက်မိ၏။
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထူးဆန်းသော အေးစက်စက် အမူအယာတစ်ခုက သူမ၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွား၏။
"အဲဒါက ဆိုင်လို့လား"
သူမသည် အမြဲတမ်း အခြားသူများက သူမအား မကောင်းပြောကြသည်ကို အသေးအဖွဲ့ဟူ၍သာ တွေးခဲ့သည်။ တစ်ခါတစ်ရံ သူတို့ပြောနေကြသော အကျင့်ပျက်သည့်လူမှာ သူမကိုယ်တိုင်ဖြစ်သည်ဆိုတာကိုပင် မေ့သွားတတ်၏။
"ဘာလို့ မဆိုင်ရမှာလဲ"
ကန်ကျင်းချန်၏ အမူအယာမှာ ချက်ချင်း ပြင်းထန်လာသည်။
"ငါ နင့်ကို မဆန့်ကျင်ပါဘူး။ ဒါပေမယ့် တကယ်လို့ ဒီကောလဟာလတွေကသာ အမှန်ဆိုရင် နင် စူးချူနဲ့ပေါင်းတဲ့အခါ သတိထားလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ သူ့ကို မလွှမ်းမိုးပါနဲ့။ ဒါပေမယ့် ကောလဟာလတွေက အမှားဆိုရင်တော့ နင် ဒါကို လူတိုင်းကို ရှင်းပြသင့်တယ်။ နင့်ရဲ့ ဂုဏ်သတင်းကို ဒီလိုဖျက်ဆီးခွင့်ပြုထားတာက ဘာများ ကောင်းနေလို့လဲ"
"ဒါဆို သူတို့က အမှားဖြစ်နေရင်ရော။ ငါ အရင်ကလည်း ကောလဟာလတွေကို တစ်ခါမှ မရှင်းခဲ့တာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဘာများ ပြောင်းလဲသွားလို့လဲ"
ကျင်းယွင်ကျောင်းက သာမန်ကာလျှံကာပင် တုံ့ပြန်လိုက်ပြီး အဝေးသို့ လျှောက်သွားတော့သည်။
ကောလဟာလအဟောင်းများကို ရှင်းပြီးသည့်နောက်တွင် အသစ်များက ထပ်ပေါ်လာလိမ့်မည်။ အကယ်၍ ချောင်ဟုန်ယဲ့က နောက်ကွယ်မှ ကြိုးကိုင်နေခြင်း မရှိလျှင်တောင်မှ ကျင်းယွင်ကျောင်းသည် ပြဿနာတစ်စုံတစ်ခုတွင် ပါဝင်ပတ်သတ်နေသရွေ့ ကောလဟာလများက စတင်လာမည်ဖြစ်သည်။ ဤသည်မှာ သူမ နေသားကျနေပြီဖြစ်သော အရာပင်။
ဥပမာအနေဖြင့် ကျောင်းက သူမအား လမ်းသရဲများဖြစ်ရပ်နှင့် ပတ်သတ်ပြီး ကူညီဖြေရှင်းပေးပြီးနောက် သူမ၏ အတန်းဖော်များ၏ သူမအပေါ်အမြင်များက များစွာ ပြောင်းလဲသွားခဲ့သည်။ မမျှော်လင့်ဘဲ လုကျား၏ ဝမ်းကွဲများနှင့် ဖြစ်ရပ်က ပေါ်ထွက်လာခဲ့ရာ လူတိုင်းက သူမအား ပလိပ်ရောဂါကဲ့သို့ ထပ်မံရှောင်ရှားကြပြန်၏။ ထို့အတူပင် လွန်ခဲ့သော ရက်အနည်းငယ်က ယန်ထျန်းထျန်းနှင့် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပြန်သည်။ သူမက မှားမနေသော်လည်း လူများက သူမအား ပြဿနာများနှင့် ချည်နှောင်နေကြ၏။
မကြာသေးမီက လူများသည် သူမ၏ နောက်ကွယ်တွင် သူမအား ကပ်ဘေးအန္တရာယ် သယ်ဆောင်သူဟု ခေါ်နေကြသည်။ သူမသည် ထိုကိစ္စကို မသိသေးပေ။
ကျင်းယွင်ကျောင်း အဝေးသို့ ထွက်သွားသည်က ကန်ကျင်းချန်၏ နှလုံးသားအား အနှောက်အယှက် ဖြစ်သွားစေသော်လည်း သူသည် သူ စကားပြောမှားသွားသည်ဟု မထင်မိပေ။ သူက နှုတ်ခမ်း ကိုက်လိုက်ပြီး သူ၏ စာသင်ခန်းရှိရာသို့ ဦးတည်လိုက်တော့သည်။
"မမ၊ နင် ကန်ကျင်းချန်နဲ့အတူတူ ကျောင်းလာတာလား"
ကျင်းယွင်ကျောင်းသည် စာသင်ခန်းတံခါးကို မဖြတ်ရသေးမီမှာပင် သူမ၏ လက်မောင်းကို အဆွဲခံလိုက်ရ၏။ သူမ လှည့်ကြည့်လိုက်ရာ ထိုချောင်ဟုန်ယဲ့၏ စဥ်းစားဥာဏ်ရှိ၍ ကြင်နာတတ်သောမျက်နှာအား တွေ့လိုက်ရသည်။