Chapter 83
Viewers 14k

Chapter 83 : ကြမ်းတမ်းလွန်းတယ်


ကျင်းယွင်ကျောင်းက သူမ၏လက်ကို ခါလိုက်သည်။ သူမ၏ မှုန်ကုပ်ကုပ်သွင်ပြင်သည် အနည်းငယ် ကြောက်စရာကောင်းနေ၏။ ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်စွန်းများက ကွေးညွတ်သွား၍ အေးစက်စက် ပြုံးလိုက်သည်။ သူမသည် အံကြိတ်၍ သွားကြားမှထွက်လာသော လေသံဖြင့် ပြောလာ၏။


"အို...တဆိတ်လောက်၊ ငါ စိတ်မထိန်းနိုင်ဘဲနဲ့ နင့်ကို မတော်တဆ ပါးရိုက်မိသွားတယ်။ ဆောရီးနော်။ ငါ ထပ်မရိုက်တော့ပါဘူး။ ဒါကရော အဆင်ပြေတယ်လို့ နင်ထင်လား"


ချောင်ဟုန်ယဲ့သည် သူမ၏ မဟုတ်မမှန်စကားများကို ပြောဆိုပြီးသည့်အခါတိုင်း ဘာမှမသိနားမလည်၍ လုပ်မိဟန်ဖြင့် တောင်းပန်သည့်ပုံစံ အမြဲဖမ်းလေ့ရှိသည်။ အကယ်၍ ကျင်းယွင်ကျောင်းကသာ သူမအား ခွင့်မလွှတ်ပါက ကျင်းယွင်ကျောင်းသည် သဘောထားသေးသိမ်သည့် ပုံပေါက်သွားလိမ့်မည်ပင်။ ထို့အပြင် ချောင်ဟုန်ယဲ့သည် သူမ၏ အမေ ယဲ့ချင်၏ ကျောထောက်နောက်ခံရှိသောအခါ၌ ပို၍ပင် အရှက်မရှိ၊ စည်းမရှိ ဖြစ်လာတတ်သည်။ သို့သော် ကျင်းယွင်ကျောင်းသည် ယခင်က ကျင်းယွင်ကျောင်း မဟုတ်တော့ပေ။


ချောင်ဟုန်ယဲ့၏ မျက်လုံးများက ပြူးကျယ်သွားပြီး မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။


"နင် ငါ့ကို ဘ...ဘယ်လို ရိုက်ရက်တာလဲ"


"တကယ်လို့ နင်တောင် နေရာတိုင်းမှာ ကောလဟာလတွေ ဖြန့်နိုင်သေးရင် ငါက ဘာလို့ နင့်ကို သင်ခန်းစာတစ်ခု မပေးနိုင်ရမှာလဲ။ ဒီရိုက်ချက်က နင့်ကို ခဏလေးပဲ နာကျင်စေတာ။ နင့်ရဲ့ စကားလုံးတွေက ငါ့ကို ဘယ်လောက်ဒုက္ခရောက်စေလဲဆိုတာ နင်ကိုယ်တိုင် သိသင့်တယ်။ ချောင်ဟုန်ယဲ့၊ အတိတ်တုန်းက ငါက နင့်ကို သည်းခံခဲ့တယ်ဆိုတာက အနာဂတ်မှာလည်း ငါက နင့်ကို လုပ်ချင်တာ လုပ်ခွင့်ပြုထားမယ်လို့ မဆိုလိုဘူးနော်။ ဒီနေ့က ပါးရိုက်ချက် တစ်ချက်ပဲရှိသေးတယ်၊ ဒါပေမယ့် နောက်ထပ် နင့်ပါးစပ်က မကောင်းတာတစ်ခုခု ထပ်ထွက်လာတာကို ငါကြားရင် နင့်ကို လွယ်လွယ် အလွတ်ပေးမှာ မဟုတ်ဘူး"


ကျင်းယွင်ကျောင်းက သူမ၏ စကားဆုံးသည်နှင့် ထိုမိန်းကလေးအုပ်စုမှ ဝေးရာသို့ လျှောက်သွားတော့သည်။ သူမ၏ နောက်ကျောပြင်၏ အေးစက်စက် မြင်ကွင်းက အခြားသူများအား အကြောက်တရားများ နိုးထလာစေ၏။


သူတို့အားလုံးသည် သက်တူရွယ်တူများဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် သူတို့နှင့် မတူကြောင်း သူတို့ လက်ခံလိုက်ရလေသည်။


ယခင်က ကျင်းယွင်ကျောင်းသည် မချဥ်းကပ်နိုင်သော အရှိန်အဝါရှိ၍ သူမသည် အမြဲတမ်း အပယ်ခံတစ်ယောက် ဖြစ်ခဲ့၏။ သို့ရာတွင် မကြာသေးမီက သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းကို ထုတ်ပြတတ်သူတစ်ယောက်ဖြစ်လာပြီး ပြင်းပြသည့် ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုလည်း ပိုင်ဆိုင်လာသည်။ များသောအားဖြင့် သူမ၏ တည်ရှိမှုမှာ အမှုမဲ့အမှတ်မဲ့သာဖြစ်၏။ သူမသည် သူမ၏ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် စာလေ့လာခြင်း သို့မဟုတ် စာဖတ်ခြင်းတို့နှင့်သာ အံဝင်ခွင်ကျဖြစ်လိမ့်မည်။ သို့ရာတွင် အခြားအချိန်များ၌ သူမ၏ ကန့်သတ်ချက်ကို ထိပါးမိသည်နှင့် သူမသည် မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲလိမ့်မည်သာ။ သူမ၏ မျက်လုံးများမှာ မုန်းတီးမှုများဖြင့် ပြည့်နေပြီး မယုံကြည်နိုင်လောက်အောင် အေးစက်သွားမည်ဖြစ်သည်။


ချောင်ဟုန်ယဲ့က စာသင်ခန်း၏ တံခါးအပြင်ဘက်တွင် ရပ်နေဆဲပင်။ သူမ၏ နှုတ်ခမ်းများက နီရဲနေအောင် အကိုက်ခံရပြီး မျက်လုံးများက ဖောင်းကားနေကာ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေသည်။


ဘေးရှိ မိန်းကလေးအနည်းစုက သူမအား နှစ်သိမ့်ရန် ကြိုးစားနေကြသော်လည်း ဘာပြောရမှန်း မသိကြပေ။


ကျင်းယွင်ကျောင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိဟု သူတို့ပြောသင့်သလော။ သို့ရာတွင် ချိန်းတွေ့ခြင်းအား ကျောင်းက ကြီးလေးသော ပြစ်မှုဟု သတ်မှတ်ထားသောကြောင့် သူမသည် ချောင်ဟုန်ယဲ့အား မဆင်မခြင် လျှောက်ပြောနေခြင်းကို ရပ်တန့်စေလိုခြင်းသာ ဖြစ်သည်။ အကယ်၍ ဆရာဆရာမများ သိသွားပါက သူတို့သည် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။


ကျင်းယွင်ကျောင်းသည် ကြမ်းတမ်းလွန်းသည်ဟု သူတို့ပြောသင့်သလော။ သူမသည် အနည်းငယ် .... ... သို့သော် သူတို့သည် ၎င်းစကားလုံးကို မပြောရဲပေ။


ချောင်ဟုန်ယဲ့အား ကြည့်ရသည်မှာ အလွန်သနားစရာကောင်း၏။ သူမ၏ မျက်ရည်များသည် ယောက်ျားလေးများ၏ နှလုံးသားအား နာကျင်စေသည်။ သူတို့သည် ချောင်ဟုန်ယဲ့အတွက် လက်စားချေပေးချင်ကြ၍ ကျင်းယွင်ကျောင်းအား သင်ခန်းစာတစ်ခု ပေးချင်ကြ၏။


အမှန်တကယ်မှာ ထိုကိစ္စသည် အဆိုပါ အခြေအနေဖြစ်နေသော နေရာသို့ လျှောက်လာသော ကျန်ရှအတွက်သာ ဖြစ်ပြီး သူသည် ချောင်ဟုန်ယဲ့၏ သနားစဖွယ်သွင်ပြင်အား တွေ့မြင်သွားခဲ့ခြင်းဖြစ်သည်။ သူ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။


"ချ...ချောင်ဟုန်ယဲ့၊ နင် ဘာလို့ ငိုနေတာလဲ။ ဘယ်သူ နင့်ကို အနိုင်ကျင့်တာလဲ ငါ့ကိုပြော။ ငါ သူတို့ကို သင်ခန်းစာပေးဖို့ နင့်ကို ကူညီပေးမယ်"


ချောင်ဟုန်ယဲ့သည် သူ၏ နတ်ဘုရားမလေးဖြစ်သည်။ သူမသည် ပြုံးလိုက်သည့်အခါတိုင်း အလွန်ချစ်စရာကောင်း၍ ကြင်နာတတ်လွန်းလှသည်။ သူမကို အနိုင်ကျင့်ရလောက်အောင် ကန်းနေတဲ့သူ ဒီနေရာမှာ ဘယ်လိုများရှိနေတာလဲ။


သူမသည် ရှိုက်ကြီးတငင် ငိုကြွေးနေ၏။ သူမ အခွင့်ကောင်းများ အယူခံရတာလား။


ချောင်ဟုန်ယဲ့က ခေါင်းကို ယမ်းလိုက်သည်။ သူမသည် ဤ ကျန်ရှ အပေါ် အနည်းငယ် အထင်ကြီးမိ၏။


သူမသည် သူ့အား အေခန်း၏ အတန်းခေါင်းဆောင်ဟု သိထားသည်။ သူသည် ကန်ကျင်းချန်ကဲ့သို့ နာမည်မကြီးလျှင်တောင်မှ အတော်လေး ကြည့်ကောင်းနေဆဲပင်။ မိန်းကလေးများစွာက သူ့အား ကြိုက်ကြသည်။ တစ်ခါတစ်ရံ သူတို့သည် အပြန်အလှန် နှုတ်ခွန်းဆက်တတ်ကြ၍ မကြာခဏဆိုသလို သာမန်မေးထူးခေါ်ပြော အပြန်အလှန် စကားပြောဖြစ်ကြ၏။


"နင် ဘာလို့ ခေါင်းယမ်းနေတာလဲ။ ဆရာမတစ်ယောက်က ဆူလို့လား။ ဒါပေမယ့် အတန်းချိန်မှ မစသေးတာ"


မိန်းကလေးတစ်ယောက်၏ နှလုံးသားအား ကျန်ရှ ဘယ်လို နားလည်ရမည်နည်း။


ချောင်ဟုန်ယဲ့၏ ဘေးတွင် ယောက်ျားလေးများနှင့် မိန်းကလေးများစွာ အဖော်အဖြစ် ရှိနေကြသည်။ သူတို့သည် ချောင်ဟုန်ယဲ့၏ သနားစရာကောင်း၍ အနိုင်ကျင့်ခံရသောပုံစံကို မြင်သောအခါ ချက်ချင်းပြောလိုက်ကြ၏။


"အားလုံးက နင်တို့အတန်းက ကျင်းယွင်ကျောင်းကြောင့်ပဲ။ ဟုန်ယဲ့က ကျင်းယွင်ကျောင်းကို သူနဲ့ကန်ကျင်းချန်က ချိန်းတွေ့နေတာလားလို့ မေးမိရုံလေးနဲ့ သူက ဟုန်ယဲ့ကို ပါးရိုက်သွားတာ။ ပြီးတော့ ဟုန်ယဲ့ရဲ့မျက်နှာကို ကြည့်ပါဦး။ လုံးဝ နီရဲတောက်နေတာပဲ"