Chapter 84 : ငါ့ကို မထိနဲ့
ကျန်ရှ၏ နှလုံးသားက ကျယ်လောင်စွာ မြည်ဟီးသွား၏။ ချောင်ဟုန်ယဲ့အား ကြည့်နေကျ သူ၏ မျက်လုံးများက တွေဝေသွား၍ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွား၏။
ကျင်းယွင်ကျောင်းက သူမကို ရိုက်သွားသည်တဲ့လား။ သူတို့က ညီအစ်မတွေ မဟုတ်ဘူးလား။
ကျန်ရှသည် ကျင်းယွင်ကျောင်းက အမှန်တကယ်ပင် အသိဥာဏ်မရှိ၍ သူမ၏ ညီမဖြစ်သူ ချောင်ဟုန်ယဲ့အပေါ်တွင် ဆိုးဆိုးဝါးဝါး ဆက်ဆံသည်ဟု မှတ်ယူလျှင်တောင်မှ သူသည် ကျင်းယွင်ကျောင်းက ချောင်မိသားစုအပေါ် အကြွေးတင်နေသည်ဟု ယုံကြည်နေဆဲပင်။ ချောင်ဟုန်ယဲ့နှင့် မရင်းနှီးသော်လည်း ကျင်းယွင်ကျောင်းသည် များသောအားဖြင့် သူမ၏ ညီမဖြစ်သူနှင့် စကားများရန်ဖြစ်ခြင်းမရှိသေးပေ။ သို့သော် တကယ်တမ်း ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ကျန်ရှသည် မသက်မသာ ခံစားလိုက်ရသည်။ သူသည် ကျင်းယွင်ကျောင်းထံမှ အရိုက်ခံရပြီးကတည်းက ကျင်းယွင်ကျောင်းအား ကြောက်ရွံ့စွာဖြင့် ရှောင်ရှားလေ့ရှိ၏။ သူက သူမအား သူ၏ ကိုယ်ပိုင်အသိစိတ်ဖြင့် မည်သို့ ချဥ်းကပ်ရဲပါမည်နည်း။
သို့သော် သူ၏ရှေ့တွင် အလွန်သနားစဖွယ်ကောင်းစွာ ငိုကြွေးနေသော ချောင်ဟုန်ယဲ့အား ကြည့်ရင်း သူ၏ နှလုံးသားက တင်းကြပ်လာသည်။ အကယ်၍ သူသည် ကျင်းယွင်ကျောင်းအား မချဥ်းကပ်ဘဲ ကိစ္စများကို အစီအစဥ်မချရဲပါက ချောင်ဟုန်ယဲ့က သူ့အား အလွန်စိတ်ပျက်သွားလိမ့်မည် မဟုတ်လား။
ကျန်ရှသည် သူတစ်ကိုယ်တည်း အပြန်အလှန် အချေအတင်ဖြစ်နေသော်လည်း ချောင်ဟုန်ယဲ့က ထိုယောက်ျားလေးအား အထင်သေးနေပြီး အတော်လေး စိတ်ပျက်နေ၏။
သူမသည် မျက်ကန်းမဟုတ်ပေ။ ဤလူသည် ယခင်က သူမအား ခင်မင်လိုသော သူ၏ ရည်ရွယ်ချက်များကို အကြိမ်များစွာ ထုတ်ဖော်ပြသခဲ့သည်။ သူ့တွင် သူငယ်ချင်းဖြစ်ချင်ရုံက လွဲ၍ အခြားနည်းလမ်းမရှိပေ။ သူသည် သူမအား ကြိုက်နေသည်မှာ အသေအချာပင်။ ကျန်ရှကဲ့သို့သော မိန်းကလေးများစွာ၏ အချစ်ကို ခံရသူက သူမအား များစွာအလေးပေး ဂရုစိုက်လာအောင် လုပ်နိုင်သဖြင့် သူမ ဂုဏ်ယူနေမိသည်မှာ သဘာဝပင်။ သို့ရာတွင် ယခုအချိန်၌ သူမသည် သူမ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုအား ယုံကြည်မှုရှိနေသော်လည်း ကျန်ရှကို အလွန်အမင်း စိတ်ပျက်နေဆဲပင်။
ကျန်ရှအား ကြိုက်နေကြသော မိန်းကလေးများ၏ မျက်လုံးများသည် တစ်ခုခုများ မှားနေကြသလော။ သူသည် ရုပ်ချောကောင်းချောနိုင်သော်လည်း အသုံးမကျသည့် ငဖျင်းတစ်ယောက်သာဖြစ်သည်။ သူသည် မိန်းမတစ်ယောက်အတွက်ပင် ရပ်တည်မပေးနိုင်ပေ။ သူသည် ယောက်ျားတစ်ယောက်ဖြစ်ရန် အရည်အချင်းမပြည့်မီရုံသာမက အသုံးမကျသည့် အမှိုက်တစ်စထက်ပင် ပိုသေးသည်။
"နင့်ရဲ့မျက်နှာက အ...အဆင်ပြေရဲ့လား"
ကျန်ရှသည် ခဏမျှကြာအောင် သူ့ကိုယ်သူ ရုန်းကန်နေပြီးနောက် တစ်ခုခု ပြောလိုက်နိုင်၏။ သို့သော် သူသည် သင့်လျော်သောစကားကိုမူ မပြောခဲ့ချေ။
ချောင်ဟုန်ယဲ့၏ နှလုံးသားသည် မွန်းကြပ်သွား၏။ သူမသည် ယခင်ကထက်ပင် ပို၍ သည်းသည်းထန်ထန် ငိုကြွေးလိုက်သည်။ ကျန်ရှသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။
"နင် ငါ့ကို လိမ်းဆေးသွားဝယ်စေချင်လား"
ချောင်ဟုန်ယဲ့သည် သူမ၏ စိတ်ထဲတွင် အကြိမ်များစွာ မရေမတွက်နိုင်အောင် မျက်ဖြူလှန်ပြနေမိသည်။ သူမသည် ဤအရူးကောင်အား အဆောက်အဦးအောက်သို့ ပစ်ချပစ်လိုက်ချင်၏။
ချောင်ဟုန်ယဲ့သည် မူလက နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူမအတွက် ရပ်တည်ပေးဖို့ ဆန္ဒရှိနေမည်ဟု ထင်ထားခဲ့သော်လည်း သူမသည် ဤကဲ့သို့ အသုံးမကျသည့် ငဖျင်းတစ်ကောင် ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
သူမသည် အချိန်အတော်ကြာ ငိုကြွေးပြီးဖြစ်၏။ အကယ်၍ သူမသာ ဆက်ငိုနေလျှင် ကျင်းယွင်ကျောင်းအား အပြစ်တင်မည့်သူများ မတိုးလာရုံသာမက သူမကိုပါ လူညာတစ်ယောက်အဖြစ် စတင်၍ ပြောလာကြတော့မည်ဖြစ်သည်။ ထို့ကြောင့် သူမ၏ အငိုသရုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်ရ၏။ သူမသည် မျက်ရည်များကိုသာ သုတ်လိုက်နိုင်၍ အတန်းသို့ ပြန်ရန် ဟန်ပြင်လိုက်သည်။
"မသွားပါသေးနဲ့ဦး၊ ချောင်ဟုန်ယဲ့။ ငါ နင့်ကို ဆေးရုံကို ခေါ်သွားသင့်တယ်လို့ ထင်တယ်။ တကယ်တော့ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာက သူတို့အတွက် အရေးအကြီးဆုံးအရာပဲလေ"
ဤသည်မှာ သူ၏ ရည်ရွယ်သူလေးဖြစ်၏။ ကျန်ရှက ချောင်ဟုန်ယဲ့ စိတ်အားငယ်နေသည်အား မည်သို့ ထားခဲ့ရက်ပါမည်နည်း။ သူသည် သူ၏ နတ်ဘုရားမလေးအား နှစ်သိမ့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ချောင်ဟုန်ယဲ့သည် သူ့အား စိုက်မကြည့်ဘဲ မနေနိုင်တော့ချေ။ သူမ၏ မကျေမနပ်ဖြစ်နေမှုမှာ အနည်းငယ် လျော့နည်းသွား၏။ ထိုအစား သူမသည် အီစီကလီအမူအယာဖြင့် ကြည့်လိုက်ရင်း ညည်းညူလိုက်သည်။
"နင် ဂရုစိုက်ဖို့ မလိုပါဘူးဟာ"
ကျန်ရှ၏ နှလုံးသားက ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။
"ဘယ်ဟုတ်ပါ့မလဲ။ နင်က ငါတို့အတန်းရဲ့အပြင်ဘက်မှာ ဒဏ်ရာရတာလေ။ ငါ့ရဲ့အတန်းဖော်တွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်တာ အားလုံးက ငါ့အပြစ်တွေပါ။ ငါ နင့်အတွက် တာဝန်ယူပေးမယ်။ ဆေးရုံကို သွားကြစို့။ နင့်ရဲ့မျက်နှာက ယောင်တောင် ယောင်နေပြီ။ ငါတို့ ဒီအတိုင်းထားလိုက်ရင် ကြည့်ရဆိုးသွားလိမ့်မယ်"
ကန်ရှသည် စကားပြောရင်း သူ၏ လက်များက မသင့်မလျော်ပြုမူလာသည်။ သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ချောင်ဟုန်ယဲ့၏ မျက်နှာဆီသို့ လက်လှမ်းလိုက်၏။
သူ၏ အေးစက်သော လက်ဖျားများက သူမအား ထိလိုက်သည်နှင့် ချောင်ဟုန်ယဲ့၏ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
"ငါ့ကို မထိနဲ့"
ဒီကျန်ရှက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ၊ ဟုတ်တယ်မလား။ သူက သူတို့နှစ်ယောက်ကြားမှာ ကောလဟာလအချို့ စစေချင်နေတာလား။
ချောင်ဟုန်ယဲ့သည် လူအများ၏ နောက်ကွယ်တွင် ကောလဟာလများ ဖြန့်ခြင်းကို လုပ်နေကျ အတွေ့အကြုံရှိသောကြောင့် သူမကိုယ်တိုင်ကမူ ကောလဟာလဖြစ်စေမည့်အရာများကို ရှောင်ရှားခြင်းက သဘာဝပင်။ သူမသည် ယောက်ျားလေးများစွာနှင့် ခင်မင်ရင်းနှီး၍ သူမအား လိုက်ကြိုက်နေသည့် လူများစွာရှိသော်လည်း သူမသည် လူမြင်ကွင်း၌ရှိနေစဥ်တွင် အခြားသူများနှင့် မည်သည့်ရင်းနှီးသော အပြန်အလှန် ဆက်ဆံခြင်းကိုမဆို ဘယ်သောအခါမှ လုပ်လိမ့်မည်မဟုတ်ပေ။ ကျန်ရှ လုပ်လိုက်သည်က သူမ၏ အရေးအကြီးဆုံးစည်းကို ထိပါးမိသွားသည်မှာ အသိအသာပင်။
"ငါပြောချင်တာက ငါ့ရဲ့မျက်နှာက နာနေသေးတယ်၊ ဒါကြောင့် မထိနဲ့လို့။ ပြီးတော့ နင် ငါ့ကို ဆေးရုံလိုက်ပို့ဖို့လည်း မလိုပါဘူး"
ချောင်ဟုန်ယဲ့က အသက်ပြင်းပြင်း ရှုသွင်းလိုက်ရင်း စိတ်ထိန်းကာ ပြောလိုက်သည်။
ကျန်ရှသည် ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသူဖြစ်၏။ သူသည် သူက ချောင်ဟုန်ယဲ့အတွက် ဒုက္ခဖြစ်နေသည်ဟု မည်သို့ တွေးမိလိမ့်မည်နည်း။ ထိုအစား သူက ချောင်ဟုန်ယဲ့သည် ကြင်နာတတ်လွန်း၊ သိတတ်လွန်းသည်ဟု တွေးလိုက်သည်။ သူမသည် သူ့အား ဒုက္ခမဖြစ်စေလိုသဖြင့် အလွန် အလေးပေးနေခြင်းဖြစ်သည်ပင်။
သို့ရာတွင် သူသည် ချောင်ဟုန်ယဲ့အား ဆေးရုံလိုက်ပို့ပေးမည့် အကြောင်းကို တွေးလိုက်သောအခါ သူသည် သူ၏ ရည်ရွယ်သူလေးအား ဂရုစိုက်ပေးနိုင်ရုံသာမက သူမနှင့်အတူ နှစ်ယောက်တည်းနေရမည့်အချိန်အချို့ ရလိမ့်မည်ံဖြစ်သောကြောင့် သူ၏မျက်လုံးများမှာ တောက်ပသွားလေတော့သည်။