Chapter 85 : ရူးသွပ်သွားသည်အထိ ငွေအကြောင်းကို တွေးခြင်း
ကျန်ရှသည် ရည်ရွယ်ချက်ကြီးသည့် အတ္တပေမဝါဒီတစ်ယောက် ဖြစ်သည်။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းကဲ့သို့သော အနှောက်အယှက်များသာ မရှိပါက သူသည် စိတ်ဆုံးဖြတ်လိုက်သည်နှင့် ကိစ္စများကို အဆုံးထိတိုင်အောင် လုပ်မည့်သူဖြစ်၏။
ထို့ကြောင့် ချောင်ဟုန်ယဲ့က သူ့အား ငြင်းပယ်လေလေ၊ သူက တစ်လက်မရပြီးလျှင် တစ်ပေလိုချင်လေလေ ဖြစ်သည်။ (ချောင်ဟုန်ယဲ့ကို အခွင့်အရေးယူတာပါ။)
မမျှော်လင့်ဘဲ ချောင်ဟုန်ယဲ့သည် လူမြင်ကွင်းတွင် ကြမ်းကြမ်းတမ်းတမ်း မပြုမူရန် ဆုံးဖြတ်ခဲ့၏။
ယခုအချိန်၌ သူမ၏ ထိုငြင်သာသော အသံသည် လုံးဝ အသုံးမဝင်တော့။
သူတို့နှစ်ယောက်သည် အချိန်ခဏမျှကြာအောင် ဆွဲလားရမ်းလားဖြစ်နေပြီးနောက် ကျန်ရှသည် အထွေထွေရုံးခန်းသို့ အလောတကြီးသွားရန် ဆုံးဖြတ်လိုက်၍ ချောင်ဟုန်ယဲ့အစား ခွင့်တစ်ရက် ယူပေးခဲ့သည်။ ကိစ္စများ ပရမ်းပတာဖြစ်သွားလေရာ ချောင်ဟုန်ယဲ့သည် ရွေးခြယ်စရာမရှိတော့ဘဲ အလျော့ပေးလိုက်ရတော့သည်။ သို့ရာတွင် သူမသည် စိတ်ထဲ၌ ကျန်ရှအား အလွန်ဒေါသထွက်နေ၏။
လူအုပ်ကြီး၏ မျက်လုံးများက ကန်းမနေပေ။ သူမ၏ မျက်နှာသည် အနည်းငယ် နီရဲနေသည်။ ကျောင်းမှ ဤမျက်နှာဖြင့် ထွက်လာခဲ့၍ သူမ တစ်ကိုယ်တည်း လမ်းလျှောက်သွားလျှင်တောင်မှ လူများက သူမသည် ပိုလွန်းနေသည်ဟု တွေးကြလိမ့်မည်ပင်။
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည် အပြင်မှ ဖြစ်ပျက်နေသော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားသိနေရသည်။ သူမ အနည်းငယ် မပျော်သွားခဲ့၏။
အတိတ်ဘဝ၌ ချောင်ဟုန်ယဲ့က ကျန်ရှကို သူမအား စိတ်အားထက်ထက်သန်သန်ဖြင့် လူပျိုလှည့်စေခဲ့သည်။ ကံကောင်း၍ သူမက ၎င်းကို လက်မခံခဲ့ပေ။ သို့မဟုတ်ပါက သူမ ပြန်လည်မွေးဖွားလာလျှင်တောင် ကျန်ရှအား မြင်သည်နှင့် သူမ၏ ရင်ထဲမှ သေလောက်အောင် အော်ဂလီဆန်လာလိမ့်မည်ဖြစ်သည်။ ထို့အပြင် ချောင်ဟုန်ယဲ့နှင့် ကျန်ရှအတူရှိနေသည်အား ကြည့်လိုက်လျှင် တစ်ယောက်က အတ္တပေမဝါဒီဖြစ်၍ တစ်ယောက်က ကြောင်သူတော်ဖြစ်၏။ သူတို့သည် ကောင်းကင်ဘုံမှ တွဲဖက်ပေးလိုက်သော မိတ်ဖက်များ ဖြစ်သည်မှာ အသေအချာပင်။
ချောင်ဟုန်ယဲ့သည် ဤမတရားမှုကို ခံစားနေရသည်။ သူမသည် ပါးရိုက်ခံရရုံနှင့် လုံလောက်ပြီဖြစ်သော်ငြား ၎င်းနောက်တွင်လည်း ကိစ္စများက မပြီးဆုံးသေးဘဲ သူမသည် ဆေးရုံသို့ ဆွဲခေါ်သွားခံရပြန်၏။
ထိုကဲ့သို့ ကျန်ရှသည် သူမနှင့် အဖော်လိုက်လာ၍ တစ်ချိန်လုံး တွယ်ကပ်နေရုံသာမက ဆေးရုံရှိ ဆရာဝန်များအားလုံးကလည်း သူမအား နှစ်ခါပြန် ကြည့်ကြပြန်သည်။ သူမသည် အလွန်အမင်း အရှက်ရနေလေ၏။
ချောင်ဟုန်ယဲ့သည် ကျန်ရှ၏ စရိုက်အား မဆိုးဟု ယခင်က အမှန်တကယ်ပင် ထင်မိခဲ့သည်။ သို့ရာတွင် သူသည် ယနေ့ ဆေးရုံသွားရာ လမ်းတစ်လျှောက်တွင် သူမအား မလျော်မကန် ဆက်၍ ထိကိုင်နေခဲ့၏။ အထိအတွေ့များမှာ ဟိုလိုလို ဒီလိုလိုသာဖြစ်၍ မသိသာလေရာ သူမအား စောဒကတက်ရန် ခက်စေသည်။ အထူးသဖြင့် သူမသည် မိန်းကလေးတစ်ယောက်ဖြစ်ရာ ကျန်ရှ၏ ခွန်အားကို မယှဥ်နိုင်သည့်အပြင် သူမသည် လုံးဝ မတိုက်ခိုက်တတ်ပေ။ လမ်းတစ်လျှောက်ရှိ လမ်းသွားလမ်းလာများက သူမတို့အား မေးငေါ့၍ သူမသည် အသက်ငယ်လွန်းသော်လည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားလေးစားမှု မရှိဟု ပြောဆိုနေကြသည်။ ၎င်းက သူမအား လုံးလုံးလျားလျား အရှက်ရစေ၍ သူမ၏ မျက်နှာအား ကွယ်စရာနေရာလည်း မရှိခဲ့။
ကျင်းယွင်ကျောင်းကမူ နောက်ပိုင်း၌ ဤကိစ္စများဖြစ်ပျက်ခဲ့ကြောင်း မသိပေ။ သူမ၏ အာရုံသည် ကိစ္စကြီးကြီးမားမား တစ်ခုဖြစ်ပျက်တော့မည်ဆိုသည့် မှတ်ဥာဏ်ဆီသို့ ပြောင်းသွား၏။
ဟွားနင်ခရိုင်အား ရှေးဟောင်းအမွေအနှစ်များ အတော်လေး ကြွင်းကျန်ရစ်သည့် ခရိုင်တစ်ခုဟု မှတ်ယူကြသည်။ သူမ၏ အတိတ်ဘဝတွင် ဤအချိန်ဝန်းကျင်လောက်၌ ရှေးဟောင်းပစ္စည်းရောင်းသူတစ်ဦးသည် ရှေးဟောင်းပစ္စည်းများအကြောင်း နားမလည်သည့် အလုပ်သမားတစ်ယောက်ဆီမှ ကြွေထည်ပစ္စည်းတစ်ခုကို ယွမ်တစ်ထောင်နှင့် ဝယ်ခဲ့၏။ ထိုသတင်းသည် နင်းရှန်မြို့မှ ဂုဏ်သတင်းမြင့်မားသည့် ဆွေကြီးမျိုးကြီး အကြီးအကဲတစ်ယောက်၏ နားသို့ ပေါက်သွားသည်။ ထိုအကြီးအကဲသည် ရှေးဟောင်းပစ္စည်းများစုဆောင်းရသည်ကို နှစ်သက်၏။ ထိုကြွေထည်ပစ္စည်းအား တန်ဖိုးဖြတ်ပြီးနောက် သူက ထိုကြွေထည်ပစ္စည်းသည် အမှန်တကယ်ပင် မင်ဟုန်ဝူ၏ ကြွေခရားဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွား၍ ၎င်းအား ဝယ်ရန် ယွမ်နှစ်သန်းကျော် အသုံးပြုသွားခဲ့သည်။
ထိုသတင်း ပြန့်နှံ့သွားပြီးနောက် ချောင်ဝေ့မင်သည် သနားစရာကောင်းစွာပင် ဆွဲဆွဲငင်ငင်ငိုကြွေးနေတော့၏။ အကြောင်းမှာ ထိုအလုပ်သမားသည် ထိုကြွေခရားအား ရောင်းချရန်အတွက် ချောင်ဝေ့မင် မနက်စာသွားစားနေကျ စျေးငယ်လေးဆီသို့ မကြာခဏ သယ်လာတတ်သည်။ သူသည် ၎င်းကို သူ၏ မျက်လုံးများဖြင့် မြင်ခဲ့ရုံသာမက ထိုအလုပ်သမားအား ငွေအကြောင်းကို ရူးသွားသည်အထိ တွေးနေသည်ဟုပင် လှောင်ပြောင်ခဲ့၏။
ချမ်းသာမည့်အခွင့်အရေးတစ်ခုသည် ကောင်းကင်မှပြုတ်ကျလာခဲ့သည်ကို နောက်ကျမှ သိခဲ့ရခြင်းက သူ့အား နောင်တရစေ၍ ညပေါင်းများစွာ မအိပ်နိုင်ဖြစ်ခဲ့ရသည်။ သူသည် ထိုအကြောင်းအား အိမ်၌ ကြိမ်ဖန်များစွာပင် ပြောဆိုခဲ့၏။
ယခုလက်ရှိတွင် ကျင်းယွင်ကျောင်း၌ စုမိငွေ ယွမ်သုံးသန်းခန့်ရှိသည်။ ၎င်းက သေးငယ်သည့် ပမာဏ မဟုတ်သော်လည်း အများကြီးလို့တော့ ပြော၍ မရပေ။
သူမ၏ ဘဝအသစ် ဤအချိန်၌ ရှေးဟောင်းပစ္စည်းရောင်းဝယ််သူက ထိုကြွေခရားကို မဝယ်ယူရသေးပေ။ အဘယ်ကြောင့် သူမသည် ဤကဲ့သို့သော အခွင့်အရေးအား လက်လွှတ်ပေးရမည်နည်း။
သူမ သိထားသည်များအရလည်း စျေးငယ်လေး၌ ထိုအလုပ်သမားသည် တစ်လကျော်ကြာအောင် နေထိုင်သွားခဲ့သည်။ အကယ်၍ သူမသာ စောစောသွားလျှင် တစ်ဖက်လူနှင့် တွေ့နိုင်မည်မှာ အသေအချာပင်။
ဤအထိ တွေးနေရင်း ကျင်းယွင်ကျောင်း၏ မျက်လုံးများက ပြုံးယောင်သမ်းလာသည်။
ထိုနေ့ ကျောင်းဆင်းသောအခါ သူမသည် နင်းရှန်မြို့သို့ ကားစီး၍ ပြန်လာခဲ့၏။ သို့ရာတွင် သူမ သွားလိုရာနေရာသို့ ရောက်သောအခါ ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။ သူမ၏ တစ်ခုတည်းသော ရွေးခြယ်စရာမှာ ညဘက်တည်းရန် မိုတယ်တစ်ခုရှာ၍ နောက်နေ့ မနက်ခင်းကျမှ စျေးငယ်လေးသို့ သွားရန်ဖြစ်၏။
ကျင်းယွင်ကျောင်း ရွေးလိုက်သော မိုတယ်သည် စျေးငယ်လေး၏ ဘေးတွင်သာ ရှိသည်။ သူမသည် သူမ၏ အခန်းပြတင်းပေါက်မှ ငုံ့ကြည့်လိုက်ရုံနှင့် စျေးကို မြင်နိုင်၏။ ထိုအပေါ်စီးမှနေ၍ သူမသည် စျေးအတွင်းရှိ လှုပ်ရှားသွားလာမှုအားလုံးကိုလည်း မြင်နိုင်သည်။
ထို့ကြောင့် ဒုတိယနေ့တွင် ကျင်းယွင်ကျောင်းသည် ပစ္စည်းကို သယ်လာသည့် အလုပ်သမား ရောက်လာမှသာ အောက်သို့ဆင်းလာခဲ့၏။