Chapter 88 : အပြင်လူတစ်ယောက်အား ကူညီခြင်း
ချောင်ဝေ့မင်သည် ကုတ်အင်္ကျီတစ်ထည်နှင့် ဖိနပ်အပါးများကို ဝတ်စားထားပြီး၊ သူ၏ စတိုင်ဘောင်းဘီမှာ တွန့်ကြေနေကာ ခါးပတ်ကလည်း အဆီအငေါ်မတည့်ဖြစ်နေ၏။ သူ၏ ဆံပင်များမှာ ဆီများ ရွှဲနစ်ကာ ရှုပ်ပွနေသည်။ သူ၏ အမွေးအမျှင်များ မရိတ်ထားသည့် မျက်နှာနှင့်သာ ပေါင်းလိုက်ပါက သူ၏ အသွင်အပြင်တစ်ခုလုံးသည် သူ့ကို သိနှင့်ပြီးသားသူများကိုပါ ထိတ်လန့်ကြောက်ရွံ့သွားစေမည်မှာ အသေအချာပင်။
များသောအားဖြင့် ချောင်ဝေ့မင်သည် အိမ်တွင် နေ့တိုင်း အချောင်ခိုနေသော်လည်း သူသည် အမြဲတမ်း သူ့ကိုယ်သူ ရှယ်ယာရှင်ကြီးတစ်ယောက်ဟု အထင်ရောက်နေလေ့ရှိသည်။ သူ အိမ်မှ ထွက်သည့်အခါတိုင်း သူသည် သပ်သပ်ရပ်ရပ် ဝတ်စားတတ်၍ မကြာခဏပင် သူ၏ စကားလုံးများအား လေးနက်သယောင် ဟန်ဆောင်တတ်၏။ ပုံမှန်အားဖြင့် သူသည် ယနေ့ကဲ့သို့ လမ်းပေါ်မှ အရက်သမားတစ်ယောက်နှင့် တူနေလိမ့်မည်မဟုတ်ပေ။ သူ၏ ချဥ်စူးသော အနံ့အသက်များသည် အခြားသူများ သူ့အနီးသို့ ကပ်မလာခင်မှာပင် ရနေ၏။
ယခုအချိန်တွင် ချောင်ဝေ့မင် မည်မျှ အံ့သြတုန်လှုပ်နေသည်ကိုလည်း မည်သူမှ သိမည်မဟုတ်ပေ။
သူသည် တစ်စုံတစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ထိုသူက ကျင်းယွင်ကျောင်းသည် အဖိုးကြီးလီ၏ ကြွေခရားကို ယွမ်နှစ်သိန်းနှင့် ဝယ်လိုက်ကြောင်း သူ့အား ပြောပြခဲ့သည်။
ယွမ်နှစ်သိန်း။ ထိုအယုတ်တမာမ၏ လက်ထဲတွင် ထိုမှများပြားသော ငွေများ မည်သို့ရလာသနည်း။
ချောင်မိသားစု၏ ဘဏ်စုငွေမှာ သန်းနှင့်ချီ၍ ရှိသော်လည်း ထိုငွေများအားလုံးသည် သူ ကိုင်ထားသည်သာ ဖြစ်၏။ ကျင်းယွင်ကျောင်း မဆိုထားနှင့်၊ သူ၏ သားနှင့်သမီးပင်လျှင် ပိုက်ဆံမသုံးရချေ။
ဤသို့ဆိုလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူမသည် အခြားသူများထံမှ ငွေများလိမ်လည်လာခြင်း ဖြစ်လိမ့်မည်။
အမှန်ပင်၊ သူသည် ငွေများ မည်သည့်နေရာမှလာသည်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ ထိုငွေများအားလုံးသည် ချောင်မိသားစု၏ ပိုင်ဆိုင်မှုများ ဖြစ်လာသင့်သည်။ သို့သော် ထိုအစား သူမက ၎င်းတို့ကို အဖိုးကြီးလီကို ပေးလိုက်သည်တဲ့လား။ သူမမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။
ချောင်ဝေ့မင်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာ၍ သူမ၏ ရှေ့သို့ ချက်ချင်း ရောက်လုနီးပါးပင်။ ထို့နောက် သူသည် သူမဆီမှ ကြွေထည် ရှေးဟောင်းပစ္စည်းကို လုယူချင်သောကြောင့် လက်ကို ဆန့်ထုတ်လိုက်သည်။
"ဒီလိုမျိုး ကြွေထည်ခရားက ယွမ်နှစ်သိန်း ကျတယ်တဲ့လား။ ငါ သင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခွဲပစ်မယ်"
သို့ရာတွင် သူ၏ လက်ချောင်းများက ကြွေထည်ကို ထိမိလိုက်သည်နှင့် ကျင်းယွင်ကျောင်းက သူမ၏ ခန္ဓာကိုယ်ကို ဘေးသို့လှည့်၍ ရှောင်လိုက်သည်။ ချောင်ဝေ့မင်သည် တစ်စုံတစ်ခုအား ခလုတ်တိုက်မိသကဲ့သို့ ခံစားလိုက်ရပြံး မြေကြီးပေါ်သို့ 'ဘမ်း' ခနဲ ပစ်လဲကျသွား၏။
အဖိုးလီသည် တုန်လှုပ်နေ၍ အံ့အားသင့်နေသော်လည်း အလျင်အမြန်ပင် ထသွားလိုက်ပြီး သူ့အား ကူ၍ ထူမပေးလိုက်သည်။
သို့သော် ချောင်ဝေ့မင်၏ မျက်လုံးထဲတွင် ငွေကိုသာ မြင်တော့၏။ ထို့ကြောင့် သူသည် အဖိုးလီ၏ လက်မောင်းများကြားရှိ စာအိတ်ကို လက်လှမ်းယူရန် ထပ်မံ၍ ကြိုးစားလိုက်ပြန်သည်။
စာအိတ်က သူ၏ လက်ချောင်းများကြားသို့ ရောက်သွားသည်နှင့် ကျင်းယွင်ကျောင်းက သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏။
"ရှင့်ကို လုယက်မှုနဲ့ ထောင်ထဲ ထည့်ပစ်မယ်"
ကျင်းယွင်ကျောင်းသည် ခံစားချက်မရှိသော မျက်နှာသေနှင့် ဖြစ်သော်လည်း သူမသည် ချောင်ဝေ့မင်၏ လက်ကို ဆုပ်ကိုင်ထားရာ၌ ကြီးမားသော ဖိအားကို တိတ်တဆိတ် အသုံးပြုထားရာ ရလဒ်အနေနှင့် ချောင်ဝေ့မင်သည် ပြင်းပြင်းထန်ထန် နာကျင်စွာ သံရှည်ဆွဲ ညည်းညူနေတော့သည်။
"နင် ငါ့လက်ကို ချိုးပစ်ဖို့ကြိုးစားနေတာလား၊ ပုပ်သိုးနေတဲ့ အယုတ်တမာမ။ လွှတ်စမ်း"
ချောင်ဝေ့မင်သည် မချိမဆံ့နာကျင်မှုအား ကြံ့ကြံ့ခံရန် နှုတ်ခမ်းကိုကိုက်ရင်း ထိုစကားလုံးများအား မနည်းဖျစ်ညှစ်၍ ပြောလာ၏။ သို့သော် ပို၍ အရေးကြီးသည်မှာ သူသည် အလွန်အံ့အားသင့်နေသည်။ သူသည် ကျင်းယွင်ကျောင်း၌ လူသန်ကြီးကဲ့သို့ ခွန်အားမျိုးရှိကြောင်း တစ်ခါမှ မသိခဲ့ပေ၊ သူ၏အရိုးများကြေမွသွားလောက်ပြီဟုပင် ထင်နေမိ၏။
ကျင်းယွင်ကျောင်း၏ ပိန်ပါး၍ သန့်ရှင်းသော လက်များကို ကြည့်ရင်း ထိုလက်တစ်စုံတွင် ဤမျှများပြားသော ခွန်အားရှိကြောင်း မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ယွင်ကျောင်းသည် ချောင်ဝေ့မင် သူမအား ထင်နေသကဲ့သို့ နာခံမှုမရှိချေ။ သူမသည် သူမ၏ လက်ကို သူ၏ လက်ကောက်ဝတ်ရိုးပေါ်သို့ အားထည့်၍ ဖိချလိုက်သည်။ ထိုနာကျင်မှုသည် သူအတွက် အလွန်ပြင်းထန်လှသည်ဖြစ်ရာ သူကိုယ်တိုင်ပင် သူ၏ လက်များကို အတင်းအကြပ် ပြန်လည်ဆွဲယူသည်အထိပင်။ ထိုအခါ သူ၏ လက်များ နောက်ပြန်မဆွဲယူသွားခင် ကျင်းယွင်ကျောင်းက အခွင့်ကောင်းယူလိုက်ပြီး စာအိတ်ကို အဖိုးလီ၏ လက်မောင်းများကြားထဲသို့ ပြန်ထည့်ပေးလိုက်သည်။
"ဦးလေး၊ ပိုက်ဆံတွေကို လုံလုံခြုံခြုံ သိမ်းထားသင့်တယ်။ ကျွန်မတို့အရောင်းအဝယ်က ပြီးသွားပြီဆိုတော့ ဒီပိုက်ဆံတွေကို ဦးလေးပိုင်သွားပြီ၊ ဦးလေး ဒါကို ရဲတိုင်တာက ပိုသင့်တော်လိမ့်မယ်။ ပမာဏက မနည်းတော့ တကယ်လို့ သူခိုးတွေ ပြစ်ဒဏ်ချခံရရင်တောင် သူတို့ ထောင်ထဲမှာ နှစ်တော်တော်ကြာအောင် နေရမှာပဲ"
ကျင်းယွင်ကျောင်းက ခြိမ်းခြောက်လိုက်၏။
ချောင်ဝေ့မင်သည် သူမ၏ စကားများကြောင့် ဒေါသထွက်သွားသည်။
"ဘာလို့ ဒီငွေတွေက သူ့ဟာဖြစ်ရမှာလဲ။ အဲဒါ ငါ့ဟာ"
ချောင်ဝေ့မင်က အော်ဟစ်လိုက်သည်။
ကျင်းယွင်ကျောင်းက သူ၏ အော်သံကို ကြားသောအခါ သူမသည် ဒေါသထွက်မသွားပဲ ထိုအစား ရယ်မောလိုက်၍ ထပ်မံ လှောင်ပြောင်လိုက်၏။
"ရှင့်ဟာ ဟုတ်လား။ ရှင် ကျွန်မကို ဟာသလုပ်နေတာ မဟုတ်တာ သေချာရဲ့လား"
ထိုကိစ္စများသည် ယခင်ကတည်းက သူမနေသားကျနေပြီဖြစ်၏။ အကယ်၍ သူမသည် သူတို့အပေါ် ကျေးဇူးကြွေးတင်နေလျှင်တောင်မှ အတိတ်ဘဝက သူတို့အတွက် သူမရှာပေးခဲ့သော ပိုက်ဆံများဖြင့် သူမ၏ အကြွေးကို ဆပ်ပြီးသင့်ပြီဖြစ်သည်။
"ဒီငွေက ဘာလို့ ငါ့ဟာ မဟုတ်ရမှာလဲ။ ငါ အခု နင်က ကျေးဇူးကန်းတဲ့သူတစ်ယောက်ဆိုတာ သိသွားပြီ။ ဒီနှစ်တွေအတွင်းမှာ ငါ နင့်ကို စားစရာ၊ နေစရာနဲ့ကျောင်းစရိတ်အတွက် ထောက်ပံ့ပေးဖို့ ပိုက်ဆံတွေဘယ်လောက် ကုန်ခဲ့လဲဆိုတာ လူတိုင်း သိတယ်။ နင် နင့်ရဲ့ကျေးဇူးသိတတ်မှုကို ဘယ်လို ဖော်ပြရမှန်းမသိရင်လည်း ရတယ်၊ ဒါပေမယ့် နင် မိသားစုရဲ့ငွေတွေကို အပြင်လူတွေဆီ မပေးသင့်ဘူး"