Chapter 89 : ကျေးဇူးကြွေး
ချောင်ဝေ့မင်က သူသည် အခက်အခဲများစွာကို ရင်ဆိုင်၍ ကျင်းယွင်ကျောင်းအား မြေတောင်မြှောက်ပေးခဲ့ရသကဲ့သို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသောဟန်ပန်ကို ထိန်းသိမ်းထားကာ အံ့သြထိတ်လန့်နေဟန်ဖြင့် သူ၏ မျက်နှာပေါ်တွင်လည်း ရိုးသားသော ပုံဖမ်းထားသေးသည်။
"ကျွန်မရဲ့ကျောင်းစရိတ်တွေကို ပေးခဲ့တယ်လို့ ရှင်ပြောလိုက်တာလား။ ကောင်းပြီလေ၊ ဒါဆိုလည်း ကြည့်ကြတာပေါ့။ ရှင် ကျွန်မရဲ့ကျောင်းစရိတ်ကို ဘယ်နှစ်က နောက်ဆုံးပေးခဲ့လဲဆိုတာ ကျွန်မ သိပါရစေလား။ လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်တုန်းကလို့တော့ မပြောနဲ့နော်"
ကျင်းယွင်ကျောင်း၏ မျက်လုံးများက ရယ်မြူးရိပ်များဖြင့် တောက်ပနေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ဖြင့် မေးလိုက်၏။
ချောင်ဝေ့မင်သည် မတ်တပ်ရပ်နေရင်း ကြောင်အ,သွားသည်။ သူသည် သူမ၏ စောဒကတက်မှုကို ငြင်းပယ်လိုက်ချင်သော်လည်း ကျင်းယွင်ကျောင်း မူလတန်းစတက်ပြီး သုံးနှစ်ကြာသည်အထိ သူမ၏ ကျောင်းစရိတ်အတွက် ပိုက်ဆံအနည်းငယ် ကုန်ကျခဲ့ဖူးသည်ကိုသာ ရုတ်တရက် သတိရသွား၏။ ထို့နောက်မှစ၍ သူသည် သူမနှင့်ပတ်သတ်၍ တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။
"အဲဒါကို ထည့်မတွက်ရင်တောင် ငါ နင့်ကို ကျွေးမွေးပျိုးထောင်ပေးခဲ့တာပဲ"
ချောင်ဝေ့မင်က သူမှားနေသည်ဟု မတွေးမိသေးဘဲ ဆက်ငြင်းလိုက်၏။
"ရေတစ်စက်ပဲဖြစ်ဖြစ်၊ ဆန်တစ်စေ့ပဲဖြစ်ဖြစ်၊ ဒါလည်း ကြင်နာမှုပဲ မဟုတ်လား"
"ဒါဆိုရင် ဒါကိုရော ကြင်နာမှုကို ယူဆနိုင်သေးတာလား"
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက သွေးကြီးသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူမ၏ မျက်ဝန်းထောင့်စွန်းလေးက အဓိပ္ပါယ်မဖော်နိုင်သော ဆိုလိုရင်းတစ်ခုကို သယ်ဆောင်လာ၏။
"ဒီကိစ္စမှာ ၊ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... ...ကျွန်မ မှတ်မိတာသာ အမှန်ဆိုရင် ကျွန်မ စာကို ဘယ်လိုရေးရမလဲ မသင်ရသေးခင်မှာတောင် မီးဖိုချောင် ဘယ်လိုဝင်ရမလဲနဲ့ အဝတ်တွေ ဘယ်လိုလျှော်ဖွပ်ရမလဲဆိုတာကိုတော့ သင်ပြီးသွားပြီ။ အဲဒီအချိန်ကစပြီး ကျွန်မ ချောင်မိသားစုကနေ ထွက်သွားတဲ့အချိန်အထိ ဒီနှစ်တွေ အားလုံးမှာ ကျွန်မရဲ့အလုပ်တွေကို ကောင်းကောင်းမပြီးတာနဲ့ အပြစ်ပေးခံရတယ်။ အလုပ်တွေ ကောင်းကောင်းပြီးတဲ့အခါမှာလည်း ခွင့်ပြုချက်ယူရတယ်။ မှတ်မှတ်ရရ တစ်နှစ်က၊ ကျွန်မ အဝတ်လျှော်ရင်းနဲ့ မတော်တဆ ချောင်ဟုန်ယဲ့ အကြိုက်ဆုံး ပန်းပွင့်ဂါဝန်လေး ပျက်ဆီးသွားတယ်။ ရှင်က ကျွန်မကို တစ်ညလုံး လေသာဆောင်မှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးခဲ့တယ်။ ကျွန်မ အဖျားတက်ပြီး မေ့လဲသွားတော့ ရှင်က ကျွန်မကို ရေအေးတစ်ပုံးနဲ့ ပက်ပြီး နှိုးခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မ တစ်ပတ်လောက် ဖျားခဲ့တယ်။ တကယ်လို့ အိမ်နီးချင်းတွေကသာ ကျွန်မကို ဆေးတွေ တိတ်တိတ်လေးခိုးပြီး မပေးခဲ့ရင် ဒီနေ့ ကျွန်မ အသက်ရှင်ရက် ရှိနေဖို့တောင် မသေချာဘူး"
"နိဂုံးချုပ်ရရင် ရှင်က ကျွန်မကို ကိုးနှစ်ကြာအောင် ကျွေးမွေးခဲ့ပြီး သုံးနှစ်ကြာအောင် ကျွန်မအတွက် ကျောင်းလခပေးခဲ့တယ်။ ကျွန်မလည်း ဆယ်နှစ်နီးပါး ချောင်မိသားစုအတွက် ခွေးတစ်ကောင်လို အလုပ်လုပ်ပေးခဲ့ပြီး ဆယ်နှစ်ကျော်ကြာတဲ့အထိ မရေမတွက်နိုင်အောင် အရိုက်အနှက်ခံ၊ အပြောခံအဆိုခံခဲ့ရတယ်၊ တစ်ခါမှ ဝဝလင်လင် မစားခဲ့ရဘူး။ ဟုတ်သားပဲ၊ ကျွန်မ ပြောဖို့ တစ်ခုကျန်နေသေးတယ်"
ကျင်းယွင်ကျောင်း၏ အသံသည် ထိုအရာများအားလုံးက သူမနှင့် မဆိုင်သကဲ့သို့ တည်ငြိမ်နေသည်။
"ရှင့်ရဲ့ နှိပ်စက်တဲ့နည်းလမ်းတွေကြောင့် ကျွန်မရဲ့ခန္ဓာကိုယ်ပေါ်မှာ ကျန်နေခဲ့တဲ့ ဒဏ်ရာအမာရွတ်တွေကိုပြပြီး ရှင့်ကို ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲလို့ ရနိုင်လား ကျွန်မ မသိဘူး"
အတိတ်ဘဝတွင် ချောင်ဝေ့မင်နှင့် ယဲ့ချင်သည် သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်ခဲ့ကြသည်။ သူတို့သည် လူများက သူတို့အား တာဝန်မသိတတ်ဟု ဝေဖန်ကြမည်ကို ကြောက်ရွံ့ကြ၏။ ထို့ကြောင့် သူတို့သည် သူမအား အများဆုံးအနေနှင့် ဒဏ်ရာအချို့ ရစေရုံသာ လုပ်ကြသည်။ မိနစ်အနည်းငယ်ခန့် နာကျင်မှုအား ခံစားစေပြီးနောက် လွှတ်ပေးကြ၏။
သို့ရာတွင် သူမသည် ငယ်စဥ်အခါက သူတို့အား အရှုံးပေးရန် တွန့်ဆုတ်ခဲ့သည်။ သူမသည် အကြိမ်အနည်းငယ်ခန့် ပြန်လုပ်ရန် ကြိုးစားခဲ့သော်လည်း ချောင်ဝေ့မင်၏ ဒေါသသင့်၍သာ အဆုံးသတ်ခဲ့ရ၏။ ချောင်ဝေ့မင်က သူမ၏ လက်မောင်းပေါ်တွင် စီးကရက်မီးကျွမ်းရာ အမာရွတ်အချို့ ချန်ထားပေးခဲ့သည်။ တစ်ကြိမ်ကဆိုလျှင် သူသည် သူမ၏ ခြေထောက်များအား ဆောင့်ကန်ခဲ့ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော မှန်ကွဲစများပေါ်၌ ဒူးထောက်ခိုင်းခဲ့၏။
ယနေ့ထိတိုင်အောင် သူမ၏ အမာရွတ်များက ကြောက်စရာကောင်းနေဆဲပင်။
ထိုအကြောင်းအား ပြောသောအခါ ချောင်ဝေ့မင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။
"အဲဒီဒဏ်ရာတွေက နင်ငယ်ငယ်တုန်းက နင် နမော်နမဲ့နိုင်လို့ နင့်ဟာနင် ဒဏ်ရာရတာလေ"
ချောင်ဝေ့မင်က ချက်ချင်း ငြင်းပယ်လာ၏။
ကျင်းယွင်းကျောင်း၏ မျက်နှာပေါ်တွင် "ကျွန်မသိပြီးသားပါ" ဆိုသည့် အမူအယာတစ်ခုဖြတ်ပြေးသွားပြီး သူ့အား စက်ဆုပ်စွာဖြင့် ကြည့်လိုက်သည်။
"ဒီဒဏ်ရာတွေ ရအောင် လုပ်တဲ့သူက ကျွန်မ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဒီမှာ ရှိတဲ့လူတိုင်း သူတို့ရဲ့စိတ်ထဲမှာ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိကြမှာပါ။ ဒီကမ္ဘာပေါ်မှာ အက်ရာမရှိတဲ့ နံရံဆိုတာ မရှိပါဘူး။ ရှင်က ကျွန်မကို ဒုက္ခပေးဖို့ ခေါင်းမာနေဦးမယ်ဆိုရင် ကျွန်မလည်း ပိုပြီး ယုံကြည်နိုင်လောက်တဲ့ သက်သေရှာဖို့ ကြိုးစားရမှာပဲ"
ချောင်ဝေ့မင်၏ ပါးစပ်က တွန့်လိမ်သွားပြီး သူ အလွန်ဒေါသထွက်နေကြောင်းကို ပြသနေ၏။
"နင် ဘယ်လိုတောင် ဆင်ခြင်တုံတရားမရှိတာလဲ။ ငါက နင့်အဖေနော်"
"မဟုတ်ပါဘူး။ ချောင် လူကြီးမင်း။ ရှင့်ကို ကျွန်မရဲ့အဖေအရင်လို့ မပြောနဲ့၊ ကျွန်မရဲ့ပထွေးလို့တောင် မသတ်မှတ်ထားဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုကို ထိန်းသိမ်းဖို့အတွက် ကျောင်းနဲ့ မြို့ရဲ့ အုပ်ချုပ်သူတွေကတောင် ကျွန်မကို လွတ်လပ်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်ကို ပျော်ပျော်ရွှင်ရွှင် ချပေးခဲ့တာ မဟုတ်လား။ အပြင်မှာကျတော့ ကျွန်မက အိမ်ကနေ နှင်ထုတ်ခံရတာလို့ ရှင်က လိုက်ပြောထားတာကိုလည်း ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျွန်မတို့ကြားမှာ ဘာပတ်သတ်မှုမှ ထပ်မရှိတော့တာမို့လို့ ရှင် ပိုက်ဆံမြင်တိုင်း ကျွန်မကို မျက်နှာလိုမျက်နှာရ လာမလုပ်ပါနဲ့"
ကျင်းယွင်ကျောင်းက သူ၏ မျက်နှာကို မထောက်ထားတော့ဘဲ အမှန်အတိုင်း ပြောလိုက်၏။
သူမ ထိုစကားများအား ပြောပြီးသည်နှင့် လူတိုင်း နားလည်သွားကြသည်။
အမှန်တရားမှာ ချောင်ဝေ့မင်က ကျင်းယွင်ကျောင်းအား အိမ်မှ ကန်ထုတ်ခဲ့ခြင်းမဟုတ်ဘဲ ချောင်ဝေ့မင်က သူမအား နှိပ်စက်ညှင်းပန်းနေကြောင်းကို ကျောင်းက သိရှိသွား၍ပင်။
အတိအကျဆိုရလျှင် သူမအစား ချောင်မိသားစုကသာ ကန်ထုတ်ခံရသူများ ဖြစ်သင့်သည်။
ဤနေရာမှာ မြို့ငယ်လေးတစ်မြို့သာ ဖြစ်ရာ အနည်းဆုံးတော့ ချောင်မိသားစုသည် ကျင်းယွင်ကျောင်းထက် သူတို့၏ သားသမီးများကို ပို၍ မျက်နှာလိုက်တတ်ကြောင်းကို မြို့ရှိ လူတိုင်း သိသွားကြလိမ့်မည်ဖြစ်၏။ ၎င်းက ဘယ်တုန်းကမှ လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့သော်လည်း သူတို့သည် ထိုမျက်နှာလိုက်မှုက ဤကဲ့သို့ ဆိုးရွားလှသော ကိစ္စများဖြစ်ပျက်သွားသည်အထိ ဦးတည်နေလိမ့်မည်လို့တော့ တစ်ခါမှ မထင်မိခဲ့ကြချေ။
ကျင်းယွင်ကျောင်းအား ကြည့်ရသည်မှာ သူမ၏ ခန္ဓာကိုယ်သည် ပိန်လွန်းသဖြင့် အချိန်မရွေး လေထဲလွင့်ပါသွားတော့မည့်အလားပင်။ သူမသည် ယခင်က တစ်ခါမှ ဝဝလင်လင် မစားခဲ့ရဟူသော ပြောစကားက ပို၍ ပို၍ပင် ယုံကြည်စရာဖြစ်လာသည်။